သင်သည် အသဲကွဲနေသူဖြစ်ပါက ဝင်ခွင့်ပြုမည်မဟုတ်

……………….အသဲ…………………………..အသဲ………………
…………….အသဲကွဲသူများ……………..အသဲကွဲသူများ…………
………….အသဲကွဲသူများမဝင်ရ…….အသဲကွဲသူများမဝင်ရ………
………..အသဲကွဲမည့်သူများမဝင်ရ.အသဲကွဲမည့်သူများမဝင်ရ……
………..အသဲကွဲမည်ထင်ရသောသူများမည်သူမဆိုဝင်မလာရ……
………….အသဲကွဲသူများသည်ဤနေရာသို့လုံးဝဝင်မလာရ………
………………မည့်သည့်အကြောင်းပြချက်ဖြင့်ပင်မဝင်ရ………….
…………………..အသဲမကွဲသူများကိုသာဝင်ခွင့်ပြု၏…………….
………………………အသဲကွဲသူများဝင်ခွင့်မပြုပါ…………………
……………………………အသဲကွဲခွင့်မပြုပါ………………………
………………………………..လုံးဝအသဲ………………………….
……………………………………မကွဲ…………………………….
……………………………………..ရ………………………………

(ကိုးဆယ့်တစ် ကဗျာ-မှ)

ကိုးဆယ့်တစ်ကဗျာစာအုပ်ထွက်ရှိခြင်း

PEM မှ စီစဉ်ထုတ်ဝေသော Ebook ကဗျာစာအုပ် “ကိုးဆယ်တစ်” ထွက်ရှိပါပြီ။

91

ဒီကဗျာစာအုပ်မှာ ပါဝင်တဲ့ကဗျာဆရာတွေကတော့

1. ကြက်သွန်
2. ခင်အောင်အေး
3. ဇာတိ
4. ဇေယျာလင်း
5. တည်ရ
6. တေလေ
7. nelay
8. နေည
9. နေ့သစ်
10. ပန်းချီ
11. ဖိုးခွား
12. မင်းယွန်းသစ်
13. မိုးလှိုင်ည
14. မိုးဝေး
15. မြတ်ဝေ
16. မောနွေ
17. မောင်ဖုန်းမြင့်
18. မောင်ယုပိုင်
19. မောင်ရင်ညို
20. မောင်လင်းရိပ်
21. မြေမှုန်လွင်
22. လင်းနီညို
23. လင်းရမ္မာ
24. လင်းဝေးခက်
25. လွန်းဆက်နိုးမြတ်
26. လေပြေ
27. လေပြေ (DOI)
28. သစ်ကောင်းအိမ်
29. သစ္စာနီ
30. သိုးထိန်း (အနိ္တမ)
31. သောတ

တို့ဖြစ်ကြပါတယ်။

Download Link : http://www.pemskool.org/wp-content/uploads/2010/09/pemskoolpdfpoetry-911.pdf

Reference : http://www.pemskool.org/

ကာလအတန်ကြာပိတ်ဆို့ထားသော လိုအင်ဆန္ဒ အင်္ဂါရပ်တွေ

သပ်သပ်ရပ်ရပ်.. ချဲ့ထွင်တာက စပြီး… စတင်ထွက်ခွာချိန်အထိ။ အရောင်အဆင်းမရှိ၊ အဲ့ဒိလို ပျက်ပျက်ကျနေတာတွေက ဆိုးတယ်။ မှန်ပြောင်းနှင့် ကြည့်မှ မြင်ရမယ့် ၎င်းတို့စိတ်အခြေအနေတွေ ငြိမ်သက်စွာ လှုပ်ရှားပေါင်းစပ်နေလေရဲ့။ ရှက်သွားမှာစိုးလို့ ကိုယ်တိုင်ကိုယ်ကျ မဲနက်ခြင်း ကုထုံးအသစ်တစ်ခု။ ပြတ်တောက်ပြီးမှ ဘာမှတန်ဖိုးမရှိတော့တဲ့ ရည်မှန်းချက်များ အားနည်းတဲ့အခါ..စွဲဆောင်မှုအားကောင်းတဲ့ ငြင်းဆိုခြင်းများက အခွင့်အလမ်း အဖြစ်ရှိနေပါသေးတယ်။ မျိုးစိတ်ဖြတ်စများသည် တဖြည်းဖြည်း ပြန်လှည့်သွားကြ၏။ အဆက်သွယ်ပြန်ရရင် ရုပ်မြင်သံကြားဟာ တနင်္ဂနွေထဲ ဘယ်တော့မှ ပြန်ခုန်ဆင်းမှာ မဟုတ်ဘူး။ ‘ဒုတိယအကြိမ်မြောက် ကမ္ဘာကြီး၏ နှင်းဆီစုံညီပွဲတော် သီချင်း’။ သုံးမြှောင့်ဖန်တုံးရဲ့ ဘယ်သူနဲ့မှ မတိုင်ပင်ထားတဲ့ မြို့ပြ။ ကျွန်တော်တို့ ခဏ ရပ်လိုက်ကြမှာလား ဆက်ပြီးဆော့ရအုံးမှာလား။ သစ္စာဖောက် ဖိနပ်တွေရဲ့ နွေတစ်ခင်းစာ မိုင်တိုင်များကို ဘယ်လိုသွား…။ ဂမ္ဘီရမာယာ ဘက်ထရီအိုးတွေ မျက်စိအောက်က အပျောက်မခံနိုင်အောင် စောင့်ရှောက် သကဲ့သို့..။ ဒါပေမယ့် သောင်ပြင်မှာ သူသိမ်မွေ့နေပုံကတော့ ကျောအသပ်ခံရတဲ့ ကြောင်သေတစ်ကောင်လိုပဲတဲ့။ အရာဝတ္ထုတွေကို သိမြင်မှုနဲ့ အဲ့ဒိသိမြင်မှုက သတ်မှတ်ထားတဲ့ စကားလုံးတွေကြားက ဆက်သွယ်နေမှုက ဓမ္မဓိဌာန်ကျပြီး ခိုင်မာမှုရှိရမယ်။ (၁) မှန်ကန်စွာ မှားယွင်းနေပါတယ်။ (၂) ရိုးသားစွာ ကောက်ကျစ်ခြင်း ဖြစ်ကြောင်း (၃)သတ်မှတ်ချက် ပြည့်မှီသော လိုအပ်ချက်များ စသည်တို့ ဖြစ်သည်။ ဝါကျအဆုံးတွင် ပုဒ်မကို ချန်ထားခဲ့သည်။ သင်ပေါင်မုန့်ဘယ်ဖက်က ထောပတ်သုတ်ထားသည်ကို သိထားလျှင် ချောမွေ့စွာ စခန်းသွားနိုင်မည်။ ဒီလူတွေ ယုံကြည်ထားသလို နှစ်ကာလများကို ခါယမ်းအန်ထုတ်ချင်သည်။ လွတ်ကျသွားသော ဖျားယောင်းသွေးဆောင်ခြင်းများ ဖြစ်၏။ ဒီမှတ်တိုင်ပြီးရင် နောက်ထပ်.. နောက်ထပ် မှတ်တိုင်များ။ ဆုံးရှုံးသွားပြန်ပြီ စက္ကူနာရီလေးတွေ၊ ကြေငြာချက်တွေနှင့် ဆိုက်ဒ်နံပါတ်ခပ်သေးသေး မတော်တရော် မိန်းကလေးများ ဖြစ်၏။ ပေါ်ပြူလာ ဧကဝုစ်ဝါဒကို စမ်းသောက်ကြည့်ရအောင်။ ခြားနားချက်များ၏ ရယ်ဒီမိတ် ၉၆ပါး ရောဂါများအတွက် တိတိကျကျ စမ်းသပ်မှုတစ်ခု မဟုတ်ပါဘူး။ ချို့ယွင်းနေသော အက္ခရာများရဲ့ မောင်းနှင်ချေဖျက်မှုတွေ တစ်စိတ်တစ်ပိုင်းပါတယ်။ ထပ်ကာ ထပ်ကာ နားထောင်တာ ၆၅ခါ မကတော့ဘူး။ ဒီလိုပါ ကျွန်တော် ပြောချင်တဲ့ အကြောင်းက ကိုယ်ချင်းစာတရားတွေနဲ့ ရက်လနှစ်တွေ အကြောင်း။ ‘နှုတ်ဆက်ပါတယ်၊ မနက်ဖြန်မှတွေ့ကြတာပေါ့’။ လွမ်းစရာကောင်းတဲ့ မျဉ်းကွေးရဲ့ ရှင်သန်ခြင်း နည်းလမ်းကို သိပ်စိတ်ဝင်စား လာကြတယ်။ အဟောင်းကိုပယ်ပြီး အသစ်ကို နေရာပေးသူ၊ လောလောဆယ်မှာ ခင်ဗျားက အသစ်ပေါ့။ ဝေးကွာခြင်း မှတ်တိုင်များကို သုတေသနပြုကြည့်ခြင်းဖြစ်ပါသည်။“ကျေးဇူးပြု၍ လူကြီးမင်းများ ခင်ဗျာ….”..။

ချစ်သော/မုန်းသော မေရီ

(၁)
မေရီ..
မှုန်တိမှုန်ဝါး ညနေခင်းတစ်ခုဆီမှာ
ဆွံ့ပျံ့ခြင်းတွေ ယှက်တွဲပြီး
ဟိုး…ခပ်ဝေးဝေးက ကြယ်ကို အတူတူ ကြည့်ဖူးခဲ့တယ်နော်..
လက်တံတွေ ကွေးနေတဲ့
မီးတိုင်မှိန်မှန် အောက်က
နတ်သမီးရုပ်ကလေးဆီမှာ ထိုင်ရင်း ငါ့ကို အိပ်မက်လှလှလေးတွေ ပေးခဲ့ဖူးတာပေါ့
မေရီ…
ရုန်းထွက်ဖို့ ခက်လွန်းလှပါတယ်ကွယ်..
ကျောင်းဝန်းထဲက အပြန်လမ်းတွေတိုင်းမှာ
တစ်ခုခုကျကျန်ခဲ့သလို ခြေလှမ်းတွေ လေးလံလွန်းခဲ့ရတယ်..
ဥတုနွေရဲ့ ပူလောင်ခြင်းတွေနဲ့ အတူ..
စိုးရိမ်ကြောင့်ကျ ခြင်းတွေရဲ့ အငွေ့သက်တွေနဲ့ အတူတူ…

(၂)
ငါ့ကမ္ဘာတစ်ခုလုံး မိုက်ပြာဝေသွားလောက်အောင်
မင်းရဲ့ အနမ်းတချက်က တတ်နိုင်လွန်းခဲ့တယ်…
လှည့်ဖျားခြင်း အက္ခရာတွေကို ဖတ်နိုင်ဖို့ ငါအဲ့ဒိလောက် မတတ်ကျွမ်းခဲ့ပါဘူး မေရီ..
တစ်ခြားတစ်ဘက် ဆီကိုလဲ လွင့်လွင့် နေတတ်တဲ့ မင်းကို
ငါဟာ ပုံပြင်ကောင်းကောင်းတွေ မပြောတတ်ခဲ့ပါဘူးကွယ်…
ဘာမှမဟုတ်ခဲ့ဘူး ဆိုပေမယ့်..
ငါ့အတွက်တော့ လေးနက်မှု တစ်ခုခုပေါ့…
ရင်နှင့်ခံစားပေးပါ မေရီ…
နားတွေ စွင့်ထားပေးပါ…
ခပ်ဝေးဝေးကို လှမ်းကြည့်သလို ခပ်နီးနီးကိုလဲ ဂရုပြုပြီး ကြည့်ပေးပါ…

(၃)
မေရီ…
အချစ်ဟာ ဂိမ်းတစ်ခုမဟုတ်သလို
ငါက မင်းရဲ့ ဇာတ်ကောင်တစ်ခုလည်း မဟုတ်ပါဘူး…
မထင်မှတ်ခဲ့ဘူးကွယ်… ငါဟာ ပြန်နိုးထဖို့ မတတ်နိုင်ခဲ့ဘူး…
မင်းကိုယ်မင်း မုဆိုးတစ်ယောက်လို့ထင်ခဲ့ရင်
ငါဟာ မင်းပစ်ခတ်နေကျ သားကောင်တစ်ကောင်ပဲ ဖြစ်ပါလိမ့်မယ်
မေရီ…
သိပ်ကိုအေးခဲခြောက်ကပ်လွန်းတယ်…
မင်းဟာ သွေးအေး လူသတ်သမား တစ်ယောက်လိုပါပဲ…။

(၄)
မေရီ…
မင်းရယ်နေတယ်လား…
မင်းရယ်သံမောသံတွေ ကြားတိုင်း
ငါ့နှလုံးသားမှာ တဆစ်ဆစ် နာကျင်ကိုက်ခဲလှတယ်..
ငါက အကောင်းဆုံး ပြက်လုံး တစ်ခု ဖြစ်နေခဲ့ရင်တောင်
ကျေးဇူးပြု၍ မေရီရယ်… ငါ့ရှေ့မှာ မရယ်ပါနဲ့…။

(၅)
ညရဲ့လမ်းမကြီး တလျှောက်….
တောတလျှောက် တောင်တလျှောက်…
ငါ့ ဒဏ်ရာတွေ သည်းထန်နေခဲ့ပါတယ်…
(ယုံချင်လဲယုံ မယုံချင်လဲ နေပါ မေရီ..)
ပေါ့ပါးစွာ နင်မေ့ပစ်နိုင်သလို
ငါလဲ ဖြစ်ချင်ပါရဲ့…
ငါ့ကို သင်ကြားပေးစမ်းပါ မေရီရယ်..
နင်သိပ်ပြီး ဉာဏ်ကောင်းပါတယ်.. မေရီ…

(၆)
ငါ့ကို ချယ်ရီတွေ မချစ်တတ်တော့အောင် သင်ပေးခဲ့တာ ဘယ်သူပါလဲ..
တိတိပပကြီး မရည်ရွယ်ခဲ့ဘူးတဲ့လား မေရီ..
ဒါပေမယ့် ငါကတော့ တိတိကျကျကြီး
ကွဲကြွေကျခဲ့ရတာ အမှန်ပါပဲ…
အနိုင်ယူချင်ယူလိုက်ပါ မေရီ
ဒိထက်ပိုပြီးလည်း ဆုံးရှုံးစရာ မရှိတော့လောက်အောင်ပါပဲ
အဲ့ဒိတုန်းက မင်းရဲ့ နှုတ်ထွက်စကားတွေဟာ အတုယောင် ဖြစ်ခဲ့တယ်ဆိုရင်တောင်
အဲ့ဒိအချိန်တုလေးကိုပဲ ငါမက်မောမိတော့တယ်..
ဒါစကားလုံးပါဒတွေ အလှဆင်နေတာ မဟုတ်ဘူး မေရီ..
ငါ့ဒဏ်တွေကို တစိတ်တပိုင်း ထုတ်ပြရုံပါပဲ…
မင်းထက်စာရင် ..ငါဟာ အဲ့ဒိလောက်လေးပဲ တတ်နိုင်တဲ့ ကောင်ပါ.. မေရီ..။

(၇)
ခွင့်လွှတ်ပါ မေရီ..
ငါမည်သည့် အစားထိုး ဆက်ဆံရေးမျိုးကိုမှ အလိုမရှိပါဘူး..
ငါဆိုးခဲ့ပြီးသား အရောင်တွေကို ပြန်လည် ဖုံးအုပ်ဖို့ မဖြစ်နိုင်ပါဘူး…
ငါက အရောင်တုတွေကို မုန်းတယ် မေရီ…

(၈)
ထစ်ထစ်ချုန်းချုန်းပါပဲ..
ကမ်းပါးသစ်ပင် ဖြစ်တဲ့ငါဟာ
တိုက်စားမှုဒဏ်ကို ခံချင်ခံရနိုင်ပါတယ်…
ငါခံနိုင်ရည် ရှိပါတယ် မေရီ..
ဒါပေမယ့် မင်းရဲ့ တိုက်စားမှုတွေက လွဲရင်ပေါ့လေ…

(၉)
မေရီ…
ငါကြားချင်တဲ့ အသံထွက်ဘာသာဗေဒတွေ
မင်းပေးနိုင်/မပေးနိုင် မသေချာခဲ့ဘူးနော်..
ငါကတော့.. နှုတ်ထွက်ဘာသာဗေဒတွေသာမက
အရိုးစွဲအောင်ပါ ချစ်မိနေပါပြီ…မေရီ…
ရှုပ်ခတ်နေတဲ့ အမှိုက်တစ်ခုလို့ ငါ့ကိုမြင်ချင်မြင်ပါ..
အပိုစာဒ တစ်ခုအဖြစ် မြင်ချင်မြင်ပါ..
ပြီးတော့ ရယ်စရာ ငအတစ်ကောင် အဖြစ်လဲ မြင်ချင်မြင်လိုက်ပါ…
ဘာပဲဖြစ်ဖြစ်ပေါ့ မေရီရယ်…
အနည်းဆုံး ငါဟာ မင်းနဲ့ပတ်သက်ရင် ရိုးသားစွာ ရှုံးနိမ့်နေရတဲ့သူပါ…
ငါဟာ မိုးမချုပ်ချင်ပဲ ချုပ်လိုက်ရတဲ့ ညနေခင်းတစ်ခုပေါ့….
မေရီ..
ငါလဲ အဲ့ဒိခံစားမှုတွေရဲ့ ဝေးရာထွက်ပြေးချင်ပါရဲ့ကွယ်..
ဒါပေမယ့် ငါ့အတွက် မင်းဟာ မူးယစ်ဆေးတစ်ခုလို.. ဖြတ်ဖို့ ခက်လှပါတယ်

(၁၀)
မင်းဟာ အတော်ဆုံး လိမ်ညာသူဖြစ်ရင်
ငါက အညံ့ဆုံး အလိမ်ခံရသူဖြစ်ပါတယ်
မေရီ…
ရွက်လွှင့် ထွက်ခွာသွားပြီးမှ ပြန်ရောက်လာမယ့်နေ့ကို မရေမရာ
စောင့်မျှော်နေရတဲ့ ပင်လယ်တစ်ခုလိုပါပဲ…
စုတ်ဖြဲသွားပြီးသား အချိန်တွေကို ပြန်လည်ဖာထေးဖို့ မဖြစ်နိုင်တော့ပါဘူး
မေရီ…မေရီ…မေရီ
မြည်တမ်းနေရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူးကွယ်…
ဒီလိုနဲ့….ငါ့နိဗ္ဗာန်ဘုံလေးတောင် ပျောက်ဆုံးသွားခဲ့ရတယ်..။

ရှုထောင့်ကွဲပြားမှု ဖြစ်စဉ်များရဲ့ အဓိပ္ပါယ်

ဒီပန်းချီကားကိုကြည့်ရတာ ဘာအရောင်မှ မပါဘူး…
မျက်မြင်သက်သေအဖြစ် မျဉ်းတားထားသော ဧရိယာများဖြစ်တယ်….။
လူ့မယဉ်ကျေးများ၏ ငွေကြေးနှင့် ပါဝါချိတ်ဆက်ထားသော စနစ်ဖြစ်သည်။
a2=b2+c2
ကိုယ်စားပြုနိုင်ခြင်း၏ ဆန့်ကျင်ဘက် သဘောတရားများကို တွန်းကန်ကြခြင်းဖြစ်၏။
မြို့ကြီးပြကြီးများရဲ့ အရသာဟာ ချွေးတလုံးလုံး ကျခြင်းပါပဲ…
လိမ္မာပါးနပ်စွာ နစ်မြုပ်နေသော မူကွဲရှိတဲ့ ဖွဲ့စည်းတည်ဆောက်ပုံဖြစ်ပါတယ်…
ကန့်သတ်မှုရှိတဲ့ လိုအင်ဆန္ဒတွေ ဖြစ်တယ်..
တပြိုင်နက်တည်းမှာပဲ..
ခြေလှမ်းများကို ရုတ်သိမ်း လိုက်ကြရတယ်…
ခပ်ဝေးဝေးကနေ တရိပ်ရိပ်နဲ့ မစိုက်ပျိုးရသေးသော ယာခင်းတွေဆီ…
ခုတ်မောင်းပြီးရင်းခုတ်မောင်း ရထားဟာ အိမ်ပြန်လမ်းတလျှောက်လုံး
အားကိုးရာမဲ့လာခဲ့ရသလို….
နှစ်ခုစလုံးမဟုတ်ခဲ့ဘူးဆိုရင် တစ်ခုပြီးတော့ တစ်ခု
မညီညွှတ်မှုတွေကို နားချအုံးမှပဲ..
ကာလအတန်ကြာတဲ့အထိ ကျွန်တော် ဘာတွေပြောနေခဲ့တာလဲ
ဒေသန္တရ ၏ ရိုးသားမှုများကို သွတ်သွင်းခြင်းလား
ပိတ်ဆို့ထားသော အရင်းမြစ်တွေ အကြောင်းလား
လိုက်ဖက်မှုမရှိတဲ့ ဘက်လိုက်မှုတွေလား
(သိပ်တော့ အရေးမကြီးတော့ဘူး ထင်တယ်)
အားလပ်ရက်တွေကို ဘွတ်ဖိနပ်ထဲ ထည့်ဝှက်ထားလိုက်ပါ..
အပေါစားရုပ်ရှင်လက်မှတ် တစ်စောင်၊ ဓာတ်ခဲကုန်နေတဲ့ ရေဒီယို (ဝါ) လေဒီယို၊
သောက်လက်စ ကော်ဖီတစ်ခွက်၊ ရေးလက်စ ဘလော့ဂ်ပို့စ်၊ ဇေယျာလင်းစာအုပ်နဲ့
သောက်ကောင်မလေး တစ်ယောက်အကြောင်း…
ဒီနေ့ထုတ် သတင်းစာလား…
ဒီနေ့ ကြာသပတေးနေ့ မဟုတ်ဘူးဗျ…
မကြာခင်..ဗူဗူဇီလာနဲ့ အာဖရိက ဘောလုံးပွဲတွေပေါ့ဗျာ..
၂၄လက်မတဲ့…သူလဲ မကြာခင်…မကြာခင်..
ထပ်ပြီး မပြောခင်မှာ ထပ်ပြီး မပြောဖို့ တိုက်တွန်းချက်များကို ကျွန်တော် ပယ်ချပါတယ်..
သူ့အသုံးတည့်မှုနဲ့သူ နားလည်ပေးနိုင်ရလိမ့်မယ်…
ရက်သတ္တပတ်သုံးပတ် ကြာမြင့်ခဲ့ပြီးပြီ…
မတို့ထိရသေးသော အချက်အလက်တွေကို သိမ်းထားတာတွေရှိတယ်..
အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းဟာ ခွေးအ တွေနဲ့ ဆင်ဆင် တူတယ်….
သစ်ပင်တွေကို တကယ်မချစ်တတ်ပဲ
ပတ်ဝန်းကျင် စိမ်းလန်းရေး ဟစ်ကြွေးနေတဲ့သူတွေကိုတော့ (လုံးဝ) အော်ဂလီဆန်တယ်။