အိပ်မက်တွေရှိတယ်

ဆိုးဆိုးဝါးဝါးပူသော နေရောင်ကြောင့် ကားဂိတ်ထဲတွင် အရိပ်ခိုနေပေမယ့် သိပ်တော့ထူးခြား မသွားပေ။ ဖြစ်ချင်တော့ ဒီနေ့မှ ရှပ်အကျီအကျီအမဲရောင် ဝတ်လာမိတယ်။ လှချင်လို့ ဝတ်တာတော့ မဟုတ်ဘူး အိမ်မှာ ဝတ်စရာ ဒါပဲကျန်တော့တယ်။ လျှော်ရမယ့် အဝတ်တွေ ရေချိုးခန်းထဲမှာ အပုံလိုက်။ တစ်ပတ်လုံး ဘာတွေ ရှုပ်လို့ ရှုပ်နေမှန်း မသိတဲ့ အလုပ်တွေနဲ့ မအားဘူးဖြစ်နေတာ။ ညက အိပ်ယာဝင်တာ အတော်လေး နောက်ကျသွားတယ်။ မနက် ငါးနာရီလောက်မှ အိပ်ဖြစ်တယ်။ မနက် ၁၁နာရီလောက် အိပ်ကောင်းတုန်း ဖုန်းဝင်လာတယ်။ အိမ်က ဖုန်း။ ဘဏ်ကို ငွေလွှဲလိုက်ပြီ ဆိုတဲ့အကြောင်း။ ခါတိုင်း ဆုံးမ စကားတွေ လာပြောနေရင် ပြောနေရင်း ဖုန်းကို ခပ်လှမ်းလှမ်းမှာ ခွာထားလိုက်ပြီး ဟလို ဟလို ကြားရလား.. မကြားရတော့ဘူး ဟလို … ဟု သုံးလေးခါ အော်ပြီး ရူးချင်ယောင်ဆောင်ကာ ဖုန်းချနေကျ။ ဒီနေ့တော့ ခါတိုင်းလို မဟုတ်ပဲ ငွေလွှဲလိုက်ပြီဆိုတဲ့ ဖုန်းဖြစ်နေတော့ အိပ်ချင်နေတဲ့ မျက်လုံးတွေ ဘာတွေကျယ်သွားပြီး တစ်လ တစ်ခါလောက် ပြောနေကျ လေသံချိုလေးနဲ့ လိမ်လိမ်မာမာ ပြန်ဖြေလိုက်တယ်။ ပြောရတာ မောသွားတယ် ထင်ပါရဲ့ ဒီနေ့ အဖေ အထွေထူး သိပ်မှာတမ်း မချွေတော့ဘူး။ Continue reading

ဧပရယ်လ်ပြခန်း

(က)
ပိတောက်တွေ ပွင့်နေကြပြီ..။ ဧပရယ်လ် လဖြစ်ပါသည်။ မိုးတွေလဲ တဖြိုက်နှစ်ဖြိုက် ရွာနေကြ၏။

(ခ)
နွေနေပူက သွေ့ခြောက် ပူလျလို့.။ တိတိရိရိ ကြွေနေတဲ့ သစ်ရွက်တွေဟာ ဟောဒိ မြေပြင်ပေါ်မှာ နာနာကျင်ကျင် ၀ါရော် နေကြတယ်။ ဧပရယ်လ်ကို ရောက်ခဲ့ပြန်ပြီပေါ့။ သက္ကရာဇ် တခုရဲ့ နောက်ဆုံး ဂဏန်းတခု တိုးသွား ပြန်ပြီပေါ့။ တစ်နှစ်ပြီး တစ်နှစ် ပြက္ခဒိန်တွေ သာ သစ်သစ်သွား ပေမယ့် ဘယ်တော့မှ မသစ်တော့သလို ဘယ်တော့မှ မဟောင်းသွားသေးဘူး ……..ဧပရယ်လ်။ နှလုံးသား တဆုပ်စာ မက ဒဏ်တွေက ဖရိုဖရဲ ပြန့်ကျဲနေတုန်းပါပဲ။ လွဲမှားမှု တွေနဲ့ ငါဟာ အခုထိ အံချော်နေ တုန်းပါပဲ။ အပိုအလျှံမရှိတဲ့ အတွက် စွဲမိစွဲရာ စွဲလမ်းမိတယ်ပဲ ထားလိုက်ပါတော့ ဧပရယ်လ်ရယ်။ ခပ်ဝေးဝေး လမ်းကလေးကိုမှ ကျေကျေနပ်နပ်ကြီး ရွေးလျှောက်ခဲ့မိသူပါ။ ဧပရယ်လ် ရယ်… ငါ့ရဲ့ အဝါရောင် ဧပရယ်လ်ရယ်.. အက္ခရာမဲ့ ပုံပြင်လေးတွေနဲ့ ပြာလဲ့လဲ့ အပြုံးတွေကို အမှတ်ရမိတယ် ကွယ်။ မှောင်မဲနေတဲ့ ခြောက်အိပ်မက်တွေထဲမှာ ငါလေ… တကြော်ကြော် အော်ခေါ်နေခဲ့ မိတယ်.။

“ဧပရယ်လ်ရေ… ဧပရယ်လ်..”

(ဂ)
ဥတုနွေရဲ့ နံနက်ခင်းဟာ ပူနွေး ကြည်သန့်နေတယ်။ ၀တ်ရုံသစ်လဲ ၀တ်ထားသလို ကောင်းကင် တခုလုံး မိုးတိမ်တွေ ကင်းပပြီး သစ်လွင် သားနားလို့ပေါ့။ April Fool Day တဲ့လား။ တခုတ်တရ အရူးလုပ်ခံလိုက်ရတဲ့ နေ့လေး တနေ့ ပါပဲ။ ဟင့်အင်း ဧပရယ်လ် တခုလုံးကိုက ငါ့ကို အရူးလုပ် ခဲ့တာပါ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ စွတ်စွတ်စို နေတဲ့ မိုးမကျနွေမကျ ရွာတဲ့ မိုးပြေးလေးရဲ့ သွန်းဖြိုက်မှု အောက်မှာ အရာအားလုံး အရှုံးပေးခဲ့ရဖူးတယ်။ အဲ့ဒိ ဧပရယ်လ်ဟာလေ သိပ်… အနိုင်ယူတတ်တဲ့ ကောင်ဆိုးမလေးပေါ့။

(ဃ)
အင်းယားမှာ အတာရေတွေ ရွှဲစိုနေတယ်။ ဒီလိုပါပဲ ဧပရယ်လ် အတွက် အလွမ်းတွေကလဲ ဟောဒိ ရင်ဘတ်ဆီမှာ ရွှဲရွှဲနစ်လို့…။ သူမဟာ ဘယ်တော့မှ ရပ်တန့် မသွားနိုင်တဲ့ ကျွန်တော့ရဲ့ အဝါရောင် နာရီလေးရယ်ပါ။ သူမအတွက် ဆိုရင် ကျွန်တော့် ညနေ တခုလုံး ခပ်ရဲရဲကြီး မှောင်မိုက် ပစ်ရဲပါတယ်။ ရူးနှမ်းတယ်လို့ ပြောချင် ပြောနိုင်ပါတယ်။ ဟုတ်ပါတယ် ကျွန်တော်ဟာ ဧပရယ်လ် အရူးတစ်ယောက် ပါပဲ။ ဧပရယ်လ် သိနိုင်ပါစေကွယ်..။

(င)
နွေရယ်..၊ ဧပရယ်လ်ရယ်၊ ပြီးတော့ တူးပို့တေးသံရယ်ပေါ့။ အဝါရောင်ရဲရဲတွေနဲ့ သူမဟာ ကျွန်တော်ကို ဖရိုဖရဲ ရင်လှပ်ခုန်ခြင်းတွေ နဲ့ ပြုစားပစ်ခဲ့တယ်။

(စ)
မျှော်လင့်ခြင်းတွေ တနိုင်တပိုင်မက ပေးပစ်ခဲ့တယ်။ ဖုန်းမြည်သံတွေ နွေအထပ်ထပ် ပဲ့တင် ခဲ့တာတောင် ပြန်လည် မဖြေကြားခဲ့ဘူး..။ နင်…ဘယ်များရောက်နေလဲ….ဧပရယ်လ် ရယ်..။ သက်ပြင်းတွေ ပွင့်အံခဲ့…၊ ပြီးတော့ ရင်မော လိုက်ရတာ…၊ ကျေးဇူး ပြုပြီး ကောင်မလေးရေ.. ငါ့ကို မလှည့်စား လိုက်ပါနဲ့နော်…။

(ဆ)

ဒီလိုနဲ့..၊ ဒီလိုနဲ့ပဲ.. တန်ခူးလဟာ ကြွေနွမ်းခဲ့ရပါတယ်။ အင်းယားမှာ အတာရေတွေ အစား မိုးတွေ သာ ရွာနေတော့တယ်။ ခပ်စွင့်စွင့် ပိတောက်တွေ တော့ မပွင့်ကြတော့ပါဘူး။ ဧပရယ်လ်ဟာ တိတ်တိတ်လေး ချန်ရစ်နေခဲ့တယ်..။ အလှပဆုံး မုသားတွေနဲ့ နင် ..သိပ်ရက်စက် လွန်းတယ်…. ။

(ဇ)
အစိမ်းရောင် ပိတောက် ပင်ကြီး အောက်မှာ သူရူး တယောက် ရှိ၏။ မိုးပေါက် ကလေးများနှင့် အပြိုင် သည်းထန်နေသော မျက်ရည်များလဲ ရှိ၏။ ထို့နောက် ကွဲအက်ကြေနေသော နှလုံးသား ဒဏ်ချက်တွေနဲ့ ကိုင်ဆုပ်ထား၏။ သူ၏ နှုတ်မှ တကြော် ကြော် ဟစ်ခေါ်နေသော် လည်း မိုးခြိမ်းသံများ ကြားတွင် မသဲကွဲပဲ ဖြစ်နေလေ၏။ မိုးသက်ငြိမ်သွား သောအခါ တုန်ရီနေသော အသံကို အတိုင်းသား ကြားလိုက်ရသည်။

“ဧ……ပရယ်…..ရေ”

ခေါင်းကျပ်ကြီး

လှထွန်း တစ်ယောက် ညကင်း ကျသဖြင့် အကျပ်ရိုက်နေလေသည်။ ခါတိုင်း သူ့ဆရာ တပ်ကြပ်ကြီး ရှိတုန်းက ဆို ညနေခင်းပိုင်း သူ့ဆရာကို ဘီအီး တလုံး တည်လိုက်ရင် ညကင်းစောင့် ရမည့် အစား ရုံးခန်းက အဖွဲ့များဖြင့် အေးအေး လူလူ ဂျူတီကျတတ်သည်။ အခုတော့ သူ့ဆရာကား လွန်ခဲ့သော တပတ်က ပင် တခြားနယ်မြို့သို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။ မသွားခင် သူ့ကို ကြက်ခြံ ၌ တာဝန်ချထားပေးခဲ့သည်။ ဖြစ်ချင်တော့ ကြက်ခြံမှာ သူနှင့် အတူတူ လုပ်ရသော တပ်သားမင်းမင်းမှာလဲ သူ့ကဲ့သို့ပင် သတ္တိခဲဖြစ်သည်။ သတ္တိခဲဆိုတော့ တကယ် မထင်လိုက်ပါနှင့် နှစ်ဦး စလုံး သရဲကို အလွန်ကြောက် တတ်သူများဖြစ်ကြသည်။

သူတို့သည် ညနေ ကြက်ခြံသိမ်းချိန်ပြီးသည်နှင့် ကြက်ခြံကို သေချာ သော့ခတ် ခဲ့ပြီး အလင်းရောင်ရှိသေးသော ညဦးပိုင်းမှ လွဲ၍ ညပိုင်း လုံးဝပင် ခြေဦးမလှည့်ကြပေ။ အကြောင်းမှာ ဝဲကျော်( နာမည်အရင်းက ရဲကျော်)က သူတို့ အလုပ်လုပ်သော ကြက်ခြံနားတွင် ညညဆိုလျှင် ခွေးများ အူသံကြားကြောင်း သူ့အိမ်ဘက်က ကြက်ခြံဘက် လှမ်းကြည့်လျှင် ကြက်ခြံ၏ ခေါင်မိုးထက်၌ မဲမဲအရာ တခုသည် အမြဲ လွင့်နေတတ်ကြောင်း ပြောထားခြင်း ကြောင့် ဖြစ်သည်။ ထို့ပြင် ထိုမဲမဲ အရာသည် ညဘက်ညဘက် အလွန် နာမည်ကြီးနေသော သရဲခြောက်သည်ဆိုသော တောင်ဘက် ကင်းမျှော်စင်မှ သရဲကြီး ဖြစ်ကြောင်း စသည်ဖြင့် ပြောသံကြားထား လေရာ ၎င်းတို့၂ယောက်မှာ ညပိုင်းဆိုလျှင် ထိုကြက်ခြံဘက်သို့ ယောင်လို့ ပင် ခြေဦး မလှည့်ဝံ့ကြပေ။

လှထွန်းသည် တခါက လူပျိုအဆောင်တွင်နေတုန်း အခန်းဖော်မှ သူ့ကို သရဲအယောင်ဆောင် စ ရာ ကြောက်ကြောက်နှင့် ခေါင်းရင်းမှ နံပါတ်တုတ်ဖြင့် အားကုန်လွှဲရိုက်ရာ ထိုအခန်းဖော်မှာ မနည်းလွတ်အောင် ပြေးခဲ့ရသည်။ ပြီးနောက် အခြားအခန်းများမှ လာကြည့်သောအခါ လှထွန်းမှာ ကြောက်လွန်း၍ တကိုယ်လုံး တုန်နေပြီး ပုဆိုးတခုလုံးလဲ သေးများပင် ရွှဲရွှဲစိုနေလေတော့သည်။ ထို့ကြောင့်ပင် လှထွန်းအား ဗန္ဓုလသားဟု နာမည်ပြောင် ပေးထားကြ၏။ မင်းမင်းသည်လဲ ထူးမခြားနား ပင် ဖြစ်သည်။ သူသည် လောလောလတ်လတ် မိန်းမယူ ထားသူဖြစ်သည်။ သို့သော် မိန်းမသာ ယူထားသည် လူက သရဲကြောက်တုန်း။ (အေးလေ မိန်းမရတာနဲ့ သရဲ ကြောက် တာ ဘာဆိုင်တာ မှတ်လို့)။ တညတော့ ညဘက်ကြီး အိမ်သာ ထတက်လေသည်။ ကိစ္စပြီးလို့ အိမ်သာထဲမှ ထွက်လာတော့ တံခါးပေါက်ဝ တွင် မြင်လိုက်ရသော မဲမဲအရိပ်ကြီးကို မြင်ကာ မင်းမင်း အလွန်သွေးပျက်သွားသည်။ သူမြင်လိုက်ရသည်မှာကား အလင်းရောင်ကို နောက်ခံပေးထားသော ဆံပင်ဖားယားနှင့် သရဲမကြီး တယောက်ကို ဖြစ်လေသည်။ သို့နှင့် လွန်စွာမှ သတ္တိကောင်းလှသော မင်းမင်းသည် နေရာ၌ပင် လန့်၍ တက်သွားလေရာ အိပ်ချင်မူးတူးနှင့် အပေါ့ထသွားသော သူ့မိန်းမခင်ဗျာ.. ဘေးအိမ်များကို အော်၍ အကူအညီတောင်းကာ မနည်း နှာနှပ် ယူရသည်။ ကိုယ့်မိန်းမကိုပင် သရဲမဟု ထင်လေလောက်အောင် ကြောက်တတ်သော မင်းမင်းမှာလဲ ဝန်ထမ်းများ ကြား နောက်စရာ တယောက် ဖြစ်နေလေသည်။

ထိုသတ္တိခဲကြီး ၂ယောက်မှ တိုက်တိုက်ဆိုင်ဆိုင် အတူတူ အလုပ်လုပ်ကြလေသည်။ ပြီးခဲ့သော အပတ်ကမှ အတွဲလိုက် အသစ်ပြောင်းလာကြသော အရာရှိနှင့် တပ်ကြပ်ကြီးသည် အစမို့လို့လား မသိ အလွန်စည်းကမ်း တင်းကြပ်လှသည်။ ခါတိုင်း သူတို့ ယူနီဖောင်းကို အောက်မှ ညှပ်ဖိနပ်ဖြင့် လွတ်လွတ်လပ်လပ် ရုံးတက်သော်လည်း ယခုမူ ထိုကဲ့သို့ အရာရှိ ရှေ့တွင် တွေ့ပါက ဝန်ထမ်းများအား လမ်းဘေးက ကောင်တွေ ဟု ကျိန်းမောင်း တတ်လေသည်။

ယခုလဲ ညကင်းမစောင့်တာ ၂လခန့်ကြာပြီ ဖြစ်သော လှထွန်းကို ခေါ်တွေ့ပြီး ယနေ့ ညကင်းစောင့် ရမည် ဖြစ်ကြောင်း ပြောလေသည်။ လှထွန်းမှာ ဘာပြောရမည် မသိ။ ထို့ထက် ဆိုးသည်မှာကား အလွန်တရာမှ နာမည် ကြီးလှသော တောင်ဘက် ကင

သူငယ်ချင်း

“နဲနဲ ငါ့အနားကပ်ထားပေးပါဟ”
သူငယ်ချင်းမ က ကျွန်တော့် လက်ကိုချိတ်ထားရင်း နောက်သို့ မသိမသာ လှည့်ကြည့်ရင်း ပြောသည်။ ဒီနေ့ ကျောင်းဆင်းချိန်တွင် ကျွန်တော်က သူ့ရည်းစား အယောင်ဆောင်ပေးရခြင်းဖြစ်သည်။ သူ့နောက်သို့ လိုက်နေသော ဆံပင်ရှည်နှင့် ငနဲတစ်ကောင်၏ ရန်ကို ကာကွယ် ရန်ဖြစ်သည်။ သူတော့ အန္တရာယ် ကင်းမကင်း မသိ ကျွန်တော်တော့ အခန့်မသင့်လျှင် ရန်ဖြစ်နိုင်သော တည်ချက် ဖြစ်သွားနိုင်သည်။

“နင်ဟာလေ…”
ကျွန်တော်က သူ့ကို ကျိတ်ပြီး ကျိန်ဆဲနေသည်။ သူကတော့ လျှာလေးထုတ်ပြရင်း
“ကူညီပါဟာ နင်ကလဲ သူငယ်ချင်း အချင်းချင်းပဲဟာ..နော်.. ငါမုန့်ကျွေးပါ့မယ်”
ကျွန်တော်က မျက်မှောင်ကြုတ်လိုက်ရင်း
“မုန့်ကျွေးမကျွေးက အရေးမကြီးဘူး .. နင့်ဆံရှည်ကောင်က ရူးများနေလား မသိဘူး ကျောင်းဆင်းကတည်းက လိုက်တာ .. အခုထိ လိုက်တုန်း”

“နင့်နဲ့ငါ ရည်းစား မဟုတ်မှန်း သိလို့ နေမှာပေါ့.. ကြောက်စရာကြီးဟာ အူကြောင်ကြောင်နဲ့ ဒီကောင့်ပုံက”
သံစဉ်သည် ကျွန်တော်တို့ သူငယ်ချင်းထဲတွင် (သို့မဟုတ်) ကျွန်တော်တို့ မေဂျာတခုလုံးတွင် အချောဆုံး ကောင်မလေး တစ်ယောက် ဖြစ်သည်။ သူ့ကို လိုက်နေသော ကောင်လေးများ တပုံတပင် ရှိ၏။ ကျွန်တော်နှင့်က ပထမနှစ်ကတည်းက အတန်းကော၊ ကျူရှင်မှာပါ တူတူတက်ဖြစ်ခဲ့ကြသူများ ဖြစ်သည်။ သံစဉ်သည် မျက်နှာ သွယ်သွယ်၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးလေး နှင့် ဖြစ်ပြီး လှိုင်းတွန့်ကောက်ထားသော ဆံနွယ်လေးများနှင့် ဆိုတော့ ချောလဲချောသလို ချစ်စရာကောင်းသော ကောင်မလေး တစ်ယောက် ဖြစ်သည်။ သံစဉ်နှင့် ပေါင်းသင်းရတာ ပွင့်လင်းလွတ်လပ်မှု ရှိသည်။ သူက ချစ်သူရည်းစားများ အပေါ်တွင် အလေးအနက် မထားသော်လည်း သူငယ်ချင်းများ ပေါ်တွင်တော့ အမြဲအလေးအနက် ထားလေ့ရှိသည်။ ထိုအချက်ကပင်လျှင် သူငယ်ချင်းများက သူ့ကို ခင်မင်မိသော အချက်တချက် ဖြစ်သည်။

ထို့ပြင် ကျူရှင်တွင် ယောက်ျားလေး ၃ယောက်ရှိသည့် အနက် သူနှင့် ကျွန်တော်က အတူပေါင်းဖြစ်တာ က များသည်။ အကြောင်းမှာ ကျွန်တော်နေသော မြို့နယ်နှင့် သူ့မြို့နယ်သည် သိပ်မဝေး လှသည် က တစ်ကြောင်း၊ တခြားယောက်ျားလေးသူငယ်ချင်းများက ဂိမ်မာများ (Gamer)ဖြစ်ခြင်း၊ ကျူရှင်ရှိ တခြားမိန်းကလေးများကလည်း အမှန်အတိုင်းပြောရရင် သမာရိုးကျ ခေတ်နှင့်အနည်းငယ် အလှမ်းဝေးသော ကောင်မလေးများ ဖြစ်ကြခြင်းတို့ကြောင့် ပေါ့ပေါ့ပါးပါး နေတတ်သော ကျွန်တော်နှင့် ပို၍ ပေါင်းမိခြင်းဖြစ်သည်။ သံစဉ်နှင့် ပတ်သက်လာလျှင် ကျွန်တော် သူမကို မနှစ်သက်ဘူးလို့ ကျွန်တော် မလိမ်ချင်ပါ။ ကျွန်တော် သံစဉ်ကို နှစ်သက်ပါတယ်၊ မြတ်နိုးပါတယ်၊ ထို့ပြင် ချစ်တယ်ဆိုသော ခံစားမှုလေးပါ ပိုပါသည်။ ဒါပေမယ့် သူငယ်ချင်းဆိုသော တံတိုင်းကြီးကား ကျွန်တော်နှင့် သူမကြားတွင် ကာရံထားပါသည်။ ထိုချစ်စရာကောင်းသော ကောင်မလေး တစ်ယောက်နှင့် အတူတူသွားလာနေသော ယောက်ျားလေး တစ်ယောက်သည် ရင်မခုန်ဘူး ဆိုလျှင် ထိုသူသည် လိမ်ညာတတ်သူသာ ဖြစ်ပေလိမ့်မည်။

ကျွန်တော်နှင့် သံစဉ်၏ အပြင်ပိုင်း ဆက်ဆံရေးသည် အလွန်ပွင့်လင်းလွတ်လပ်ပါသည်။ သံစဉ်က အများအမြင်တွင် အနည်းငယ် ရည်းစားများသည် ဟုထင်နိုင်သော်လည်း အကြောင်းစုံ သိရလျှင် သူမကို နားလည် ပေးကြပါလိမ့်မည်။ သံစဉ်ကို ကြိုက်သော ကောင်လေးများ ကျောင်းတွင် အများအပြားရှိသည်။ တခါတရံတွင် သူ၏ အလှက သူ့ကို စိတ်ကသိကအောက် ဖြစ်စေသည်။ အတင်းလိုက်ကြိုက်သော စာလိုက်ပေးသော သူများကို သူခါးခါးသီသီး လုပ်၍ ရသော သူများအား သူ အပြတ်ပြော ပစ်လိုက်သည်။ အချို့ကတော့ မိုက်တိမိုက်ကန်းနှင့် အတင်းဇွတ်ချစ်မယ့် သူများကျတော့ သူမအနေနှင့် ရေလိုက်ငါးလိုက် အခြေအနေအရ မျှောထားလိုက်ရ

ပြတင်းတဘက်ခြားက ရပ်ဝန်း

(၁)
မိုးသက်လေပြင်းများ ကျတတ်သော ယခုလို ရာသီမျိုး တွင် အိမ်ရှေ့ရှိ မြေနီလမ်းလေး ဆီမှ မြေသင်းရနံ့ပါသော လေများသည် အိမ်လေးထဲသို့ တိုးဝှေ့တိုက်ခတ် လာတတ်သည်။ ဘာပဲဖြစ်ဖြစ် မိုးရနံ့ ပါသော လေကို ရှုရှိုက်လိုက်ရတော့ အနည်းငယ် လတ်ဆတ် သွားသလိုပင်။ ပြတင်းပေါက်ဘောင်များတွင် ချိတ်ဆွဲထားသော ကုလားကာများကို အသာလှစ်ဟလိုက်သည်။ အမြဲတမ်းကြည့်နေကျ ပြတင်းပေါက်၏ ဟိုမှာဘက်က ရှုခင်းများကို နေ့တိုင်းကြည့်သော်လည်း မရိုးနိုင်ပဲ ငေးကြည့်နေဆဲ။ သူငေးကြည့်သော နေရာမှာ တဘက်ခြံထဲသို့ ဖြစ်သည်။ ထိုအိမ်သည် သူတို့ ရပ်ကွက်ထဲသို့ ပြောင်းရွှေ့လာသည်မှာ တလပင် မပြည့်သေးပေ။ တဖွဲဖွဲကျနေသော မိုးစက်လေးများကြားထဲမှ တဖက်တိုက်ရဲ့ ပြတင်းတံခါးဆီကို လှမ်းကြည့်လိုက်သည်။ နံရံပေါ်ရှိ တိုင်ကပ်နာရီသည် ခြောက်နာရီ တိတိထိုးပြီဖြစ်ကြောင်း တေးသွားများ မြည်လာတော့၏။ သူစိတ်လှုပ်ရှား စွာဖြင့် အဲဒိ အပေါ်ထပ်ထို ပြတင်းပေါက်ကို…..။
+++++++++++++
(၂)
မှိန်ပြသော မီးအလင်းတခု ဖျတ်ကနဲ လင်းသွားသည်။ အိမ်ကြီးတခုလုံး မီးချောင်းများထွန်းပြီး ယခုအခန်းလေးမှာကျတော့ ဘာကြောင့် အဝါရောင်မီးလေးသာ ထွန်းထားကြမှန်းမသိ။ ထို့နောက် သူမြင်တွေ့ချင်သော အရိပ်လေးတခု ပြတင်းပေါက်ရဲ့ ခပ်လှမ်းလှမ်းဆီမှာ လှမ်းတွေ့နေရသည်။ ထိုအရိပ်လေးသည် မိန်းမပျိုလေး တစ်ယောက်၏ ပုံရိပ်ဖြစ်ပြီး သေချာမမြင်ရသော ပုံရိပ်ကလေးကပင် လှပ၍ နူးညံ့သိမ်မွေ့သူလေး ဖြစ် လိမ့်မည်ဟု ထင်ဟပ်မိသည်။

သူမ၏ မျက်ဝန်းလေးသည် ဝိုင်းစက်ရွှန်းလဲ့ နေလိမ့်မည်။ သူမလေးတွင် အကြောစိမ်းလေးများပင် ပေါ်နေသော ချစ်စရာ ပါးရဲရဲ လေးရှိလိမ့်မည်။ နှုတ်ခမ်းသွယ်သွယ်လေးလဲ ပိုင်ဆိုင်သူဖြစ်လိမ့်မည်။ ပြီးတော့ ဒီချိန်တိုင်း ထိုကောင်မလေးကို ထိုအခန်းထဲ၌ မြင်တွေ့နေရတာ လွန်ခဲ့သော ၅ရက်ထဲကပင်။ ဒီချိန်ဆို အဲ့ဒိ ခပ်မှိန်မှိန် မီးလေးများ ထွန်းထားသော အခန်းထဲ၌ သူမလေး မလှုပ်မယှက် ဘာတွေ လုပ်နေပါလိမ့်။ ဒါပေမယ့် ကောင်မလေး ပုံစံက တခုခုကို စိတ်ဝင်စားစွာ ငေးစိုက်ကြည့်နေပုံ ပါပဲ။ မိုးတွေ ပိုသဲလာတော့ တဘက်တိုက် ကို မိုးပေါက်တွေ ကြားမှ မနည်း ကြည့်နေရသည်။ ညမှောင်ရီ ပျိုးတော့မည်။ ပြီးတော့ ထိုအခန်းလေးသည် မီးများ ပိတ်သွားသည်။ ဟင် ..။ သူ့ရင်ထဲဟာ ကနဲဖြစ်သွားသည်။ ကျေးဇူးပြုပြီး မသွားပါနဲ့အုံး ကောင်မလေးရယ်။
+++++++++++++++++++++++
(၃)
၆နာရီခွဲ…။ နာရီဝက်စာ အချိန်လေးသည် သူ့အတွက် ခံစားမှုတွေ အများကြီးပေးသွားသည်။ 12 girl band တေးသွားများကို ဖွင့်လိုက်သည်။ ငြိမ့်ညောင်းလှသော သံစဉ်များကို ညက်ညောစွာ စီးမျောလိုက်သည်။ ပြီးတော့ စိတ်ရှိလက်ရှိ လွမ်းပစ်လိုက်တော့သည်။ အချစ်ဆိုတာ ဘာလဲ သူမသိတော့ပေ။ သူအရင်က သိခဲ့တာ သူ့နေထိုင်သော တစ်ထပ်ပျဉ်ထောင်အိမ်လေးရယ်။ သူ့အချစ်တော် ခွေးလေးတစ်ကောင်ရယ် ဒါက သူ့ကမ္ဘာလေးပဲဖြစ်သည်။ သူအတွေးတခု ရသွားသဖြင့် အိပ်ခန်းကုတင်အောက်က ကင်းပတ်စ ဘောင် တခုကို ယူလိုက်သည်။ ပြီးတော့ ထောက်တိုင်ကို ကျနစွာ ထောင်လိုက်သည်။

ပြီးတော့ ကင်းပတ် ပေါ်က ဖုန်တွေကို သုတ်သင်လိုက်သည်။ ပန်းချီမဆွဲတာ ဘယ်လောက် ကြာနေပြီလဲ။ ဆေးခွက်ထဲသို့ ရောင်စုံဆေးများ ညှစ်ချပြီး အရောင်တွေ ဖျော်စပ်နေသည်။ သူပန်းချီဆွဲရန် အကြောင်းပေါ်လာပြီပေါ့။ ဝါသနာအရ ပန်းချီဆွဲ သော်လည်း သူ့အလုပ်နှင့် တော့ ပတ်သက်သည် မဟုတ်ပေ။ သူဒီလို စိတ်ကူးပေါက်လာလျှင်တော့ ဆွဲလေ့ရှိသည်။ သူဘာဆွဲရမည်လဲ။ သူခဲဖြင့် ကောက်ကြောင်းတခု ဆွဲလိုက်သည်။ အင်း သူစိတ်ထဲကို စိုးမိုးနေသည့် ကောင်မလေး ပုံပဲ ဖြစ်သည်။ ဟုတ်တယ် သူကောင်မလေးကို မမြင်ရတဲ့ အချိန်မျိုးဆို ဒီပုံတူလေးနဲ့ အလွမ်းဖြေလို့ ရနိုင်တယ်။ ဒါပေမယ့် သူတကယ် ဆွဲမယ် ဆိုတော့ ကောင်မလေး၏ မျက်နှာကို အပြည့်အစုံဆွဲဖို့ ခက်ခဲနေသည်။ သူစိတ်ထဲ ဝေဝါးနေသည်။ ကောင်မလေး၏ ပုံရိပ်က မပြတ်မသား ဖြစ်နေပြန်သည်။

သူစိတ်ကူးဖြင့် မှန်း၍ ဘယ်လိုဆွဲဆွဲ သူဆွဲလိုက်သော ပုံတိုင်း ထိုကောင်မလေးနှင့် မတူဟု ခံစားမိသည်။ သူခပ်ဖွဖွ ဆွဲပြီးသား ပုံကြမ်းကို ပြန်ဖျက်ပစ်လိုက်သည်။ နောက်တော့ သူ့ပြတင်းပေါက်ဆီကနေ ဟိုဘက် တိုက်ရဲ့ ပြတင်းတံခါးလေးဆီ မြင်နေရသည့် မြင်ကွင်းလေး အတိုင်းပင် ရေးဆွဲလိုက်သည်။ သူအချောသတ်လိုက်သည်။ သူဆွဲသော ပုံက ရှင်းရှင်းလေး။ ပြတင်းပေါက် တခုကနေ တခြား ပြတင်းပေါက် တခုဆီက ဝိုးတဝါး အရိပ်လေးကို မြင်နေရသည့် ပုံလေးပင်။ အင်း အခုမှ သူ့ခံစားချက်နှင့် တထပ်တည်းကျ သွားတော့သည်။ သူက ပန်းချီကားထဲက သေသေ ချာချာ မမြင်ရတဲ့ ကောင်မလေးကို ငေးကြည့်ရင်း သဘောကျစွာ ပြုံးလိုက်သည်။
+++++++++++++++++
(၄)
မိုးရာသီလေးသည် အုံမှိုင်းစွာ သည်းထန်နေ၏။ ယနေ့သည် စနေနေ့ဖြစ်ပြီး စနေ့မိုး မို့ တနေကုန် ဆွေနေလေတော့သည်။ ရုံးပိတ်ရက်မို့ သူအိမ်ရှေ့ တံစက်မြိတ်လေးမှ အိမ်ရှေ့လမ်းမပေါ်သို့ ကြည့်နေ၏။ လူမျိုးစုံ၊ ထီးမျိုးစုံသည် လမ်းမပေါ် ဖြတ်လျှောက်သွားကြ၏။ ငွေရောင် ထီးမိုးထားသော လူသည် သူ့အိမ်ရှေ့တွင် လာရပ်ပြီး လူခေါ်ခေါင်းလောင်းထိုးနေသည်။ မိုးပေါက်များ ကြားမှာ ထီးဆောင်းရင်း ထိုသူကို ခြံတံခါးဖွင့်ပေးလိုက်သည်။
“ကျွန်တော်က ဟိုဘက်ခြံကပါ.. အကို့ဆီမှာ မီးစမ်းတဲ့ တက်စတာ ရှိလား”
“ဟုတ် ရှိတယ်ဗျ..။ ခဏလေး ကျွန်တော်ယူပေးမယ်။”
ထို့နောက် တက်စတာကို ထိုလူအား ကမ်းပေးရင်း ဘာဖြစ်လို့လဲလို့ အနည်းငယ် မေးမြန်းကြည့်တော့
“မီးအားမြှင့်စက်က ညှော်နံ့ထွက်လာလို့ စမ်းမလို့… အကိုကော နည်းနည်းပါးပါး ကြည့်တတ်လား..”
“ကြည့်တတ်ပါတယ်…”
အမှန်တော့ လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ဖြစ်ကြောင်း မပြောပြဖြစ်လိုက်ပါ။
စိတ်လှုပ်ရှားမှု အပြည့်နှင့် ဝန်းခြံထဲကို လိုက်သွားသည်။ သူမမြင်ဖူးသေးသော သူမရောက်ဖူးသေး သော ဟိုဘက်ခြံသို့…။
မီးအားမြင့်စက်ကို အဖုံးဖွင့်ပြီး ကြည့်တော့ ဒါးမိန်းဆီကို သွယ်ထားသော ဝါယာသည် ပူပြီး ရှော့ခ်ဖြစ်သွားပုံရသည်။ လောင်သွားသော ဒါးမိန်းနေရာတွင် သူ့အိမ်တွင် အပိုဆောင်ထားသော ဒါးမိ်န်းဖြင့် လဲလှယ် တပ်ဆင်ပေးလိုက်လေသည်။ ကျေးဇူး တင်စွာဖြင့် သူတို့က ဧည့်ဝတ်ပြုကြသည်။ သူတို့ အိမ်၏ ဧည့်ခန်းတွင် ရှေးဟောင်း အနုပညာ ပစ်စည်းအများ အပြား တွေ့ရသည်။ စိတ်ဝင်စား စွာနှင့် ငေးမော ကြည့်နေရင်း
“ရှေးဟောင်း ပစ်စည်းတွေ စုဆောင်း တတ်ပုံရတယ်..”
အိမ်ရှင်က သဘောကျစွာ ပြုံးလိုက်ပြီး
“ဒီလို…ကိုမင်းဆက်…. ကျွန်တော်တို့ လုပ်တဲ့လုပ်ငန်းက ရှေးဟောင်း ပစ်စည်းတွေကို ရောင်းတဲ့ အလုပ်လေ ဒါကြောင့်ပါ.. အင်း ဒီလုပ်ငန်းကလဲ ဝါသနာ လဲပါတယ်ဆိုတော့ စုဆောင်းမိသွားတာလေ”
ဖိနပ်ချွတ်တွင် ငွေရောင် ဒေါက်ဖိနပ်ကလေး တရံတွေ့ရသည်။ ချစ်စရာကောင်းသော ဖိနပ်ကလေး၏ ပိုင်ရှင်သည် ဘယ်သူဖြစ်မလဲ။ သိချင်တာက ဤအိမ်၌ မိသားစုဝင် ဘယ်နှစ်ယောက် ရှိတယ်ဆိုတာကိုပင်။ ဒီလိုမေးရင် ပထမဆုံး အကြိမ်မှာပင် သူ့ကို စပ်စုသူဟု ထင်သွားမည် စိုးသောကြောင့် မမေးမိလိုက်ပေ။
+++++++++++++
(၅)
တဝက်တပျက်ပါပဲ….
မပြီးဆုံးသေးတဲ့ သက်ရှိပန်းချီကားဟာ…
အဝေးက မျှော်ကြည့်သူ တစ်ယောက်အတွက် မှုံတိမှုံဝါးနေတုန်းပဲ
အလင်းနှစ်တခုစာ မခြားပေမယ့် အလင်းနှစ်တခုစာ ခြားနေတယ်….
ခပ်ဖွဖွ ရွတ်ဆိုတတ်တဲ့ ကဗျာဟာ အမည်မသိနှုတ်ခမ်းထက်မှာ..
လှပစွာ သီကုံးဖွဲ့နေလေရဲ့….
ဟိုမှာဘက်ဆီက သိုဝှက်တတ်တဲ့ ကောင်မလေးရယ်…
လူမသိသူမသိ……..ချစ်တယ်….။

++++++++
(၇)
အလှူပွဲ….။ တဖွဲဖွဲရောက်လာနေသော ဧည်သည်များကား အရောင်သွေးစုံလင်လှသည်။ ခြံဝင်းထဲနှင့် ခြံရှေ့တွင်တော့ ကားမျိုးပေါင်းစုံ ရပ်ထားကြသည်။ ကိုမျိုးမြင့်တို့ အိမ်က စီးပွားရေးလုပ်ငန်းပိုင်ရှင် ပီပီ အသိမိတ်ဆွေ ပေါပုံရသည်။
မနက်ဦးပိုင်း ဘုန်းကြီးများနှင့် အာရုံဆွမ်းကို သူတို့ မိသားစုနှင့်ပင် ကပ်လိုက်ကြပုံရသည်။ ဧည့်ခန်းထဲတွင် စားပွဲဝိုင်းများပေါ်၌ ဧည့်သည်များ ပြည့်နေ၏။
“အော်.. ကိုမင်းဆက် လာ ကြွပါ အပေါ်ထပ်ကို.”
“ညီမလေးရေ.. အပေါ်ထပ်အတွက် မုန့်တပွဲယူခဲ့ပါအုံး”
မင်းဆက် စိတ်လှုပ်ရှားစွာ ဖြင့် မီးဖိုဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။
“ဟုတ်ကဲ့ ကိုကြီးရေ…”
ဟင်း.. သက်ပြင်းပြန်ချလိုက်ပြန်သည်။ သူထင်ထားသော ကောင်မလေး မဟုတ်သေးပေ။ အသက် ၁၅နှစ်ခန့်သာ ရှိသေးသော ကလေးမလေး တယောက်သာ ဖြစ်သည်။ ကိုမျိုးမြင့်မှာ မွေးချင်း ဘယ်နှစ်ယောက်များ ရှိသေးပါလိမ့်။ ကိုမျိုးမြင့် က ဦးဆောင်၍ သူ့ကို အပေါ်ထပ်ကို ခေါ်သွား၏။ အပေါ်ထပ်မှာတော့ ရပ်ကွက်လူကြီးတွေနှင့် တခြား ရင်းနှီးသော မိတ်ဆွေများ…။ အပေါ်ထပ် ဧည့်ခန်း၏ နံရံများဆီတွင်လဲ ပန်းချီကားများ ချိတ်ဆွဲထားသေး၏။ ပြီးတော့ ကနုတ်ပန်းများ အနုစိတ်ခြယ်ထားသော ပန်းချီကားဘောင်များ၊ စောင်းကောက်များ၊ ငွေဓားများဖြင့် ရှေးဟောင်း ပစ်စည်းအများအပြားကို ထပ်မံတွေ့ရလေသည်။

စားသောက်ပြီးတော့ သူက အခန်းထဲရှိ ရှေးဟောင်း ပစ်စည်းများကို လိုက်လံကြည့်နေမိသည်။ ခဏနေတော့
“ကိုမင်းဆက်..လဲ ဒီလို ပစ်စည်းတွေကို ဝါသနာပါပုံရတယ်..”
မင်းဆက်ကြည့်နေသော ပန်းချီကားကို ကြည့်ရင်း ကိုမျိုးမြင့်က နှုတ်ဆက်လိုက်၏။
“ဟုတ် ကျွန်တော်လဲ ပန်းချီဝါသနာပါတယ်ဗျ… ဒီပန်းချီကားထဲက မိန်းကလေးပုံက တော်တော် အသက်ဝင်ပြီး မြန်မာဆန်တယ်နော်.. ဒီလက်ရာမျိုးတော်တော် ရှားမှာပဲ”

“ဟုတ်တယ်ဗျ.. သေချာကြည့်ရင် ပန်းချီကားထဲက အမျိုးသမီးက လှလဲလှတယ်ဗျ လက်ရာမြောက်လို့လား မသိဘူး ဒီပုံက ဗမာပုံ မဟုတ်ဘူး….”
ကိုမျိုးမြင့်က မင်းဆက်ရဲ့ ကောက်ချက်ကို ကြားချင်၍ လားမသိ ပြောမည့် စကားကို ခဏရပ်ထားလိုက်သည်။

“အင်း ကျွန်တော်လဲ အဲ့လိုမြင်ပါတယ်။ ဒီပုံကို ကြည့်ရတာ နန်းဆန်တယ်ဗျ..။ ပြီးတော့ တော်တော်လေး ရုပ်ကြွတယ်ဗျ။ ဒါရှေးမြန်မာ ပန်းချီလက်ရာစစ်စစ်ပဲဗျ..။ဆွဲထားတဲ့ ကောက်ကြောင်းတွေ ရိုးရှင်းတယ် ကိုယ်ပိုင် ဟန်အပြည့် ရှိတယ်၊ ကျွန်တော် ထင်တာ မမှားဘူး ဆိုရင် ရှမ်းလူမျိုးဖြစ်မယ်”

“အဟား.. ကိုမင်းဆက် ပန်းချီကို ဝါသနာထုံတယ် ဆိုတာ ယုံသွားပြီဗျာ..။ မြင်လဲမြင်တတ်တယ်ဗျာ.၊ အမှန်ပဲဗျ ဒီပန်းချီကားကို ရှမ်းပြည်ဘက်ကနေ ကျွန်တော် ရလာတာ၊ ဒီတချက်တော့ ကျွန်တော်နဲ့ ဝါသနာ တူသွားပြီဗျာ”

ကိုမျိုးမြင့်က အလွန်သဘောကျစွာနှင့်
“ကျွန်တော်လဲ ပန်းချီဝါသနာပါတယ်ဗျ.. လာ ကျွန်တော်ပြမယ်..”
ကိုမျိုးမြင့်က ပြောပြောဆိုဆိုနှင့် သူ့ကို အပေါ်ထပ် တနေရာကို ဦးဆောင်ခေါ်သွား၏။ ထို့နောက် အခန်းလေး တခန်းထဲကို ခေါ်သွားသည်။

“ဒါ ကျွန်တော့် အလုပ်ခန်းဗျ၊ ဝါသနာ အရလေး တွေ လုပ်တယ်ပေါ့ဗျာ..၊ ဒီအခန်းထဲက လက်ရာတွေက ကျွန်တော် ဆွဲထားတာတွေချည်းပဲ..”

ကိုမျိုးမြင့်ရဲ့ ပန်းချီလက်ရာများက တကယ်တန်းဝင်သော ပန်းချီလက်ရာများ ဖြစ်သည်။ အများစုမှာ သရုပ်မှန်များ ဖြစ်သည်။ အခန်းပတ်ပတ် လည် တွင် ပန်းချီကား ၂ဝ ခန့်ရှိသည်။
“အဲ.. ဒါကတော့ ကျွန်တော် လတ်တလောဆွဲနေတဲ့ ပန်းချီပဲဗျ….”
ထောက်တိုင်မှာ ထောက်ထားသော ကင်းပတ်စပေါ်ရှိ လိပ်ပြာတကောင်၏ ပုံကို ကြည့်ရင်းပြောသည်။ လိပ်ပြာအကြီးတကောင်၏ပုံ ဖြစ်သည့် အပြင် နောက်ခံတွင်လည်း လိပ်ပြာငယ်လေးများနှင့် ပန်းပွင့်များ ရောစပ်ထားပုံက အစပ်အဟပ် တည့်လှသည်။

မင်းဆက်သည် အမှတ်တမဲ့ သူ့အိမ်ဘက်ဆီကို ပြတင်းပေါက်မှ လှမ်းကြည့်လိုက်၏။ သူစိတ်လှုပ်ရှားသွားသည်။ အကြောင်းမှာ ဒီအခန်းလေးသည် သူ့အိမ်ဘက်ဆီမှ မြင်ရသော အခန်းလေး ဖြစ်သည်။ ဒီဘက်ပြတင်းပေါက်ကနေ သူ့အိမ်ဘက်ကို ကြည့်ရင်း ၆နာရီတိုင်း တိတ်တခိုးကြည့်လေ့ရှိသော သူ့ပုံရိပ်ကို သူပြန်မြင်ရသလိုပင်။

“ကျွန်တော် အမြဲတမ်း ညနေ၆နာရီဆို ပန်းချီဆွဲတယ်ဗျ…”

ဒါဆို ကိုမျိုးမြင့် တယောက် ပန်းချီဆွဲရန် မော်ဒယ်ငှား၍ ဆွဲခြင်းများလား။ ဒါပေမယ့် အခုထိ အခန်းထဲမှာတော့ မိန်းကလေးနှင့် ပတ်သက်သော ပုံမတွေ့မိသေး။

အင်း ဟုတ်နေပြီ။ သူသိချင်သော ကောင်မလေး အကြောင်း ပြောတော့မလားဟု ကိုမျိုးမြင့်၏ စကားကို နားစိုက်နေသည်။

“ကားတွေက များနေတော့ ကျွန်တော်ကား တချို့ကို အခန်းအနောက်ဘက်ကို ရွှေ့ပြီး ထပ်ထားရတယ်လေ။ ညနေစောင်းဆို ဒီနေရာကနေ..”

ကိုမျိုးမြင့်ကား တကယ့်ကို အနုပညာကို ဈာန်ဝင်စား တတ်သော သူဖြစ်မည် ထင်သည်။ ပုံမှန်ဆိုလျှင်လဲ သူပြောတာကို သေချာ နားထောင် နိုင်ပေလိမ့်မယ် ယခုမူကား သူအရမ်းဆန်ဒပြင်းပြစွာ သိချင် နေသော အမည်မသိ ကောင်မလေး အကြောင်းကို ဖြစ်၍ ကိုမျိုးမြင့် စကားပြောနေသည်ကို ပင် စိတ်မရှည်ချင်သလို ဖြစ်လာသည်။

နံရပ်၌ ကပ်ထောင်ထားသော ပန်းချီကား ချပ်ကြီးတခုကို သူရွှေ့လိုက်သည်။ ပြီးတော့ ဘီးတပ်ထားသော ခုံတခုကို ပြတင်းပေါက်နားသို့ တွန်းရွှေ့လိုက်သည်။

“ကျွန်တော် ပန်းချီဆွဲရင် မိုးဇက်ရဲ့ တေးသွားတွေ ဖွင့်ထား တတ်တယ်ဗျ.. ဒါမှ စိတ်တွေ ကြည်လင်လာတယ်လေ။ ဒီခုံကို ကျွန်တော်နဲ့ အနီးဆုံးကိုရွှေ့ပြီး သီချင်း…..”

မင်းဆက်ကား ကိုမျိုးမြင့်ပြောနေသော စကားများကို လုံးဝ မကြားတော့ပဲ ကြက်သေသာ သေ နေမိသွားတော့သည်။ ပြီးတော့ သူ့ရင် တခုလုံး ဗြောင်းဆန်သွားတော့သည်။ ဝမ်းနည်းသလိုလို၊ ဝမ်းသာသလိုလိုနှင့် အမည်မဖော်နိုင်သော ရင်ခုန်လှုပ်ရှားမှုကြီးက သူ့ခန်ဓာ တခုလုံးကို တုန်ဟီးသွားစေတော့သည်။ အကြောင်းမှာ ကိုမျိုးမြင့် ရွှေ့လိုက်သော ခုံ၏ အနောက်တွင် ထုဆစ်ထားသော သက်မဲ့ ရှေးဟောင်း ရုပ်ထုတခုကို မြင်တွေ့သွားခြင်း ဖြစ်သည်။ သူအလွန်တရာမှ စွဲလမ်းနေသော အမည် မသိကောင်မလေးသည် အမှန်တကယ်တော့ သစ်သားရုပ်ထု (သို့မဟုတ်) သက်မဲ့ ပစ်စည်းသက်သက်ပါလား။ ဘုရား…ရေ… သူနှစ်နှစ်ကာကာ ချစ်ရသော၊ သူ မြတ်နိုးမိသော စွဲလမ်းမိသော ၆နာရီ အချိန်က နတ်သမီးလေးသည် ရှေးဟောင်း ရုပ်ထု တခုသာ ဖြစ်တော့သည်။ ရှေးဟောင်း ရုပ်ထု တခုသာ ဖြစ်၏။ ရှေးဟောင်း ရုပ်ထုသာ ဖြစ်၏။ ရုပ်ထု တခုသာ……။
“ကိုမင်းဆက်.. ကိုမင်းဆက်..”
“ဟားဟား..ဟား.. ဟားဟားဟား… ကျွန်တော်…ကျွန်တော် ဒီရုပ်ထုလေး…..”

++++++++++++++

မိုးတွေ တဖြိုက်ဖြိုက် ရွာသွန်းနေ၏။ ပြတင်းပေါက် မှ လှမ်းကြည့်လိုက်လျှင် အိမ်ထဲတွင် တယောထိုးနေသော သူတယောက်ကို မြင်နိုင်သည်။ ထိုသူသည် ပန်းချီကား တချပ်ကို သူ့ရှေ့တည့်တည့်တွင် ထောင်ထားရင်း ဘယ်ချိန် အဆုံးသတ်မည် မသိသော တယောကို အဆက်မပြတ် တီးနေ၏။ သူ၏ နံဘေးဘက်ရှိ စားပွဲခုံပေါ်တွင်ကား ထက်ပိုင်းကျိုးနေသော သစ်သားရုပ်ထု တခုကို တွေ့ရလေသည်။ အိမ်အပြင်ဘက်ဆီမှ မြေသင်းနံ့များ ပျံလွင့်လာ၏။ မိုးကား အဆက်မပြတ်သည်းထန် နေဆဲ…။

ပြီးပါပြီ..။