ကျွန်တော်တို့ နေ့စဉ်နဲ့ အမျှ ရှင်သန်နေထိုင်ရတဲ့ လောကကြီးမှာ ကျွန်တော်တို့ ဘဝရဲ့ အစိတ်အပိုင်းတွေဟာ လူမှုကွန်ယက်တွေ၊ ဘလော့ဂ်တွေ၊ အခြားသော web 2.0 apps တွေရဲ့ လွှမ်းမိုးမှုကို ခံနေကြရပါတယ်။ ကျွန်တော်တို့ နေ့စဉ် ဘာလုပ်နေတယ်၊ ဒါမှမဟုတ် ကျွန်တော်တို့ ရဲ့ ခံစားချက်တွေ (ပျော်ရွှင်တာတွေ၊ ဝမ်းနည်းတာတွေ၊ အလိုမကျတာတွေ) စတာတွေဟာ ဒီကွန်ယက်တွေထဲမှာ ထင်ဟပ်လို့ နေပါတယ်။ ကျွန်တော်တို့ဟာ လူမှုကွန်ယက် ကမ္ဘာတုလေးထဲမှာ နေ့စဉ် စီးမျော ပါဝင်နေကြရပါတယ်။
Category Archives: Article
စစ်မှုထမ်းဥပေဒနှင့် လက်ရှိမြန်မာနိုင်ငံအခြေအနေ
NHK သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းကြောင့် ယခုတလော တော်တော်လေး လူပြောများ နေကြသည်။ အထူးသဖြင့် လူငယ်တွေကြားမှာ ဖြစ်ပါတယ်။ တစ်ချို့က ‘စစ်မှုထမ်းတာ ကောင်းတာပေါ့။ နောင်တစ်ချိန်မှာ သမ္မတ ဝင်လုပ်လို့ရတယ်’ လို့ ပြောသူတွေရှိသလို၊ ‘စစ်မှုမထမ်းချင်လို့ ဆယ်တန်းအောင် ကတည်းက အပြင်ကျောင်းတက်တာ၊ အခုလဲ စစ်မှုထမ်းရမယ်ဆိုရင် နိုင်ငံခြားပဲ ပြန်လစ်တော့မယ်။ ဟိုမှာကျောင်းတက်ပြီး နိုင်ငံသားခံယူလိုက်တာ ပိုကောင်းမလားပဲ’ဟု ပြောသူတွေ ရှိတယ်။ ‘စစ်မှုထမ်းနေတဲ့ ၃နှစ် အတွင်းကို အလုပ်တွေ လက်လွှတ်ထားခဲ့ရမယ်ဆိုရင် အိမ်က လူတွေက ငတ်နေရမှာလား’ လို့ မချိတင်ကဲ ပြောသူတွေကလဲ ရှိတယ်။
တစ်ချို့နိုင်ငံရေးသုံးသပ်သူတွေကတော့ ‘လွှတ်တော် မခေါ်ခင် ဒါမျိုးဥပဒေ ထုတ်တယ်ဆိုရင် ဒါဟာ တရားဝင်အစိုးရက ထုတ်တာ မဟုတ်လို့ တရားမဝင်ဘူး’ လို့ ဆိုကြပြန်တယ်။ အစိုးရရဲ့ နိုင်ငံပိုင် သတင်းစာတွေမှာတော့ တရားဝင်ပါရှိသေးတာ မဟုတ်ပဲ ပြည်ပ သတင်းဌာနတွေကနေ ကြားနေရတာပါ။ နိုင်ငံပိုင်သတင်းစာတွေ မှာ ပါတာ မပါတာ အရေးမဟုတ်ပေမယ့် ဒီသတင်းအတွက် ကျွန်တော် မေးချင်သော မေးခွန်းတွေ ရှိလာလို့ အားလုံး ဖြစ်နိုင်ခြေကို ဝိုင်းဝန်းအဖြေရှာနိုင်လိမ့်မယ်ထင်တယ်။
စစ်မှုထမ်းများအတွက် အထောက်အပံ့
စစ်မှုထမ်းရမယ်ဆိုရင် မဖြစ်မနေကို စစ်မှုထမ်းများကို ပေးရမယ့် အထောက်ပံ့တွေရှိလာပါမယ်။ ဥပမာ။ ။ စစ်ဝတ်စုံ၊ စစ်အသုံးအဆောင်ပစ္စည်း၊ လစာ၊ နေရာထိုင်ခင်း၊ ရိက္ခာ၊ လက်နက် စသည်ဖြင့် စစ်မှုထမ်းတစ်ယောက်မှာ ရှိသင့် ရှိရမယ့် ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်မှာလား။ လက်ရှိအခြေအနေအရတော့ စစ်တပ်အတွက် ကာကွယ်ရေး အသုံးစရိတ် အတော်လေး သုံးနေရတယ်ဆိုတာ သိကြပါလိမ့်မယ်။ သို့သော် တစ်ခုတော့ ရှိတာက အောက်ခြေ တပ်သားတွေမှာ လစာလုံလောက်မှုရှိလား ဆိုတာပါပဲ။ သန်းနဲ့ချီသော အရွယ်ရောက်ပြီး စစ်မှုထမ်းမည့်သူတွေ အတွက် နိုင်ငံတော် အနေနဲ့ ယခုသုံးစွဲနေသော ဘတ်ဂျတ်ထက် အဆ ၅၀လောက် ထပ်မံသုံးစွဲဖို့ လိုပါလိမ့်မယ်။ ထို့အတွက် စစ်တပ်မှာ အဲ့ဒိလောက် ဘတ်ဂျတ်သုံးစွဲဖို့ အဆင်သင့်ဖြစ်ပြီလား။
စစ်ပညာသင်ကြားပေးခြင်းကြောင့် ရလာမည့် အကျိုးကျေးဇူး
စစ်ပညာ သင်ကြားပေးခြင်းကြောင့် နိုင်ငံသားတိုင်းဟာ စစ်ရေးအမြင်ရှိလာမှာ ဖြစ်ပြီး ပြည်ပ ကျူးကျော်လာမှု ရှိတဲ့အခါ နိုင်ငံသားတိုင်းဟာ ကိုယ့်နိုင်ငံကို ကာကွယ်နိုင်တဲ့ အနေထားမှာ ရှိလိမ့်မယ်။ တစ်ချို့သုံးသပ်သူတွေကလည်း စစ်အင်အားကြီးထွားအောင် လုပ်တာလို့ ရှုမြင်ကြတယ်။ ဒါက မတူညီတဲ့အမြင်တွေပေါ့ ကျွန်တော်တို့ အစိုးရဘက်ကို ပြန်ကြည့်ရရင် ဒီလို ဘေးထွက်အကျိုးရလဒ်တွေ ရှိလာပြန်တယ်။
(၁) စစ်ပညာသင်ပေးတဲ့ အတွက်ကြောင့် ပြည်သူတိုင်းဟာ စစ်ပညာ တတ်မြောက်လာမယ်။ အကယ်၍များ လက်နက်ကိုင် တော်လှန်မယ်ဆိုရင် လူတိုင်း စစ်ပညာ တတ်မြောက်ထားလို့ ပိုမိုလွယ်ကူသွားမယ်။ ကိုယ်မွေးတဲ့မျောက်ကိုယ့် ပြန်ခြောက်မယ့် အဖြစ်မျိုး အဖြစ်ခံမလား။
(၂)လုပ်သားအင်အားတွေ လျော့ကျသွားတဲ့အတွက် အရပ်ဖက်လုပ်ငန်းတွေမှာ လူ့အရင်းမြစ် ရှားပါးသွားပြီး အရပ်ဘက်ဆိုင်ရာ ထုတ်လုပ်မှု (GDP) ကျဆင်းသွားမယ်။
(၃) တိုင်းပြည်ရဲ့ ဘတ်ဂျတ်အများစုမှာ စစ်စရိတ်အတွက် မြင့်မားစွာ အသုံးပြုရမယ့် အတွက်ကြောင့် အခြားသော သုတေသန နှင့် ဖွံဖြိုးမှု ကဏ္ဍတွေကို မထောက်ပံ့နိုင်တော့မယ် အဖြစ်မျိုး ဖြစ်လာမယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှု အရှိန်ဟာ တန့်ရပ်လု နီးပါးဖြစ်ပြီး ချွတ်ခြုံကျသွားမယ်။ နောက်ဆက်တွဲအကျိုးရလဒ် အဖြစ် နောက်တက်လာမယ့် အစိုးရဟာ စီးပွားရေးကျဆင်းမှုရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်။
(၄) နောက်တစ်ခုကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ညှိနှိုင်းမှု မပြီးပြတ်သေးရာ စစ်မှုမထမ်း မနေရ များတွင် အခြားသော တိုင်းရင်းသားများပါ ဝင်ရောက် လာမည် ဖြစ်ရာ စစ်တပ်တွင်း စည်းလုံးညီညွတ်မှု နှင့် တိုင်းရင်းသား စစ်မှုထမ်းများ အတွက် အခွင့်အရေးကို တန်းတူ ညီမျှစွာ အခွင့်ရေးပေးနိုင် မပေးနိုင် စသည့်အချက်များ ဖြစ်ကြသည်။
ထို့ကြောင့် ထိုသတင်းသည် မည်သည့်ဆီက လာသည်တော့ မသိ ထိုကဲ့သို့ ရှုပ်ထွေးပွေလီလှသော ကိစ္စများကို ကိုယ့်အတတ်ကိုယ် စူး၍ လုပ်မည် မလုပ်မည်မှာ ဒွိဟဝေဝါးလျှက်ရှိသည်။
Why not Myanmar Unicode!
ကျွန်တော်တို့ အိုင်တီလောကမှာ မပြီးပြတ်သေးတဲ့ ကိစ္စရပ်ရှိနေသေးတယ် ဆိုရင် အဲ့ဒါဟာ ယူနီကုဒ် ကိစ္စပါ။ တစ်ခါတစ်လေ ဖိုရမ်တွေမှာ ဒီယူနီကုဒ် ကိစ္စဟာ စကားလုံး တိုက်ပွဲအသွင်တောင် ဆောင်လာပါတယ်။ ဒါပေမယ့် ဒါကို တစ်ချို့ ပညာရှင်တွေကိုယ်တိုင်က မည်သည်က စံဖြစ်သည်ကို သိနေလျက် နှာစေးနေတော့ ကျန်တဲ့ မသိတသိ လူများက စနစ်တစ်ခုကို ဆိုလိုခြင်းကနေ မြန်မာဖောင့် တိုက်ပွဲလို့ လွဲမှားစွာ မြင်လာကြတာက စတာပါပဲ။
ဘာသာစကား တစ်ခုရဲ့ တန်ဖိုး
အရင်ဆုံး ကျွန်တော် ဝန်ခံရရင် ကျွန်တော်က ပညာရှင်တစ်ယောက် မဟုတ်ပါဘူး အသုံးပြုသူတစ်ယောက် ဖြစ်ပါတယ်။(ဒါကြောင့် ကျွန်တော် ဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေမှာ အသုံးပြုသူ တစ်ယောက် အမြင်နဲ့ ကျွန်တော့် အတွေ့ကြုံကိုပဲ အခြေခံပြီးရေးမှာပါ။ ကျွန်တော် မည်သည့် ပုဂ္ဂိုလ်ကိုမှ တိုက်ခိုက်လိုတဲ့ ဆန္ဒမရှိဘူးဆိုတာ ပြောလိုပါတယ်။) ကျွန်တော်တို့ မြန်မာဘလော့တွေ စတင်ပေါ်ပေါက်ကာစ တုန်းက မြန်မာလိုရေးလို့ မရတော့ jpg ဖိုင်တွေပေါ်မှာ ဝင်းဖောင့်နဲ့ မြန်မာလိုရေးပြီး တင်ခဲ့ကြတယ်။ Continue reading
ဥုံဖွ နိုင်ငံရေးဂုရုတွေထက် စာဖတ်သူတွေက သာတယ်
အောက်ဖော်ပြပါ ဆောင်းပါသည် ပြည်သူ့ခေတ်ဂျာနယ်တွင် ပါရှိသော လူထုစိန်ဝင်းရဲ့ ဆောင်းပါးအား ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ကြောင်း ဝန်ခံအပ်ပါသည်။
လူထုစိန်ဝင်း
မြန်မာလူမျိုးများဟာ နိုင်ငံရေး အသိအမြင်မနိမ့်ကျတဲ့အကြောင်း၊ ချက်ဆို နားခွက်က မီးတောက်သလို လူမျိုးတွေ ဖြစ်ကြောင်းမကြာခဏ ရေးနေတာနဲ့ ပတ်သက်ပြီး သဘောမတူနိုင်သူတွေ ရှိကြတယ်။ စာရေးဆရာတချို့ ကိုယ်တိုင် ပြန်လည် ရေးသားချေပတာတွေ ဖတ်ခဲ့ရတယ်။
စည်းကမ်းမရှိဘူးတဲ့
နိုင်ငံသားတာဝန်တို့၊ ပြည်သူ့နီတိတို့ ပြောကြတဲ့အခါ ရိုးရိုးမပြောဘဲနဲ့ အာရှနိုင်ငံတွေထဲမှာ အသေးဆုံး ဖြစ်ပေမယ့် ထိပ်ဆုံး ရောက်နေတဲ့ နိုင်ငံတစ်ခုနဲ့ နှိုင်းယှဉ်ပြီး အဲ့ဒိနိုင်ငံက လမ်းတွေ အင်မတန် သန့်ရှင်းကြောင်း၊ လူတွေက စည်းကမ်းမဲ့ အမှိုက်မပစ်ကြောင်း၊ လမ်းပေါ်ကို ကူးချင်တဲ့နေရာက ဖြတ်ကူး တာမျိုး မရှိကြောင်း စတဲ့ အကြောင်းတွေကို နမူနာပြပြီး မြန်မာတွေ စည်းကမ်းမရှိလို့၊ ယဉ်ကျေးမှု အဆင့်နိမ့်လို့ စသည်ဖြင့် စသည်ဖြင့် စသည်ဖြင့် ပြောလေ့ရှိကြတယ်။ တခြား ဘယ်နိုင်ငံနဲ့ ယှဉ်ပြော ပြောခံနိုင်တယ်။ အဲ့ဒီနိုင်ငံလေးက လူတွေနဲ့ယှဉ်ပြီး မြန်မာတွေ စည်းကမ်းမရှိဘူး၊ ရိုင်းတယ်လို့ ပြောတာတော့ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။
ထွီခနဲ ထွမ်ခနဲ
ဘာကြောင့်လဲဆိုတော့ အာရှနိုင်ငံသား တွေထဲမှာ အဲဒီနိုင်ငံပေါက်စနလေးက လူတွေလောက် မောက်မာ စော်ကားစိတ် ရှိတာ၊ ရိုင်းပျတာမျိုး ဘယ်မှာမှ မတွေ့ဖူးလို့ပဲ။ စားရင်သောက်ရင် ရှူးရှဲနဲ့ အသံမြည်အောင် စားတတ်ပြီး နေရာမရှောင်၊ လူရှေ့သူရှေ့မရှောင် ထွီကနဲ ထွမ်ကနဲလည်း ထွေးတတ်ကြတယ်။ လူမျိုးအနေနဲ့ကလည်း ဟိုမရောက် ဒီမရောက်နဲ့ ကြားထဲကျနေတဲ့ လူမျိုးဖြစ်တယ်။ သူတို့ လမ်းတွေ သန့်ရှင်းတာက သူတို့လူတွေ စည်းကမ်းရှိလို့ မဟုတ်ဘူး။ သူတို့ မြူနီးစပယ်က မှန်မှန် သန့်ရှင်းရေး လုပ်လို့ ဖြစ်တယ်။ စည်းကမ့်မဲ့ အမှိုက်ပစ်ရင် လမ်းဖြတ်ကူးရင် လမ်းထိပ်တိုင်းမှာ အချိန်ပြည့် ရှိနေတဲ့ ပုလိပ်က ချက်ချင်း ဖမ်းပြီး ချက်ချင်း ဒဏ်ရိုက်တာ။ ဝန်ထမ်းတိုင်းက သူတို့တာဝန်ကို ကျေပွန်အောင် တိတိကျကျ ထမ်းဆောင် ကြတော့ ဘယ်သူမှ စည်းကမ်း မဖောက်ရဲကြတော့ ဘူးပေါ့။
လက်တွေ့ဘဝက အဓိက
နောက်ပြီးတော့ အဆင့်မြင့် ပညာတွေ တတ်တာ မတတ်တာနဲ့ နိုင်ငံရေး နားလည်မှု ရှိတာ မရှိတာ မဆိုင်ပါဘူး။ နိုင်ငံရေး နားလည်ဖို့က လက်တွေ့ဘဝ အတွေ့အကြုံက အဓိက ကျတယ်။ စာတတ်တာနဲ့ မဆိုင်ဘူး။ စာတတ်ရုံ သက်သက်ကတော့ ကျောင်းဆရာ လုပ်စားဖို့လောက်ပဲရမယ်။ နိုင်ငံရေးကို တကယ် နားမလည်ပါဘူး။ ကျွန်ဘဝမှာ နေဖူးသူက လွတ်လပ်ခြင်းရဲ့ တန်ဖိုးကို ပိုသိတယ်။ ပါးရိုက် နားရိုက်ခံဖူး၊ လက်သည်းခွံ ခွာတာ ခံရဖူးသူက ဖက်ဆစ်စနစ် ကြောက်စရာ ကောင်းပုံ ပိုသိတယ်။ သူကြီး ကောင်းမကောင်း ရွာသားက ပိုသိတယ်။ မြန်မာလူမျိုးများဟာ ကိုလိုနီ ကျွန်ဘဝမှာ နေခဲ့ဖူးတယ်။ ဖက်ဆစ်အောက်လည်း ရောက်ခဲ့တယ်။ ရှည်ကြာတဲ့ ပြည်တွင်းစစ်ကို ကြုံခဲ့ဖူးတယ်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ဆိုတာလည်း နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ဖူးတယ်။
ဘယ်သူနဲ့ယှဉ်မလဲ
ဒီခေတ်မှာ ဒါလောက်များတဲ့ နိုင်ငံရေး အတွေ့ကြုံမျိုး အနောက်နိုင်ငံသားတွေ ကြုံတွေ့ဖူးသလား။ ဂျပန်နိုင်ငံသားတွေ ကြုံတွေ့ဖူးသလား။ သာမန် နိုင်ငံသားချင်း ယှဉ်ရင် အမေရိကန်နိုင်ငံသားနဲ့ ဂျပန် နိုင်ငံသားတွေ ထက် မြန်မာတွေက နိုင်ငံရေး အသိ ပိုမြင့် ပိုကြွယ်ဝတယ်လို့ ရဲရဲကြီး ပြောဝံ့တယ်။ ဟားဗတ်တက္ကသိုလ် ဝင်းထဲမှာ တွေ့သမျှ ပထမနှစ် ဒုတိယနှစ် ကျောင်းသူ ကျောင်းသားတွေကို ထိုင်းဝန်ကြီးချုပ် ဘယ်သူလဲ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဘယ်သူလဲ မေးကြည့်ပါ။ ဘယ်သူမှ သိမှာ မဟုတ်ဘူးလို့ ပြောရဲတယ်။ ပါကစ္စတန်နိုင်ငံ သမ္မတ ဘယ်သူလဲဆိုတာတောင် မသိတဲ့ အမေရိကန် သမ္မတ ရှိသေးတယ်။ မြန်မာနိုင်ငံက မုံရွာ တက္ကသိုလ်ပဲ သွားသွား၊ ပခုက္ကူတက္ကသိုလ်သွားသွား၊ ကြိုက်တဲ့နေရာ သွားပြီး တွေ့တဲ့ ကျောင်းသားကိုသာ ကောက်မေးကြည့် လိုက်စမ်း ထိုင်းဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်သာမက ဇင်ဘာဗွေ သမ္မတဘယ်သူ၊ အီတလီ ဝန်ကြီးချုပ်သာမက အေစီမီလန် ဘောလုံးအသင်း ပိုင်ရှင် သူဌေးကြီး ဖြစ်တယ်ဆိုတာ အထိတောင် ဖြေလိုက်လိမ့်ဦးမယ်။
သတင်းသမားချင်း ယှဉ်မလား
အသိဆုံးဖြစ်တဲ့ သတင်းလောက အကြောင်း ပြောရမယ်ဆိုရင် သတင်းနဲ့ သတင်းဆောင်းပါး ရေးသားမှု အတတ်ပညာမှာ မြန်မာ သတင်းသမားများကို တခြား ဘယ်နိုင်ငံက သတင်းသမားမှ လိုက်မမီဘူးလို့ ရဲရဲကြီး ပြောဝံ့တယ်။ နိုင်ငံပေါင်းစုံက သတင်းသမားတွေ လာတွေ့တိုင်း မျက်လုံး အဝိုင်းသားနဲ့ သူတို့ ဝန်ခံကြတယ်။ ဝန်မခံလို့ ဖြစ်မလား။ လက်တွေ့ဘဝ အတွေ့ကြုံမှာ မြန်မာတွေက သူတို့ထက် အများကြီး သာနေတာကိုး။
ခါတော်မီ ဂရုတွေ
နိုင်ငံရေးအသိ၊ နိုင်ငံရေးနိုးကြားမှုဆိုတာ လက်တွေ့ဘဝထဲက ပေါ်ထွက်လာတာ ဖြစ်တယ်။ စာတွေ ဘယ်လောက် တတ်တတ် လက်တွေ့ ဖြတ်သန်းဖူးတဲ့ ဘဝမရှိရင် နိုင်ငံရေးကို ရေရေရာရာ မသိနိုင်ဘူး။ ကြက်တူရွေးလို ကြားဖူးနားဝရှိတာတွေနဲ့ ဖြီးတာ ဖြန်းတာလောက် လုပ်တတ်ရုံထက် မပိုဘူး။ မြန်မာတွေက ရှင်ကြီး ဝမ်းလည်း ဝင်ခဲ့ဖူးသူတွေ ဖြစ်တယ်။ ဒါကြောင့် ဂျာနယ်တွေကနေ ပညာသင်ပေးနေတဲ့ ခါတော်မှီ ဥုံဖွ နိုင်ငံရေး ဂုရုတွေထက် အများကြီး သာတယ်လို့ ရဲရဲ ကြီးပြောဝံ့ ပါတယ်။
၂၈.၁၁. ၂၀၁၀
အမှန်တကယ် လွတ်လပ်သော နိုင်ငံတော်သစ်ဆီသို့ (၁)
မည်သို့ပင်ဖြစ်စေ ၂၀၁ဝ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၄ဝ သာ လိုတော့သည်။ နိုင်ငံရေး ဇာတ်ခုံပေါ်တွင်လည်း နိုင်ငံရေး ဇာတ်ကောင်သစ်များ သည် ရှိသမျှ ခွန်အားကို သုံးကာ ပါဝင်စွမ်းဆောင်နေကြသည် မှာ ချီးကျူးဖွယ် ဖြစ်သည်။ ယခုရွေးကောက်ပွဲသည် နီးကပ်လာသည်နှင့် အမျှ ရုပ်လုံးတဖြည်းဖြည်း ပေါ်လာလေပြီ။ ဆူးခယောင်းလမ်း ဆိုသည်မှာ သေချာနေသော ရွေးကောက်ပွဲဆီသို့ ချီတက်ရာလမ်းတွင် ကျောခိုင်းသွားသူများ ရှိသလို ဆက်လက်၍ ထုသားပေသား ကျစွာ ဆက်လက်ချီတက် သူတွေလည်း ရှိသည်။
ရွေးကောက်ပွဲကို ကျွန်ုပ်တို့ မည်သည့်အတွက်ကြောင့် ထောက်ခံကြရသနည်း။
ရွေးကောက်ပွဲကို ဝင်မည်ဖြစ်သော နိုင်ငံရေးသမား တော်တော်များများ၏ ဆိုလိုရင်း ဆန္ဒမှာ ရိုးရိုးရှင်းရှင်းလေး ဖြစ်သည်။ နှစ်ပေါင်း၂ဝကျော် ကြာမှ ပြန်လည်ရရှိသော နိုင်ငံရေးအခွင့်အလမ်းကို ရသည့် နည်းလမ်းဖြင့် အမိအရ ဆုပ်ကိုင်လိုက်ကြခြင်း ဖြစ်ပြီး မျှတသည် မမျှတသည်ထက် တစ်သင်းထဲ ပြိုင်သော ပြိုင်ပွဲမဖြစ်စေပဲ ဖျက်မြင်းအဖြစ်ဖြင့် ဖြစ်စေ ကံကောင်းထောက်မစွာ (ရာခိုင်နှုန်းနည်းသည်ထားအုံး) ထိုပြိုင်ပွဲတွင် ဗိုလ်စွဲသည်ဖြစ်စေ၊ ဒုတိယ၊ တတိယ ရသည်ဖြစ်စေ ၎င်းတို့နှင့် စည်းကမ်းနည်းလမ်းတကျ ပုခုံးချင်းယှဉ်၍ ပြိုင်ဆိုင်လိုခြင်း ပင်ဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။ boycott လုပ်သော နိုင်ငံရေးအင်အားစုများ ဆိုလိုသလို ရွေးကောက်ပွဲ ဝင်သော နိုင်ငံရေးသမားတိုင်းသည် အချောင်နိုင်ငံရေးသမား များ ဖြစ်ကြသည်ဟုတော့ မထင်ပါ။ နေရာလွတ်တွေ မဖြစ်အောင်၊ တစ်ကောင်းတည်း ပြေးနေတဲ့ မြင်းမဖြစ်တော့အောင် ရသည့် အခွင့်အရေးပေါ်တွင် ယှဉ်ပြိုင်ခြင်းဟုသာ မြင်ပါသည်။ ကျွန်ုပ်တို့လိုလား နေကြသော ဒီမိုကရေစီ နိုင်ငံ တစ်ခုဆီသို့ သွားရန်မှာ ရွေးကောက်ပွဲသာ ဖြစ်ပြီး ယခုအကြိမ် ရွေးကောက်ပွဲသည် နှစ်ပေါင်း၂ဝကြာမှ ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်သည်ဆိုသည်မှာ အားလုံးသိရှိကြပြီး ဖြစ်ကာ ဖြစ်နိုင်ခြေများကိုလည်း မှန်းဆမိပြီး ဖြစ်လောက်ပေပြီ။ သို့သော် ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် ရွေးကောက်ပွဲဆိုသည်မှာ လိုအပ်သည်ဖြစ်ရာ ရွေးကောက်ပွဲ မရှိသော တစ်ပါတီ၊ ဗဟုဝုစ်အုပ်ချုပ်ရေး စနစ်ထက် စာလျှင် ရာခိုင်နှုန်းနည်းသည် ဖြစ်စေ လွှတ်တော်များတွင် အနည်းဆုံးကန့်ကွက်မဲ ထည့်နိုင်ခွင့်ရှိလာကာ၊ အနည်းငယ်မျှဖြစ်စေ လွတ်လပ် ပွင့်လင်းလာမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲတို့မည်သည် နောင်အခါတွင် အကြိမ်ကြိမ် ကျင်းပတော့မည် ဖြစ်ရာ ယခုတစ်ကြိမ်တွင် fair or unfair ကိစ္စများကို သည်းညည်းခံကာ တဖြည်းဖြည်းနှင့် ပိုမိုပွင့်လင်းမြင်သာသော နိုင်ငံရေးအခင်းအကျင်းဆီသို့ ဆက်လက်၍ ချီတက်ကြရမည်သာ ဖြစ်သည်။
ရှိတာလေးနှင့်ဖြစ်အောင်လုပ်နေရတဲ့သူတွေကို အားပေးကြပါစို့
လက်ရှိမှာ နိုင်ငံရေးပါတီ သစ်များသည် ငွေကြေးအခက်ခဲများ ကြားမှ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး နှင့် မဲဆွယ်စည်းရုံးစရိတ်များကို လောက်ငအောင် အသုံးပြုနေကြသည်ကို လေ့လာတွေ့ရှိရပါသည်။ ပါတီငယ်များ၏ မဲဆွယ်စည်းရုံးပွဲအချို့မှာ လည်း လူမသိ သူမသိ ချို့ချို့ငဲ့ငဲ့ ဖြင့် ဟောပြော စည်းရုံးနေကြရသည်ကို တွေ့ရှိရသည်။ ထို့ပြင် ရရှိသည်အချိန်ကာလမှာ အနည်းငယ် တိုတောင်း သဖြင့် အလျင်စလို ပြုလုပ်နေကြပြီး ရသည့်အချိန်တိုတွင်းတွင်မှာပင် နယ်မြို့များသို့ စည်းရုံးရေးဆင်းနေရသည်။ နိုင်ငံရေးဆိုလျှင် ကြောက်စရာဟု နှစ်ပေါင်းနှစ်ဆယ်မျှ အရိုးစွဲယုံကြည်နေသော ပြည်သူလူထုကို စည်းရုံးရသည်မှာ မလွယ်ကူလှကြောင်း ကိုယ်စားလှယ်လောင်းများက ညည်းတွား ပြောဆိုလျှက်ရှိကြသည်။ သို့သော် ၎င်းတို့သည် ၎င်းတို့နယ်မြေဇာတိများတွင် အရွေးခံခြင်းအားဖြင့် မိမိတို့ နေထိုင်ရာ အရပ် မိမိတို့ဇာတိ အကျိုးကို ပိုမိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြပြီး ၎င်းတို့အရွေးမခံလျှင် ထိုနေရာလွတ်များသို့ တစ်ပါတီ (သို့မဟုတ်) တစ်ဦးတစ်ယောက်ထဲက အုပ်ချုပ်သော စနစ်ဆီသို့ ခေတ်နောက်ပြန်ဆွဲရေးသမားများ ဝင်လာမည်ကို မလိုလား ကြပေ။ သို့ဖြစ်ရာ မိမိတို့ ပြည်သူလူထု အနေနှင့် တိုင်းပြည်၏ ရှေ့ရေးကို အကျိုးပြုမည့် ပြုပြင်ပြောင်းလဲရေး သမား၊ လူထုအကျိုးကို အမှန်တကယ်ပြုလုပ်ပေးနိုင်သော လူကောင်းများကိုသာ အားပေး ရွေးချယ်ကြဖို့လိုပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရှိသည့်အင်အားလေးဖြင့် ကြိုးပမ်းယှဉ်ပြိုင်မည့် တိုင်းကျိုးပြည်ပြု လိုလားသူများကို အားပေးထောက်ခံကြရမည်သာ ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ မဲပေးရမည့် ပြည်သူလူထုကို အသိပညာ ပေးရမည်
ရွေးကောက်ပွဲကို တရားမျှတမည် မဟုတ်ဟု ယုံကြည်ပြီး သပိတ်မှောက်ကာ ကျောခိုင်းသွားသူများ ကို မည်သို့မှ မှတ်ချက်မပြုလိုပေ။ ၎င်းတို့ အယူအဆနှင့် ၎င်းတို့ ဖြစ်ကြသည်။ သို့သော် မဲပေးရမည့် ပြည်သူ လူထု ကိုတော့ မျက်နှာလွဲခဲပစ် မထားသင့်သည်မှာ အမှန်ဖြစ်သည်။ (၂၀၀၈ခုနှစ်က ကောက်ယူခဲ့သော စစ်တမ်းအရ တစ်နိုင်ငံလုံးတွင် အသက် ၁၈နှစ် ပြည့်ပြီး မဲပေးနိုင်ခွင့်ရှိသူ ၂ရ သန်းကျော်ရှိပါသည်။) မဖြစ်မနေ မဲပေးရမည့် သူများကို မည်သို့မဲပေးရမည်၊ ပြည်သူတွေ ရရှိထားသော မဲပေးရွေးချယ် နိုင်ခွင့် အခွင့်အရေးက ဘာဖြစ်သည်၊ မည်ကဲ့သို့ မဲပေးရွေးချယ်ခြင်းအားဖြင့် ဥပဒေအရ အကျိုးသက်ရောက်မှု မည်သို့ ဖြစ်သွားနိုင်သည် ဆိုသည့် ရွေးကောက်ပွဲ အသိပညာပေး လုပ်ငန်းစဉ်များကိုတော့ မဖြစ်မနေ လုပ်ဆောင်ကြရမည် ဖြစ်သည်။ သို့မှသာ ပြည်သူလူထုက အနာဂတ်တိုင်းပြည်အတွက် မှန်ကန်သော လူကောင်းများကို ရွေးချယ် တတ်လာမည် ဖြစ်သည်။ ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် မည်ကဲ့သို့ ရွေးချယ်၊ ရွေးချယ် ဖြစ်နိုင်ချေရှိသည်ကို မှန်းဆရော်ရမ်းကာ မဲမပေးလျှင်လည်း မိမိတို့ ရရှိသော နိုင်ငံသား အခွင့်အရေး ဆုံးရှုံးရမည် ဖြစ်ပြီး နှစ်ပေါင်းများစွာ ကင်းကွာနေသော ရွေးကောက်ပွဲ အတွေ့အကြုံကို ကျွန်ုပ်တို့ ပြည်သူ အနေနှင့် ထပ်မံ၍ လက်လွတ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ နိုင်ငံရေး မျိုးဆက် တစ်ဆက် ကွာဟသွားခြင်း ဖြစ်သည်။
အထက်မှာဆိုခဲ့ပြီးသည့် အတိုင်း မျိုးဆက်ကွာဟခဲ့မှုကြောင့် ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် မဲပေးခြင်း၊ နိုင်ငံရေးအားဖြင့် ပါဝင်လှုပ်ရှားခြင်း အားဖြင့် နိုင်ငံရေး အသိမြင်များ နောင်မျိုးဆက်များ အတွက် ပိုမိုပွင့်လင်း လာကာ ရွေးကောက်ပွဲတွင် မျှတခြင်းသည် မည်သို့ ဖြစ်သည်၊ မမျှတ မမှန်ကန် မရိုးသားခြင်း သည် မည်သို့ ဖြစ်သည်ဆိုသည်ကို ၎င်းတို့ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့သွားခြင်း အားဖြင့် နောင်အခါတွင် ပြုလုပ်လတ္တံ့သော ရွေးကောက်ပွဲများတွင် ပိုမိုပါဝင် ပတ်သက်လာနိုင်ကာ ပြုပြင်ပြောင်းလဲချင်သူများ တိုးပွားလာကြမည်သာ ဖြစ်သည်။
(နိုင်ငံရေးပါတီများ အကြောင်းမိတ်ဆက်ကို အပိုင်း(၂) တွင် ဆက်လက်ဖော်ပြပါမည်)