ကြာတော့ ဂျာနယ်ဝယ်ဖတ်ရင် ဒေါ်စုပုံပါတဲ့ ဂျာနယ်တွေဆို နည်းနည်း မြင်ပြင်းကပ်လာသလိုပဲ။ ဒေါ်စုကို မြင်ပြင်းကပ်တာ မဟုတ်ဘူး။ သူက သူ့အလုပ်သူ မဲဆွယ်တာ ဘာညာလုပ်တာ၊ မီဒီယာတွေကသာ ဖော်ပြသင့်တဲ့ သတင်းတွေကို ဖော်ပြဖို့ တာဝန်ပေါ့နေကြတာ။ ဥပမာ ဒေါ်စု စည်းရုံးရေး ဆင်းတဲ့အချိန်နဲ့ တစ်ပြိုင်တည်းမှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်မှာ ပြောဆို ဆွေးနွေးနေတာတွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း မိန့်ခွန်းတွေ ဘာတွေဟာ သိပ်အရေးကြီးတယ်။ ဘာလို့လဲ သိလား။ ဒီစကားတွေဟာ အောက်ခြေ ဝန်ထမ်းတွေဆီရောက်အောင် ပို့ပေးဖို့ လိုတယ်။
အကျင့်ပျက်ခြစားတာတွေကို တွေ့လား မင်းတို့ လူကြီး ကိုယ်တိုင် ဒါတွေပြောနေပြီဆိုတာ သိအောင် ကျယ်ကျယ်ပြန့်ပြန့် လုုပ်ပေးဖို့ လိုတယ်။ အောက်ခြေက မပြင်သေးတဲ့ အရင်အကျင့်ရှိနေတဲ့ ဝန်ထမ်းတွေကို ဒါတွေကို ကိုးကားပြီး complain ပြန်တက်သင့်တယ်။ ဥပမာ စစ်တပ်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေနွေးနေတာတွေ၊ လှိုင်သာယာ စက်မှုဇုံ အလုပ်သမားတွေ ဘာကြောင့် ဆန္ဒထုတ်ဖော်ပြရတယ်ဆိုတာ အင်တာဗျူးတွေ ပြည်တွင်းဂျာနယ်မှာ များများစားစား ဖော်ပြပေးသင့်တယ်။ နိုင်ငံရေး ခေါင်းဆောင်တွေ သူတို့ ကတိကဝတ်ပေးတာက တစ်ပိုင်း တကယ်လက်တွေ့ဖြစ်နေတဲ့ သတင်းတွေကို လူတိုင်း ထင်သာ မြင်သာအောင် ခေါင်းကြီးပိုင်းမှာ တင်တာမျိုးတွေ လုပ်သင့်တယ်။ လက်ရှိအစိုးရနဲ့ အခုတစ်လော ဟောတစ်ယောက် ဟောတစ်ယောက် တွေ့နေတဲ့ နိုင်ငံရပ်ခြားက သံတမန်တွေ၊ ဝန်ကြီးတွေ စတဲ့သူတွေနဲ့ လက်ရှိအစိုးရ ဘာတွေ သဘောတူညီမှုရတယ်၊ ဘာတွေ အရေးတကြီးပြောသွားကြတယ်ဆိုတာတွေဟာလဲ အရေးကြီးပါတယ်။ ဒေါ်စုသတင်းမှ ခေါင်းကြီး သတင်းမဟုတ်ဘူး၊ စက်မှုဇုံက ကိစ္စလဲ ခေါင်းကြီး သတင်းပဲ။ စျေးမီးလောင်တာလဲ ခေါင်းကြီးသတင်းပဲ။ နေ့စဉ် ပြည်သူတွေ ကြုံတွေ့နေရတဲ့ မတရားမှုတွေ၊ မလျော်ကန်မှုတွေ၊ မှားယွင်းနေတဲ့ ပေါ်လစီကိစ္စတွေ ၊ပြုပြင်ဖို့ လိုအပ်နေတဲ့ ကိစ္စတွေကို လည်း ခေါင်းကြီး သတင်း တင်ပေးသင့်ပါတယ်။ ပြီးတော့ လူသိပ်မသိတဲ့ မလျော်သြဇာသုံးမှုတွေ၊ မတရားမှုတွေကို စုံစမ်းစစ်ဆေးရေး ပြုလုပ်ပြီး သတင်းဆောင်းပါး အကျယ်တဝင့်ရေးသင့်တယ်။ ဖိလစ်ပိုင်လို နိုင်ငံမျိုးတွေမှာ သတင်းစုံစမ်းထောက်လှမ်းရေးလို အဖွဲ့မျိုးတွေတောင် ရှိပြီး လူမသိသူမသိ သတင်းတွေကို စုံထောက်လို ထောက်လှမ်းစုံစမ်းပြီး ဖော်ထုတ်ရေးသားကြတာမျိုးတွေ ရှိပါတယ်။
ကျွန်တော်တို့ မြန်မာမီဒီယာတွေလဲ ကျွန်တော်တို့ စာဖတ်သူတွေ မသိသေးတဲ့ အကြောင်းတွေ၊ (ဥပမာ လယ်ယာမြေသိမ်းတာမျိုးတွေ၊ နယ်တွေမှာ မလျော်သြဇာသုံးလို့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ) စတာတွေကို စုံစမ်းဖော်ထုတ်ပြီး ပြည်သူတွေ သိအောင်၊ အုပ်ချုပ်သူ အထက်ပိုင်း လူတွေ သိအောင် ဖော်ထုတ်ရေးသားသင့်တယ်လို့ ထင်ပါတယ်။ ဒီနေ့ဒီချိန်မှာ မီဒီယာလွတ်လပ်ခွင့် အများကြီး မရသေးပေမယ့်၊ အတန်ငယ် ဖြေလျော့မှုတွေ ရှိလာပါပြီ။ ကျွန်တော်တို့ ရလာတဲ့ အခွင့်ရေးလေးနဲ့ မဖြစ်ဖြစ်အောင် ပြည်သူတွေ သိအောင် ပြည်သူ့ကြားက ပြည်သူ့သတင်းတွေ ပိုမို မဖော်ထုတ်သင့်ဘူးလား။ သတင်းဆိုတာ နိုင်ငံရေးသတင်းမှ သတင်းမဟုတ်ဘူး ဆိုတာ မီဒီယာက ဆရာသမားတွေကို ပြောရင် မိချောင်းမင်း ရေခင်းပြသလို တောင် ဖြစ်နေမလား မသိဘူး။ ဂျာနယ်ရောင်းရဖို့ ဒေါ်စုပုံ မျက်နှာဖုံးတင်တာတွေ ကနေ ၊ ပြည်သူတွေ တကယ်သိသင့် သိထိုက်တဲ့ သတင်းတွေကို ခေါင်းကြီးတင် တာမျိုးတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်။ ယနေ့ လူငယ်တွေ ဘာတွေလုပ်နေကြလဲ ဆိုတာမျိုးတွေ ကွင်းဆင်းလေ့လာ ရေးသားတာမျိုးတွေ လုပ်သင့်ပါတယ်။ ယနေ့လူငယ်တွေမှာ ရေလိုက်ငါးလိုက် စီးမျောနေတဲ့ လူငယ်တွေရှိသလို ၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် တတ်နိုင်တဲ့ ဘက်က ကြိုးစား လုပ်ဆောင်နေတဲ့ လူငယ်တွေ ရှိကြပါတယ်။ ဒါမျိုးတွေက ရေးချင်ရင် ရေးစရာတွေ အများကြီးပါ။ ပွဲတစ်ပွဲမှာ ကျွန်တော်က မီဒီယာတွေအနေနဲ့ ဒီလို လူငယ်တွေ အကြောင်းတွေကိုလဲ ဖော်ပြပေးသင့်တယ်လို့ ပြောတော့ မီဒီယာ ဆရာမ တစ်ယောက်က ကိုယ့်ကိုကိုယ်လဲ အားကိုးပါ ၊ ဖေ့ဘွတ်ကိုလဲ အားကိုးပါတဲ့။ (အဲ့ဒိတုန်းကတော့ ကျွန်တော်ဖေ့ဘွတ် သုံးနေတာ အဲ့ဒိဆရာမထက် အများကြီးပိုစောတဲ့အကြောင်း မပြောဖြစ်လိုက်ပါဘူး။) ဆိုလိုချင်တာ ကျွန်တော်တို့ အင်တာနက် သုံးနေတဲ့သူတွေ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို တော်တော်နည်းတဲ့ အင်အားစု ဖြစ်ပါတယ်။
ထပ်မံခွဲခြမ်းစိတ်ဖြာရင် အင်တာနက်သုံးပြီး ဆိုရှယ်နက်ဝေါ့သုံးသူ၊ ဆိုရှယ်နက်ဝေါ့သုံးပြီး သတင်းဖတ်တဲ့သူ၊ ဆိုရှယ်နက်ဝေါ့သုံးပြီး သတင်းတွေကို မျှဝေ၊ ကိုယ်တိုင်မြင်တာ ကြံုတာတွေ ပြန်လည်ရေးသားတဲ့သူ ဘယ်နှစ်ယောက်ရှိမယ် ထင်ပါသလဲ။ အလွန်နည်းပါတယ်။ ရေတွက်လို့ ရတဲ့ အရေအတွက်ပဲ ရှိပါတယ်။ သတင်းအကောင်းစားတွေက အင်တာနက်ပေါ်မှာတင် ပြန့်နေရုံနဲ့ မပြီးသေးဘူး။ မြန်မာပြည် အနှံ့အပြား ၊ ကျေးလက်ဒေသ၊ နယ်ဒေသတွေပါ မကျန် ပျံ့နှံ့ရောက်ရှိနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ သူတို့အနေနဲ့ အော် ဒီလိုနေရာတွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနေကြပြီပဲ။ ငါတို့လဲ ငါတို့ နယ်တွေမှာ ဖြစ်ပျက်နေတဲ့ မတရားမှုတွေ၊ မမှန်ကန်တာတွေကို ထုတ်ဖော်မှပဲ ဆိုတဲ့ အသိအမြင်တွေ ဖြစ်လာမယ်။ ပြောချင်တဲ့ ဆန္ဒတွေ နိုးကြားလာမှာ ဖြစ်ပါတယ်။ ဒါတွေကို စွမ်းဆောင်နိုင်တာ ပြည်တွင်း ဂျာနယ်တွေပါပဲ။ မီဒီယာဆိုတာ ပြည်သူ့နားမျက်စိ ဖြစ်ပါတယ်။ နိုင်ငံရေးသမားဟာ နိုင်ငံရေး တာဝန်ကို ထမ်းဆောင်ပါလိမ့်မယ်။ စီးပွားရေးသမားဟာ စီးပွားရေး လုပ်ပါလိမ့်မယ်။ ပြည်သူတွေဟာ ကောင်းမွန်သော နိုင်ငံသားများအဖြစ် ပြုမူ နေထိုင်ရမှာ ဖြစ်သလို၊ မီဒီယာသမားများ အနေနှင့်လဲ နိုင်ငံရေးသတင်းများတင် မဟုတ်ဘဲ ပြည်သူတွေ သိသင့် သိထိုက်တဲ့ သတင်းများ၊ မှန်ကန်တဲ့ သတင်းများကို အကျယ်တဝင့် ဖော်ပြဖို့ တာဝန်ကိုလဲ မမေ့ကြပါနှင့်အုံးလို့သာ။
ဘုန်းမြင့်ခိုင်



