Feb 07

SPIP CMS

SPIP

SPIP

SPIP အကြောင်းကို ကျွန်တော် Barcamp မှာတုန်းကလဲ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သေချာ မသိလိုက်တဲ့သူတွေ ရှိသေးလို့ ထပ်ပြီး ရှင်းပြပေးချင်ပါတယ်။ Barcamp မှာဝေတဲ့ စီဒီထဲမှာ လဲ Demonstration လုပ်ပြထားပါတယ်။ (ကမန်းကတန်း လုပ်လိုက်ရတော့ capture software သိပ်မကောင်းလို့ ရုပ်ထွက် တော်တော်ဝါးသွားတယ်။) အခု SPIP အကြောင်း နည်းနည်း ထပ်ရှင်းပြ ပါမယ်။

SPIP ဆိုတာ ပြင်သစ်နိုင်ငံက ထုတ်တဲ့ CMS တစ်မျိုးဖြစ်ပြီး သူ့ရဲ့ အရှည်ကောက် (အင်္ဂလိပ်လိုတိုက်ရိုက်တော့ မဟုတ်ပါ) Publication System for Internet Sharing ဖြစ်ပါတယ်။ SPIP ဆိုတဲ့ အတိုကောက် စာလုံးတွေချည်းပဲ ရဲ့ အဓိပ္ပါယ်က ရှဉ့်ပါတဲ့။ ဒါကြောင့် သူတို့ရဲ့ လိုဂိုမှာ ရှဉ့်ပုံလေး ဖြစ်နေတာပါ။ အထူးသဖြင့် စပစ်ဟာ သတင်းဆိုက် တွေ အတွက် သင့်လျှော်တဲ့ CMS တစ်မျိုးပါပဲ။ သူက အခမဲ့ ဆော့ဖ်ဝဲ တစ်မျိုးဖြစ်ပြီး မည်သည့် အပိုဆောင်း plug-in အတွက်မှ ပိုက်ဆံပေး စရာ မလိုပါဘူး။ သူ့ကို အသုံးပြုဖို့အတွက် နည်းပညာ အထွေအထူး တတ်မြောက်စရာ မလိုပါဘူး။ ဘလော့အသုံးပြုဖူးသူ၊ ၀က်ဘ်အကြောင်း နည်းနည်းပါးပါး သိသူလောက် ဆိုရင်တောင် အလွယ်တကူ အသုံးပြုတတ်မှာပါ။  နောက်တစ်ခုက download ပေးထားတဲ့ package မှာလဲ မြန်မာဘာသာ(မြန်မာယူနီကုဒ်) ပါဝင်ပါတယ် (ဆိုက်မှာ အသုံးပြုတဲ့အခါ ဇော်ဂျီနဲ့လဲ သုံးလို့ရပါတယ်။ တော်ကြာ မြန်မာယူနီကုဒ်နဲ့ မို့လို့ ဇော်ဂျီ support မလုပ်ဖူး ထင်မှာစိုးလို့ပါ)။ ၀က်ဘ်ဆိုက်ရဲ့ အပြင်ခြမ်း၊ အက်ဒ်မင် ဧရိယာ ပိုင်းတွေကိုပါ မြန်မာလို ပြောင်းလဲလို့ ရပါတယ်။  ပြောရရင်  CMS တွေထဲမှာ SPIP ဟာ မြန်မာဘာသာ စကားကို တရားဝင် support လုပ်ပေးတာ ပထမဆုံးပါပဲ။  ပြင်သစ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဗီယက်နမ် စတဲ့ တခြားသော ဘာသာစကား အများအပြားကိုလဲ support လုပ်ပါတယ်။ သူ့ရဲ့တရားဝင်ဆိုက် ဖြစ်တဲ့ www.spipmedia.net (မြန်မာလိုလဲ ဖတ်လို့ရ) မှာလဲ သူ့ Level နဲ့သူ သရုပ်ပြ ရှင်းလင်း ထားတာကို ဖတ်ရှု နိုင်ပါသေးတယ်။

SPIP ကို ဒေါင်းလုပ် ဆွဲချင်တယ် ဆိုရင်တော့ www.spip.net မှာ ဆွဲလို့ရပါတယ်(ဒီဆိုက်မှာတော့ မြန်မာဘာသာ စကားနဲ့ ရှင်းပြထားတာ မပါပါဘူး။)။ ဒေါင်းလုပ်ပေးတဲ့ နေရာမှာ .zip ဖိုင်နဲ့ ဒေါင်းလုပ်ပေးသလို  SPIP Loader ဆိုတဲ့ PHP ဖိုင်နဲ့လဲ ပေးပါတယ်။ SPIP Loader ဖိုင်ကတော့ Server ရဲ့ root Folder(www) အောက်မှာ သွားထားလိုက်ပြီး  ဥပမာ www.yourdomain.com/spip_loader.php ဆိုပြီး ခေါ်လိုက်တာနဲ့ Automatic Install လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

SPIP ရဲ့ အက်ဒ်မင် ဧရိယာ အသွင်အပြင်က ရိုးစင်းပါတယ်။ Ajax တွေ သုံးထားတဲ့ အတွက် ဆိုက်တက်တာ မြန်ပါတယ်။ ပြီးတော့ Public Area ဖြစ်တဲ့ ဆိုက်ရဲ့ မျက်နှာစာ ပိုင်းမှာလဲ cache တွေကို refresh လုပ်လို့ရပါတယ်။ Advanced ပိုင်းဖြစ်တဲ့ ကိုယ်ပိုင် ဒီဇိုင်းဆွဲမယ် ဆိုရင်တော့ နည်းနည်းလေး လက်ဝင်တာတော့ ရှိပါတယ်(သူ့ syntax တွေ တချို့က ပြင်သစ်လို သုံးထားလို့ပါ)။ ဒါပေမယ့် သူ့ဆိုက်မှာ ပြထားတဲ့ နမူနာ tutorial တွေကို ဖတ်ပြီး လုပ်ကြည့်ရင် နားလည်နိုင်ပါတယ်။ PHP တတ်ကျွမ်းတဲ့ သူဆိုရင် ပိုလွယ်ကူပါလိမ့်မယ်။ ဒါက customize ၀က်ဘ်ဒီဇိုင်း ဆွဲချင်သူတွေ အတွက်ပါ။ သာမန် အသုံးပြုသူတွေ အတွက်လဲ  www.spip-contrib.net မှာ ready-made တန်းပလိပ်တွေ နဲ့ plugin တွေ ရှိပါတယ်။ အခု ကျွန်တော် ပြောသွားတာ တွေကတော့ စပစ် အကြောင်း အကျဉ်းချုပ်ပါ။ အသုံးပြုပုံ အဆင့်ဆင့်ကို တော့ သူ့ဆိုက်မှာပဲ ဖြစ်ဖြစ်၊ အလျဉ်းသင့်ရင် ကျွန်တော့်ဘလော့မှာ ဆက်ပြီး တင်ပြပေးပါ့မယ်။

စာအဆုံး မသတ်ခင် တစ်ခုပြောရအုံးမယ်။ Barcamp နေ့တုန်းက ကျွန်တော့် Presentation စာရွက်မှာ `ဒိုမိန်းနဲ့ ဟိုစတင်အလကားရနိုင်တယ်နော့´ လို့ ရေးထားတဲ့ ကိစ္စ အနည်းငယ် ရှင်းပြ ပါအုံးမယ်။ SPIP ဟာ သူတို့ နည်းပညာကို အသုံးပြုပြီး အမှန်တကယ် Dynamic ဆိုက်တည်ထောင်လို သူတွေကို နည်းပညာ ပိုင်း support လုပ်ပေးပါတယ်။  ကျွန်တော့် အီးမေးလ် minnyoonthit@gmail.com ကိုလဲ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ ကျွန်တော် ကူညီနိုင်တာ ကူညီပေးပါ့မယ်။ နောက်မှ ဆက်လက် တင်ပြ ပါအုံးမယ် ခင်ဗျာ။

2
comments

2 comments!!!

  1. မင်္ဂလာပါ…
    ကိုမင်းယွန်းသစ် စပစ်အကြောင်း ရေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ.်..
    ငြိမ်းလည်း စပစ်ဆိုက်ဒ်လေးတစ်ခု လုပ်ထားပါတယ်…..
    သိပ်တော့ မပြည့်စုံသေးပါဘူး….
    Layout ဒီဇိုင်းလေးကို နည်းနည်းပြင်ချင်သလို ဖြစ်မိတယ်….
    ဒါပေမယ့် ငြိမ်းက ဒီဇိုင်းပိုင်း မကျွမ်းလို့ နည်းနည်း အခက်အခဲဖြစ်နေပါတယ်…..

  2. Minn Yoon Thit says:

    အင်း ဟုတ်တယ်…ဒီဇိုင်းချတာ သိပ်မခက်ဘူး အံဝင်အောင် ထည့်ဖို့ သူ့ပြင်သစ်လို term တွေကို ရင်းနှီးဖို့ လိုတယ်။ နည်းနည်းတော့ လက်ဝင်တယ်။ ကျွန်တော် ပြထားတဲ့ဆိုက်မှာ ကြည့်ကြည့်ပါလား။ အဲ့ဒိမှာ tutorial လေးတွေ ရှိတယ်။ ပြီးတော့ ရယ်ဒီမိတ်လေးတွေလဲ ရှိတယ်။ သူ့ကို ကိုယ်ပိုင် စိတ်ကြိုက်ဆွဲချင်တယ်ဆိုရင်တော့ YAML builder နဲ့ဆွဲရင် အဆင်ပြေလိမ့်မယ်။ စာမျက်နှာ တစ်ခုချင်းဆီအတွက်တော့ လေးအောက် ပြန်ချပေးဖို့ လိုလိမ့်မယ် ခင်ဗျ။

Reply