Archive for August, 2009

Aug 30

မုတ်သုံမြို့ရဲ့သတို့သမီးကဗျာရွတ်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

ပြီးခဲ့သော သောကြာနေ့က ကျွန်တော်တို့ အွန်လိုင်းမှာ ကဗျာချစ်သူတွေ စုပေါင်းပြီး ပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် ကဗျာရွတ်ပွဲလေးကို သင်္ကန်းကျွန်းမြို့နယ်၊ ဘုရားလမ်းအနီးက လပ်ကီးစတား လက်ဘက်ရည်ဆိုင်လေးမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ကဗျာဆရာ ကိုမြေမှုန်လွင် နှင့် ဆရာ လွန်းဆက်နိုးမြတ် အပါအ၀င် တခြားကဗျာ ဆရာတချို့လဲ တက်ရောက် အားပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဒီတခေါက် ခပ်မြန်မြန် စီစဉ်လိုက်ရတော့ နေရာအခက်အခဲ လေး ဖြစ်သွားတာကလွဲလို့ အားလုံး အဆင်ပြေခဲ့ပါတယ်။ နောက်များမှ ပြင်ပက ဆရာတွေကို ပါ ဖိတ်ပြီး သပ်သပ်ရပ်ရပ်လေး စီစဉ်ဖို့ ကြံရွယ်ထားပါတယ်။ တက်ရောက် ရွတ်ဆိုသွားတဲ့ ကဗျာဆရာတွေကော၊ လာရောက်ပေးကြတဲ့ ကဗျာဆရာတွေကော အားလုံးကို MOWA ကိုယ်စား ကျေးဇူး အထူးတင်ရှိပါတယ်။ ကဗျာရွတ်ပွဲက ကဗျာလေးတွေကို ebook အနေနဲ့ ပြန်တင်ပေးဖို့ လုပ်နေပါတယ်။ နောက်များမှာလဲ ကဗျာချစ်တဲ့ သူတွေ အကုန် လာနိုင်ကြပါတယ် လို့ ဖိတ်ခေါ်ပါရစေ။



ကဗျာရွတ်ပွဲတက်ရောက် လာကြတဲ့ သူတွေပေါ့

ကဗျာဆရာ သူရဿဝါ

ကျွန်တော် ရွတ်ဆိုနေတာပါ။

ကဗျာဆရာ မိုးပျံငှက် ရွတ်ဆိုနေတာပါ။
ကျွန်တော့် ကင်မရာလေး ရိုက်ရင်း ဓာတ်ခဲကုန်သွားလို့ တခြားဆရာတွေရဲ့ ပုံတွေ မပါလာတာကို နားလည် ခွင့်လွှတ်ပေးကြပါနော်။

2
comments

Aug 22

ရန်ကုန်မြို့တွင်နေထိုင်သူတစ်ယောက်၏ ရန်ကုန်မြို့အပေါ်အမြင်

အမှန်တော့ ဒီတဂ်ကို ကိုကျော်ညိုသွေးက တဂ်ထားတာ ကြာလှပေါ့။ ကျွန်တော်လဲ သူပြောတုန်းကတော့ အားတက်သရော ရေးမယ် ဆိုပြီး အခု လုံးလုံးလျားလျား မေ့နေတာ။ ကျွန်တော်က ရန်ကုန်မှာ မွေးတယ်ဆိုတော့ ရန်ကုန်သား ပေါ့။ အဲ တစ်ခုတော့ ပြောချင်တယ်ဗျ တချို့တွေက နယ်မြေဒေသ အလိုက် ဒေသစွဲလေးတွေတော့ ရှိသဗျ။ ကျွန်တော့်မှာ အဲ့လို စိတ်ဓာတ်မျိုး မရှိဘူးဆိုတာ ကြိုပြောချင်ပါတယ်။ ကျွန်တော့် အမြင်ကတော့ ဘယ်ဒေသမှာ နေနေ တော်တယ်၊ ထက်တယ်၊ စိတ်ဓာတ်ကောင်းတယ် ရယ်လို့ တထစ်ချ ပြောလို့ မရပါဘူး။ ဒါဟာ ဒေသနဲ့လည်း မဆိုင်ပါဘူး လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ် အရည်အသွေးနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော် ရန်ကုန်မှာ အမေမွေးလို့ လူဖြစ်ပါတယ်။ တခြားမြို့မှာ မွေးရင်ကော တခြားမြို့သား ဖြစ်နေမှာပါပဲ။ အဓိကက ဘယ်နေရာမှာ ရောက်နေနေ၊ ဘယ်ဒေသက နေလာလာ ကျွန်တော်တို့ ရပ်တည်နေတဲ့ နေရာမှာ အကောင်းဆုံး နေထိုင် အသက်ရှင်ပြီး ရိုးသားကြိုးစား ဖို့သာ အရေးကြီးဆုံးပါ။

ကဲကဲ.. တခြားလေမရှည်ချင်တော့ဘူး။ ရန်ကုန်ပေါ် အမြင်တွေကို ပြောပြရရင်

(၁) နေထိုင်မှု

ကျွန်တော်တော့ ပျဉ်ထောင်အိမ်လေးနဲ့ နေထိုင်တယ်။ တချို့လူတွေက တိုက်ခန်းနဲ့ နေတယ်။ တချို့လူတွေကတော့ ခြံကျယ်ကျယ် တိုက်ကျယ်ကျယ်နဲ့။ အင်း ဘယ်လိုပြောရမလဲ တချို့ကတော့ လမ်းဘေးမှာ တင် ပုဆိုးခြုံကွေးတယ်။

(၂) စားသောက်မှု

အစား အသောက်ကတော့ ပိုက်ဆံရှိရင် သူငယ်ချင်းတွေနဲ့ ကောင်းကောင်း စားတယ်။ မရှိရင်တော့ ကြုံသလို စားလိုက်တာပါပဲ။ မရှိတဲ့ အချိန်တွေက ပိုများနေသလိုပါပဲ။ အင်း ရန်ကုန်မှာ ပိုက်ဆံ သိပ်မရှိလဲ ဖြစ်တယ် သူငယ်ချင်း ပေါရင် အနည်းဆုံးတော့ ထမင်းတနပ်စာ ပြီးတယ်။ မွေးနေ့ပွဲနဲ့ ကြုံရင် ဘီယာ အလကား လိုက်သောက်နိုင်တယ်။ ရန်ကုန်မှာ အပေါင်းအသင်း ၀င်ဆံ့ဖို့ သိပ်မခက်ဘူး။ ပိုက်ဆံများများ သုံးနိုင်ရင် ကောင်းကောင်း စားလို့ရမယ့် နေရာတွေ ပေါတယ်။

(၃) သွားလာမှု

ရန်ကုန်က ဘတ်စ်ကားတွေက ကျပ်ပါတယ် ဆိုတာ ရှေးရှေးတုန်း ကတည်းက လက်သုံး စကားပေါ့။ အခုတော့ အထူးကားတွေ ပေါ်လာပါပြီ။ ဒါပေမယ့် ကျပ်နေတုန်းပါပဲ။ အဲကွန်းမအေးပါဘူး။ တီဗီတွေ မကြည့်ချင်လဲ ကြည့်နေရပါတယ်။ မြန်မြန် ရောက်ချင်တယ်ဆိုရင် ဘီအမ်တွေ စီးပါ။ စပယ်ယာ အဟောက် မခံချင်ရင်တော့ အကြွေတွေ ဆောင်ထားပေါ့။ ကားစီးရင် မတွေးမငေးပါနဲ့။ တိုးဝှေ့တတ်ပါစေ။

(၄) ဆက်သွယ်မှု

ဟန်းဖုန်းနဲ့ စတိုင်ထုတ်ချင်ရင် ရန်ကုန်မှာ ဟန်းဖုန်းကို ၁၅ သိန်းနဲ့ ၀ယ်မလား၊ ၂ သောင်းတန် ကဒ်ဖုန်း ၀ယ်မလား၊ တစ်လကို ၄သောင်းနဲ့ ဖုန်းငှားမလား စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ ဒီလိုမှ မဟုတ်ရင် ကြိုက်တဲ့ နေရာမှာဆက် ပီစီအို ဖုန်းရှိတယ်။ အင်တာနက်ကွန်နက်ရှင်လား အင်း သိတဲ့ အတိုင်းပေါ့။

(၅) ပညာရေး

အလွတ်ကျက်တဲ့ မိရိုးဖလာ ဓလေ့ကြီး မျိုးသုဉ်းသွားစေချင်တယ်။ ခဏခဏ သင်ရိုး ပြောင်းနေတာ မကောင်းဘူး။

(၆) ကျန်းမာရေး

လူတုပ်ကွေး တွေ တွေ့တာ များနေတယ်။ ကျွန်တော်တော့ ခဏခဏ နှာစီး နေတယ်။ တုပ်ကွေးတော့ မဟုတ်ပါဘူး ထိပ်ခပ်နာ ဖြစ်နေတာပါ။

(၇) လူမှုရေး စသည်တို့ အပေါ်သုံးသပ်ချက်များ ။

တချို့က ကြွားတယ်၊ တချို့က တတ်ယောင်ကား လုပ်တယ်၊ တချို့က ခင်ဖို့ ကောင်းတယ်၊ တချို့က သောက်ညင်ကပ်စရာ ကောင်းတယ်၊ တချို့ ကိုယ်ကျိုးသမားတွေပဲ၊ တချို့က အများအတွက် နှလုံးသားကြီးကြီး ပိုင်ဆိုင်တယ်၊ တချို့က ထိုင်ကန်တော့ ချင်လောက်အောင် တော်ကြတယ်၊ တချို့က အပေအတေ၊ ကျွန်တော်ကတော့ ခပ်ချာချာ ကောင်ပဲ။

အားလုံးကို ခြုံငုံသုံးသပ်ရရင် ရန်ကုန်မှာ နေရတာ မွေးရပ်မို့လား မသိ ပျော်တယ်။ ရန်ကုန်ကို ချစ်တယ်။ ရန်ကုန်ဟာ စာတတ်ပေတတ် ခေတ်မှီ အဖိုးကြီး တစ်ယောက်နဲ့ တူတယ်။ ကျွန်တော် ရေးတဲ့ “ကျွန်တော်တို့အားလုံးရဲ့မြို့တော်”ကို ဖတ်ကြည့်နိုင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းယွန်းသစ်

4
comments

Aug 21

Blog Day Gathering: Update!!

Blog Day အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မယ့် Blogger Gathering and Blogging Excursion အကြောင်းကို ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ ဒီပွဲလေးကို ကျင်းပဖို့ အချိန်လည်း နီးကပ်လာပြီ ဖြစ်တာကြောင့် လာရောက်ကြမယ့် ဘလောဂ့်ဂါများ အားလုံးကို ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို ပြန်လည်ကြေငြာပေးချင်ပါတယ်။

Blogger Gathering

နေ့ရက် – ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ (၂၉)ရက် (စနေနေ့)

အချိန် – နံနက် (၁၀ ) နာရီမှ ညနေ (၄) နာရီထိ

နေရာ – ကန်တော်ကြီး ( ကရ၀ိတ်ဘေးမှ မြက်ခင်းပြင်)

အစီအစဉ်များ

* ဘလောဂ့်ဂါ အချင်းချင်းမိတ်ဆက်ခြင်း
* ဂိမ်းဆော့ခြင်း
* Quiz ဖြေခြင်းများ
* ဘလောဂ့်ဂါ အချင်းချင်း လက်ဆောင်ပစ္စည်း လဲခြင်း

တွေ့ဆုံပွဲကို လာရောက်ကြသောသူများအတွက် နေ့လည်စာ စီစဉ်ပေးမည်ဖြစ်ပါသည်။ အမှတ်တရ လက်ဆောင်များကိုလည်း မဲဖောက်ပေးသွားမည် ဖြစ်ပါသည်။

လက်ဆောင်များ လဲရန်အတွက် ကြိုက်နှစ်သက်ရာ လက်ဆောင်ပစ္စည်းတစ်ခုစီ ယူလာနိုင်ပါသည်။

Blogging Excursion

နေ့ရက် – ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ (၂၉)ရက် (စနေနေ့)

အချိန် – ည (၁၀) နာရီ ပြည်မြို့ကို ထွက်ခွာမည်ဖြစ်ပြီး (၃၀) ရက်နေ့ ညကို ပြန်ရောက်ပါမည်

သွားရောက်လည်ပတ်မည့်နေရာ – ပြည်မြို့ ၊ သရေခေတ္တရာမြို့ဟောင်း

Fees – 5000 ကျပ်

* ခရီးစဉ်အတွက် ကားစီစဉ်ပေးမည်ဖြစ်ပြီး အစားအသောက်စရိတ်များကို ကိုယ်တိုင်ကျခံရမည် ဖြစ်ပါသည်။
* ခရီးစဉ်အကြောင်းကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားနိုင်သူအား ကိုကျော်ဇေယျမှ ကင်မရာတစ်လုံး ဆုချီးမြှင့်မည် ဖြစ်ပါသည်။ (MBS မှ ပေးသောဆု မဟုတ်ပဲ ကိုကျော်ဇေယျမှ သီးသန့်စီစဉ်ပေးသော ဆု ဖြစ်ပါသည်) ။

Gathering နှင့် Excursion တွင် လိုက်ပါလိုသောသူများ Survey Form တွင် ဖြည့်စွက်ပေးကြပါရန် အကြောင်းကြားအပ်ပါသည်။

မပင့် ဘလော့ဂ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။

0
comments

Aug 20

ယိုးစွပ်ခံရတဲ့မုတ်သုံ

“…”
ခပ်သဲ့သဲ့လေး ကြားလိုက်ရ
ငါ့ပြတင်းတံခါး ဆွဲပွင့်သွားတယ်…
လက်ညှိုးငေါက်ငေါက်ထိုးနေတဲ့ လေနီတွေ
ငါ့ကို တွန်းတိုက်သွား…
ဝိရောဓိတွေ တခန်းလုံး ပေကျံလို့…
“…”
သဲ့သဲ့လေး ကြားရပြန်တယ်…
ဖြစ်တည်ခြင်းတွေ ဖရိုဖရဲ ဖြစ်သွား
တောင်းပန်စကားတွေတောင် မကြားလိုက်ကြဘူး။

4
comments

Aug 11

Blog Day တွေ့ဆုံပွဲ နှင့် သရေခေတ္တရာ 2.0 ခရီးစဉ် အတွက် ထပ်မံ ကြေငြာခြင်း

Blog Day အထိမ်းအမှတ် တွေ့ဆုံပွဲကို တက်ရောက် လိုတဲ့ သူငယ်ချင်းများ အနေနှင့် မည်သူမဆို အမည်စာရင်း register လုပ်ဖို့လိုအပ်ပါတယ်။ ခရီးစဉ်လိုက်ပါမယ့် သူများက တစ်ဦးလျှင် ၅၀၀၀ ကျပ် ပေးသွင်းရမှာပါ။ ခရီးစဉ်မလိုက်ပါနိုင်သူများ အနေနှင့်တော့ ပေးသွင်းရန် မလိုအပ်ပါဘူး။ လူတိုင်း နာမည်စာရင်း ပေးသွင်းဖို့ လိုအပ်တာကတော့ နာမည်စာရင်းအတိအကျ ရမှာသာ အင်္ကျီအရေအတွက် မှာယူလို့ ရမှာမို့ပါ။ နာမည်စာရင်း ပေးသွင်းခြင်းကို အနော်ရထာလမ်း တည့်တည့် ၅လမ်း၊ ကလီမှတ်တိုင် အနီး၊ သင်အာ စားသောက်ဆိုင် ကပ်လျက်ရှိ Activator Cyber Cafe ဆိုင်တွင် မနက် ၉ နာရီမှ ညနေ ၄နာရီ အတွင်း ပေးသွင်းနိုင်ပါပြီ။ ယနေ့မှ စ၍ ၂၅ရက်နေ့ အထိ စာရင်းပေးသွင်းနိုင်ပါပြီ။

တွေ့ဆုံပွဲအနေနှင့် ၂၉ရက်နေ့ မနက် ၁၀နာရီတွင် ကန်တော်ကြီးဥယျာဉ်၌် တွေ့ဆုံကျင်းပ ကြမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းထားသူ မည်သူမဆို လာရောက်နိုင်ပါတယ်။ အကျီလက်ဆောင် အပြင် တခြားသော လက်ဆောင် ပစ္စည်းများကိုလဲ အမှတ်တရ အဖြစ် ပေးအုံးမှာ ဖြစ်ပြီး တပျော်တပါး ကစားကြအုံးမှာ ဖြစ်ပါတယ်။ သရေခေတ္တရာ 2.0 ခရီးစဉ်ကိုတော့ ၂၉ရက်နေ့ ညဘက် ၁၀နာရီမှာ စထွက်မှာ ဖြစ်ပါတယ်။ (စုရပ်ကို တွေ့ဆုံပွဲ နေ့ကျရင် အားလုံးညှိနှိုင်းပြီး အတည်ပြု ပြောကြားပေးပါမယ်)။ သွားမည့် ခရီးစဉ် ကြာချိန်ကတော့ ၂ညအိပ် ၃ရက် ခရီးသာ ဖြစ်ပါတယ်။ ရန်ကုန်မှ ပြည်မြို့ကို ၆နာရီခန့် မောင်းနှင်ရတဲ့ အတွက် ၂၉ရက်နေ့ ည၁၀နာရီ ထွက်လျှင် ၃၀ရက်နေ့ မနက် ၄နာရီတွင် ပြည်မြို့သို့ ရောက်ရှိပါမယ်။

ပြည်မြို့ရောက်သည်နှင့် နံနက်စာစားကာ ခေတ္တ နားမည် ဖြစ်ပြီး မနက် မိုးသောက်သည်နှင့် ပြည်ချောင်းသာ (ဤနေရာတွင် Knowlege Sharing အစီအစဉ်နှင့် ကစားပွဲများကို ကစား ကြမှာ ဖြစ်ပါတယ်။) ၊ သရေခေတ္တရာ မြို့ဟောင်း၊ အခြား ပြည်မြို့၏ အထင်ကရ ဘုရားများသို့ သွားရောက်ကြမှာ ဖြစ်ပါတယ်။ ၃၀ရက်နေ့ ည ၁၂နာရီ တွင် ပြည်မြို့မှ ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး ရန်ကုန်ကို ၃၁ရက် (တနလာင်္နေ့) မနက် ၆နာရီတွင် ပြန်ရောက်မှာ ဖြစ်ပါတယ်။ နေ့အားဖြင့်တော့ စနေနေ့ ညဘက် ထွက်ကာ တနင်္ဂနွေနေ့ တနေ့လုံး လည်ပတ် ပြီးလျှင် တနလာင်္နေ့ မနက် ပြန်ရောက်မှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ညဘက် ပြန်ရောက်လျှင် ရပေမယ့် မိန်းကလေးများ အနေဖြင့် မိုးချုပ်လျှင် ကားအခက်အခဲ ရှိမည်စိုးသော ကြောင့် ၃၁ရက်နေ့ မနက်ကို ပြန်ရောက် ရန်စီစဉ်လိုက်ခြင်း ဖြစ်ပါတယ်။ (ရုံးသမားတွေ အတွက်လဲ အဆင်ပြေမှာပါ)။ ပြီးတော့ လူဦးရေ အပေါ်မူတည်၍ ကားငှားရမည် ဖြစ်ပါသဖြင့် ဘလော့ဂ်မှ သူငယ်ချင်းများ အွန်လိုင်းမှ သူငယ်ချင်းများ အနေဖြင့် ၂၅ ရက်နေ့ မတိုင်ခင် အစောပိုင်းကို စာရင်းပေးသွင်းထားစေလိုပါတယ်။

တွေ့ဆုံပွဲလူစာရင်း ပေးသွင်းရန် အခက်အခဲရှိသူများ (ခရီးစဉ်မလိုက်နိုင်သည့် သူများ) အနေနှင့် သွားလာရန် နေရာ အခက်အခဲရှိပါက bloggersociety.mm@gmail.com ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။ ခရီးစဉ်လိုက်ပါမယ့် သူတွေကတော့ ကိုယ်တိုင်ကိုယ်ကျ လာပေးသွင်းဖို့ လိုတယ်နော့။ :) ကဲ ဘလော့ဒေးမှာ ပျော်ပျော်ပါးပါး ဆုံကြရအောင်ဗျာ။

2
comments