အခန်း(၆)
လွန်စွာကြီးမားသော ဂိုဒေါင်ဟောင်းကြီး တလုံးထဲဝယ် ခပ်မှိန်မှိန် မီးချောင်းအောက်ရှိ ကုတင်လေးပေါ်တွင် လူအများ စုဝေးကာ ဖဲရိုက်နေကြလေ၏။ မည်မျှဝိုင်းကောင်းနေသည် မသိ ၎င်းတို့သည် ပတ်ဝန်းကျင်ကိုပင် မေ့လျော့နေဟန်ရှိ၏။ အပြင်ဘက်တွင်ကား မိုးများ သည်းထန်စွာ ရွာသွန်းနေသဖြင့် ထိုဂိုဒေါင်ကြီး၏ ခေါင်မိုး တခုလုံးသည် ပွက်လောညံနေလေတော့သည်။
“ကဲကဲ.. အကုန်ဖမ်းတယ်ကွာ…ဒိုင် ၈ရှိတယ်.. သုံးချပ်အိမ်တွေ အကုန်ချ…”
ဒိုင်နှင့် အနီးဆုံးတွင် ထိုင်နေသော ကိုးပွင့်သော အိမ်မှလွဲ၍ ကျန်သူများသည် ရှုံ့မဲ့စွာဖြင့် ဖဲချပ်များကို ၎င်းတို့ရှေ့သို့ ပစ်ချလိုက်ကြသည်။
“အောင်မယ်.. အေဘေးတွေ.. မင်းတို့စားကလှည့်တုန်းကတော့.. ပြုံးလို့. ပေးရမယ့် အလှည့်ကျတော့ မျက်နှာတွေက ရှစ်ခေါက်ချိုးနဲ့… ငါထပြီး..နားရင်းတီးလိုက်ရ…”
ဒိုင်ကိုင်သောသူက အားလုံး၏ ခေါင်းဆောင်ဖြစ်ဟန်ရှိကာ ထိုးသားများကို မာန်မဲနေ၏။
“ဂျိုင်း…”
“ဟဲ့…ပလုပ်တုပ်”
ရုတ်တရက်ဆိုသလို ဂိုဒေါင်တံခါးကြီးသည် ပွင့်အံလာ၏။ တံခါးတွင်တော့ အပြင်ဘက်က လျှပ်ပန်းများကြောင့် ကုဒ်အကျီရှည်နှင့် လူတစ်ယောက်အား တွေ့သော်လည်း မည်သူမည်ဝါဆိုသည်ကို မသဲကွဲပေ။ ဖဲဝိုင်းမှ လူတစုသည် ချက်ချင်းပင် ခါးကြားမှ လေဆာ သေနတ် များဖြင့် ထိုသူအား ၀ိုင်းဝန်းချိန်ထားလိုက်ကြလေသည်။
ခေါင်းဆောင်လုပ်သူက…
“ဟေ့ကောင် ရပ်လိုက်စမ်း… မင်းရှေ့မတိုးခင် …မင်းဘယ်သူလဲအရင်ပြော.. မဟုတ်လို့ကတော့.. နောက်လှမ်းမယ့် ခြေတလှမ်းဟာ မင်းရဲ့ သေရွာကို သွားမယ့် ခြေလှမ်းဖြစ်သွားမယ်…”
သို့သော် ကုဒ်အင်္ကျီရှည်နှင့်လူက ဘာကိုမှ ဂရုမူပုံ မပေါ်ပဲ ဂိုဒေါင်ထဲသို့သာ အထုပ်တထုပ် ထမ်းကာ ၀င်လာ၏။ လွန်စွာမှ ရဲတင်းလွန်းလှသော ထိုသူ၏ အပြုအမူကြောင့် သေနတ်နှင့် ချိန်ထားသော လူတစုသည် မပစ်သေးပဲ အခြေအနေကို စောင့်ကြည့်နေကြသည်။ ထို့နောက် တံခါးအနီးတွင်ရှိသော ခြေတံရှည် စားပွဲပေါ်သို့ အထုပ်ကို တင်လိုက်ပြီး ဦးထုပ်ချွတ်လိုက်ရာ…
“ဟာ..ကီး..ကီးစိန်ပါလား..ခင်ဗျား..ကီးစိန်မှတ်လား…”
ကီးစိန်က ဘာမှပြန်မဖြေသေးဘဲ ခုံပေါ်က အထုပ်ကို ဖြေချလိုက်သည်။ ထိုအထုပ်ထဲတွင် အသက် ၆နှစ်ခန့်သာ ရှိသေးသော ကလေးငယ် တစ်ယောက်အား တွေ့ရလေသည်။ ကုဒ်အကျီ အိတ်ထဲရှိ စီးကရက်ဘူးကို ထုတ်ပြီး စီးကရက်တလိပ် မီးညှိလိုက်ပြီးမှ…
“ဟုတ်တယ် ကျုပ်ကီးစိန်ပဲ.. ဒီငတိလေးကို ခင်ဗျားတို့ ဆီမှာ ခဏထားခဲ့မယ်…”
နာမည်ကြီး လူဆိုးကြီး ကီးစိန်ကို အရှင်လတ်လတ်ကြီး တွေ့လိုက်ရသဖြင့် လူဆိုးခေါင်းဆောင်လဲ ယောင်နနဖြစ်နေ၏။
“အင်း..အဲ…ဟို..”
“ဘာလဲ.. လက်မခံချင်ဘူးလား…မင်းတို့ကို ငါ အလကား မခိုင်းပါဘူး.. ရော့ယူထား..”
ကီးစိန်က လူစု၏ ရှေ့သို့တိုးလာပြီး ခေါင်းဆောင်လုပ်သူ၏ လက်ထဲသို့ အထုပ်လေး တထုပ် ပေးလိုက်သည်။
ကီးစိန်ပေးသော အထုပ်ကို လှမ်းယူပြီး ဖြေလိုက်ရာ အထဲတွင် အရောင် တလက်လက် ထနေသော ဒင်္ဂါးပြားများကို တွေ့ရ၏။
“အဲ… ဒီကလေးက ဒီလောက်တောင် တန်ဖိုးရှိလား..ဒီငတိလေးက ဘယ်သူမို့လို့လဲ..”
“မမေးနဲ့.. ကောင်းကောင်းသာ စောင့်ရှောက်ထား.. နောက်၂ရက်နေရင် ငါပြန်လာခေါ်မယ်.. တခုခု လွဲချော်ခဲ့ရင်တော့…ဟင်းဟင်း.. အကုန် နားကားပြီသာမှတ်…”
“ခင်ညာ..ဟုတ်..ဟုတ်ကဲ့..”
သို့နှင့် ကီးစိန်သည် ဂိုဒေါင် တံခါးဝဆီမှ သည်းထန်နေသော မိုးပေါက်များ အတွင်း ၀င်ရောက် ပျောက်ကွယ်သွားလေတော့သည်။
“ဗြဲ..”
လူဆိုး တယောက်က ဆိုင်းမဆင့် ဗုံမဆင့် ထအော်ငိုလေ၏။
“ဟေ့ကောင် တာတီး. ဘာဖြစ်တာလဲဟ”
“အီးဟီးဟီး. ကီးစိန်ရဲ့ ဒင်္ဂါးတွေကို မြင်တော့ ဆုံးသွားတဲ့ ကျွန်တော့် ရည်းစားကို ၀ယ်ကျွေးဖူးတဲ့ ချောကလက်ပြားလေးတွေကို သွားသတိရလို့ပါ.. ဆရာရယ်..ဗြဲ..”
“အာ ..ငါလခွေး.. ကီးစိန်လာလို့ လန့်နေရတဲ့အထဲ.. အလန့်ထညက် ဖြစ်အောင် လုပ်တဲ့ကောင် ကိုင်းဟာ..”
“ဖုံး…”
ခေါင်းဆောင်လုပ်သူက သောက်ညင်ကပ်ကပ်ဖြင့် ဆောင့်ကန်လိုက်ရာ တာတီးဆိုသူသည် ကုတင်အောက်သို့ ခေါင်းနှင့် ပြုတ်ကျသွားလေတော့သည်။
+++++++++++++++++
အခန်း (၇)
မြေ၀ါကုန်း…။ ကျွန်တော်တို့ ရောက်ရှိသွားတော့ ရွှေမန်းရုံနှင့် မျက်စောင်းထိုးနားတွင် များပြားလှသော လူအုပ်ကြီးနှင့် ရဲယာဉ်ပျံများကို တွေ့ရ၏။ သတင်းဌာနများကလဲ ကင်မရာများ ပလူပျံနေအောင် ရိုက်ကူးနေ၏။ ကျွန်တော်နှင့် ကြောင်မျိုးသည် လူအုပ်ကြီးကို တိုးဝှေ့သွားတော့ လုံခြုံရေး စည်းများ တားထားသည်ကို တွေ့ရပြီး ရဲများ စောင့်ကြပ်နေကြ၏။
“ဒီနေရာက ကျော်ပြီး ၀င်လို့မရပါဘူး..”
ရဲသား တယောက်က ကျွန်တော်တို့ ရှေ့တိုးမည် အပြုတွင် လာရောက် တားမြစ်နေခြင်း ဖြစ်သည်။ ကျွန်တော်က 11G ဖုန်းထဲမှ အရာရှိ e card ကို ပြလိုက်သည်။
“လေးစားပါတယ်.. ၀င်လို့ရပါပြီ.. ဆရာ”
“ဒါနဲ့ ကျုပ်မိတ်ဆွေ ဘလာဂေါက်ကို တွေ့မိသေးလားဗျ..”
“ဟုတ်.. တွေ့ပါတယ်.. ဟိုဘက်မှာ ရပ်ထားတဲ့ ယာဉ်ပျံပေါ်မှာပါ..”
ဘာတွေများ ဖြစ်လို့ လူတွေ ဒီလောက် မိုးရွာထဲမှာ အုံခဲပြီး ကြည့်နေကြပါလိမ့်။
သို့နှင့် ကျွန်တော်တို့လည်း ရဲသား ညွှန်ပြသော ယာဉ်ပျံဆီသို့ လျှောက်သွားကြ၏။ ၎င်းယာဉ်ပျံဆီသို့ ရောက်လျှင် ယာဉ်ပျံပေါ်၌ ကျွန်တော့်စိတ်ထင် အလွန်အလုပ်များလျှက်ရှိမည် ထင်သော မိတ်ဆွေကြီး ဘလာဂေါက်သည် နှစ်ခြိုက်စွာ အိပ်မောကျနေသည်ကို တွေ့ရလေသည်။
“ဟေ့လူ…ဒီမှာ ..ဘာလို့အိပ်နေတာတုန်း..”
အံမယ် ကိုယ့်လူကို နှိုးလိုက်တော့ ၀ီစကီ အနံ့ခပ်လွင်လွင်ကို ရလိုက်၏။
“အင်း..အဲ.. အော်.. တိုလီတို့ရောက်လာပြီကိုး.. ကျုပ်လဲ ခင်ဗျားတို့ကို စောင့်ရင်း..မိုးကလဲရွာ… ရာသီဥတုကလဲ.. ကိုယ့်ဘက်ပါနဲ့ … အဟတ်.. နှပ်နေတာလေ..”
“ဟဲဟဲ..ဖြစ်ရမယ်.. ဒါနဲ့…ဒီမှာ ဘာတွေဖြစ်နေတာတုန်းဗျ..”
“ဒီလိုလီလီရေ.. ဆက်သွယ်ရေး လမ်းကြောင်းကို ကြားဖြတ် နှောင့်ယှက်ခံရတယ် ထင်တယ်.. နှာခေါင်းတွေ၊ နားရွက်တွေ…၊ ခြေထောက်တွေ သက်သက် ကြားဖြတ် ဒီနားက ဆက်သွယ်ရေး ၀ိုင်ယာက နေ ရှော့ခ်ဖြစ်ပြီး ပြုတ်ကျလာတာ..”
“ဟင်ဟုတ်လား…ဒါမျိုးဖြစ်ခဲပါတယ်.. တော်တော်ဆိုးတာပဲ… အထိအခိုက် တော်တော်များလား.. လမ်းကြောင်း ဘယ်နှခု ထိသွားတယ်တဲ့လဲဗျ..”
“များတော့ များမယ်… အခုထိတော့ cyber security တွေက လိုက်လံစုံစမ်း နေတုန်းပဲ..လီလီရ.. အွန်လိုင်း ခရီးသွားနေတဲ့ သူတွေကိုတော့ သတိဝီရိယနဲ့ သွားဖို့ တပ်လှန်ထားတာပဲ..”
ကြောင်မျိုးက ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း…
“ခန္ဓာဗေဒ ပြန်လည် တည်ဆောက်ရေး ဌာနကတော့ အလုပ်တော်တော် များမှာပဲ.. အင်္ဂါတွေ မှားမတပ်မိဖို့ တော်တော် စီစစ်ရမယ်…”
ကျွန်တော်တို့ စကားပြောနေစဉ် အတွင်း နောက်ထပ် ခရီးသွားသူ တယောက် လမ်းကြောင်း ပြောင်းပြီး ရောက်လာပုံရ၏။ ဒီတခါ ရောက်လာသူမှာ လူတကိုယ်လုံး ဖြစ်သည်။ ထို့ပြင် အမျိုးသမီး တဦးဖြစ်ပြီး ည၀တ် ဂါဝန် ဖားယားကြီးနှင့် ဖြစ်သည်။
“ဟိုက်.ဒါ ကျုပ်တို့ ဘဏ္ဍာရေးမှူးကြီး ဒေါ်ပိန်ဂိုးလ်မှတ်လား..”
ဒေါ်ပိန်ဂိုးလ်မှာ သူလုံးဝ မထင်မှတ်ထားသော နေရာကို ရောက်လာသည့်အပြင် လူများအုံနေပြီး သတင်းသမားများ အလယ်တွင် ရောက်ရှိသွားရာ တောင်ပြေးရမလို မြောက်ပြေးရမလို ကြောင် အမ်းအမ်း ဖြစ်နေရှာသည်။ ကျွန်တော်လဲ ပိန်ဂိုးလ်ကို လူအုပ်ကြားထဲမှ ယာဉ်ပျံဆီသို့ ခေါ်လာခဲ့ရသည်။
“ဟဲ့..ဟဲ့..လုပ်ကြပါအုံးဟဲ့.. ဘာတွေဖြစ်ကုန် တာတုန်း…နားတောင် မလည်တော့ဘူး.. ငါက ပန်ပန်တို့ အိမ် ကိုးရီးယားကား သွားကြည့်မလို့..သွားတာ.. ဘယ်နှယ် ဖြစ်လို့ ဒီနေရာ ရောက် လာတာတုန်း.. အိအိ ငါ့ရဲ့ မိုးပျံပူဖောင်း အ၀တ်အစားကြီးနဲ့ မလှမပ သတင်းစာတွေမှာ ပါတော့မှာပဲ..”
အကျိုးအကြောင်းကို ရှင်းပြပြီးနောက် ကျွန်တော်တို့လဲ ဘဏ္ဍာရေးမှူး ပိန်ဂိုးလ်အား ယာဉ်ပျံထဲရှိ ၀ိုင်ယာလက်စ် လမ်းကြောင်းဖြင့် ပန်ပန်တို့ အိမ်ကို ပို့လွှတ်လိုက်ကြလေသည်။
“မင်းကို မစ္စတာ ညက်လီဆင်းက တာဝန်ပေးထားတယ် မှတ်လား၊ ဒီကိစ္စ မင်းဘယ်လို ထင်လဲ..”
မိတ်ဆွေကြီး ဘလာဂေါက်က မေးစေ့ကို ပွတ်ရင်း တွေးတွေးဆဆနှင့် ကျွန်တော့်ကို မေးလိုက်သည်။
“ဘယ်လို ထင်လဲဆိုတော့ နှောင့်ယှက်ခံရတဲ့ နည်းနာနိဿယ ပေါ်မှာ မူတည်နေတယ်ဗျ..။ ဒါဟာ သမာရိုးကျ ခရီးသွားကုမ္ပဏီရဲ့ နည်းပညာ အမှားလား၊ ဒါမှမဟုတ် ကြားဖြတ်မှာ တယောက်ယောက် ၀င်နှောက်သွားတာလား ဆိုတာ သိမှ ဆုံးဖြတ်လို့ရမယ်.ဗျ..”
“အင်း.. ဒါဆို.. အကယ်၍ ဒုတိယ အချက် ဖြစ်မယ် ဆိုရင်ကော..”
“ဒုတိယ အချက်ဆိုရင်တော့ ဖြစ်နိုင်တာ ကီးစိန်ပဲရှိမယ်..၊ ဘာလို့လဲဆိုတော့ ဘလော့ကာ နိုင်ငံထဲက လူတွေရဲ့ လက်စလက်နက ဒါမျိုး မဟုတ်ဘူး..၊ သူတို့က ပိုက်ဆံအတွက်လုပ်တာ၊ ကီးစိန်ကျတော့ ပိုက်ဆံ အတွက်တင် မဟုတ်ဘူးဗျ၊ သူက ၀င်ရိုးစွန်းမိစ္ဆာ ဘလော့နိုင်ငံတွေနဲ့လဲ အဆက်အသွယ်ရှိတော့ ဒါ တမင်သက်သက် အကြမ်းဖက်လုပ်တာပဲ..”
“အင်း ..ဖြစ်နိုင်တာပဲ”
“ဒါဖြင့် ကျွန်တော်တို့ ကီးစိန်ရှိတဲ့ နေရာကို ထောက်လှမ်းရအောင်..ပြီးရင် တည်ချက်တခုနဲ့ ထောင်ဖမ်းမယ်ဗျ..”
ကြောင်မျိုးက စုံထောက်ပီပီ ကီးစိန်ကို အမိဖမ်းရန် သူ့အကြံကို ပြော၏။
“အင်း ..ကောင်းတယ်ဗျ…ဒါပေမယ့် လောလောဆယ် ကျွန်တော်တို့ သက်သေ မရှိသေးတော့ ဖမ်းဖို့ မလွယ်သေးဘူးဗျ.. တခြား ပြဿနာတွေ မဖြစ်မှီတော့ ကီးစိန်ရှိတဲ့ နေရာကို ထောက်လှမ်းဖို့ လိုလိမ့်မယ်..”
“အင်း..အကူအညီလိုရင်ပြောလေ…အဲ.. အားလုံးကို အားနာတယ်..အဟီး ကျွန်တော့် မိန်းမပေါ့.. အခုပဲ မက်စိပို့တယ် … ထမင်းစားဖို့ စောင့်နေတယ်တဲ့.. အခုလာမစားရင် သွန်ပစ်လိုက်မယ်တဲ့… ဟီး..အချိန်လဲ လင့်နေပြီဆိုတော့…”
မစ္စတာဂေါက်က မက်စိဝင်လာသော သူ့ဖုန်းကို ကြည့်ရင်း အားတုံ့အားနာနှင့် ပြော၏။
“ဟဲဟဲ.. သဘောပေါက်ပါတယ်ဗျာ.. ကဲကဲ..နောက်မှ တွေ့တာပေါ့.. ဆီးယူဘိုင့်ဘိုင်ဗျာ”
မိတ်ဆွေကြီး ဘလာဂေါက်အား နှုတ်ဆက်လိုက်ကြပြီး ကျွန်တော်တို့လဲ ထိုနေရာမှ ပြန်လည် ထွက်ခွာ လာခဲ့ကြလေတော့သည်။
+++++++++++++++++++++ဆက်ရန်…