Archive for August, 2008

Aug 27

ဘလော့ကာဖြစ်ခြင်း မဖြစ်ခြင်း

ဘလော့တခုပိုင်ရုံနဲ့ ဘလော့ကာလို့ ပြောချင်လဲ ပြောပေါ့…
မခေါ်ချင်လဲ ရပါတယ်…
အနုပညာဆိုတာ ဖန်တီးသူရဲ့ နှလုံးသွေးစုတ်ချက် …..
ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ဖန်တီးသူရဲ့ အလုပ်မဟုတ်ဘူး…
ကျွန်တော့် စုတ်ချက်တွေ ၀ိဥာဉ်ရှိ သ၍ ခြယ်မှုန်းနေမှာပါပဲ….
စကားလုံးပန်းချီတွေ ဟောဒိရှေ့မှာ သွန်မှောက်ချပြနေအုံးမှာပါပဲ…
တခါတရံ ကာရံညီချင်ညီမယ်…၊ တခါတရံ သံစဉ်မဲ့နေမယ်..
တခါတရံလဲ ထော်လော်ကန့်လန့် ဖြစ်ချင်ဖြစ်နေမယ်….
အားပေးသူရှိချင်ရှိမယ်….၊ ရှိချင်မှလဲ ရှိမယ်…..
ဟုတ်ကဲ့ ကျွန်တော် ဘလော့တခု ပိုင်ဆိုင်ပါတယ်….
ဒါပေမယ့် ဘလော့ကာ ဖြစ်ချင်မှ ဖြစ်မယ်…..
ဟုတ်ကဲ့……
ကျွန်တော့် မှာ ဘလော့တခုပိုင်ဆိုင်ပါတယ်……

4
comments

Aug 27

အရေးပေါ်ထုတ်ပြန်ကြေငြာချက်

ကိုမျက်လုံးဘလော့မှ ပြန်လည်ဖော်ပြပါသည်။
၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော "Socialization on Net" နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင် ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူ ဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။

ပွဲစီစဉ်သူများ
ကိုသက်ထူး
ကိုဇော်ဇော်
ကိုဖြိုးကျော်
ကိုစိုးဇေယျ
ကိုမျိုးမြင့်အောင်
ကိုဝေမျိုးထွဋ်
မထိုက်ထိုက်အောင်
မတင်မြတ်ထက်

0
comments

Aug 26

ဆီမီနာပြုလုပ်မည့်ရက်ကြေငြာခြင်း

မပင့်ဆီမှ ပြန်လည်ကူးယူဖော်ပြပါတယ်။
သဂုတ်လ (၃၁) ရက်နေ့မှာ ကျရောက်မည် World Blog Day အထိမ်းအမှတ်အနေဖြင့် MBS (Myanmar Blogger Society) အဖွဲ့ဝင် Blogger တွေ ဦးစီးပြုလုပ်မယ့် Seminar တစ်ရပ်ကို 2008 ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့မှာ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေထဲမှာရှိတဲ့ MICT မှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ Seminar အမည်ကိုတော့ “Socialization on Net” လို့အမည်ပေးထားပြီး မြန်မာ Blogger များရဲ့ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Seminar ပဲဖြစ်ပါတယ်။ ဒီပွဲကို ပြည်တွင်းမြန်မာဘလောဂ့်ဂါတွေရဲ့ ဦးဆောင်မှု၊ ပြည်ပမြန်မာ ဘလောဂ့်ဂါတွေရဲ့ ပူးပေါင်းပါဝင်မှု တို့ဖြင့် စည်းစည်းလုံးလုံး ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အင်တာနက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Social Networking နဲ့ Blogging တို့ကို အခြေခံပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်တာတွေ၊ စီးပွားရေး ဈေးကွက်ကို ထိုးဖောက်ဝင်ရောက် နိုင်တာတွေ၊ ပညာရေးကို မြှင့်တင်ပေးနိုင်တာတွေ၊ Global ရေစီးကို ပိုမိုလျင်မြန်အောင် စီးဆင်းနိုင်ဖို့ လုပ်ဆောင်နိုင်တာတွေကို မြန်မာ ဘလောဂ့်ဂါ လူငယ်များမှ ဟောပြောပေးသွားမှာ ဖြစ်ပါတယ်။ MBS ရဲ့ အနာဂတ် လုပ်ငန်းစဉ်များကိုပါ ပြောကြားပေးမှာ ဖြစ်ပြီး Guest Speaker တစ်ဦးကိုလည်း ဖိတ်ကြားဖို့ စီစဉ်နေပါတယ်ရှင်။

ဒီ စီမီနာ အခမ်းအနားလေးကို အိုင်တီ၊ ကွန်ပျူတာ၊ အင်တာနက်၊ စီးပွားရေး၊ ပညာရေး အစရှိတဲ့ နယ်ပယ် အသီးသီးကလူတိုင်းအတွက် ရည်ရွယ် ဟောပြောပေးမှာ ဖြစ်လို့ လူတိုင်း မလွတ်တမ်း လာရောက်နားထောင်သင့်တဲ့ ဟောပြောပွဲတစ်ခု ဖြစ်ပါတယ်။ Social Networking နဲ့ Blogging တို့မှ ရရှိလာမယ့်၊ ဖန်တီးယူနိုင်တဲ့ အခွမ်းအလမ်းတွေဟာ ဘာတွေဖြစ်မလဲ ဆိုတာကိုတော့ အဲဒီနေ့မှာပဲ လာရောက်နားထောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

0
comments

Aug 25

ကျွန်တော့်မြို့ပြည

သင်ခန်းစာမရှိတဲ့ညမှာ
ငါ့ကိုယ်ငါ အိပ်မောကျလို့ မရခဲ့ဘူး…
စီးကရက် တရှိုက်စာ အလွမ်းတွေ…
အဲဒိဓာတ်မီး တိုင်ကွေးညွှတ်ညွှတ်အောက်..
လုံးပါးပါးခဲ့ရတယ်..
ပေတရာလမ်းမကြီးက အလျားလိုက်ကြီး…
တိတ်ဆိတ်လို့….
မြို့ပြတခုလုံး တုံးလုံးပက်လက်လဲနေလိုက်ကြတာများ
မနာလိုဖြစ်ဖို့တောင် ကောင်းတယ်…
ရီခိုးဝေနေတဲ့ စက္ခုရှေ့က မီးရောင်တွေက
ကချေသည်မလို အူယားဖားယား ကပြနေကြ…
အနားစုတ်နေတဲ့ ဂျင်းပန်တထည်လို ဖန်တရာတေနေတဲ့
ဖိုသီဖတ်သီ ရာသီဥတုတွေက..
အဲဒိ…အမှောင်ထုထဲ ပြေးဝင်သွားကြ…
အဲဒိညက
သူငယ်ချင်း တသိုက်နဲ့…
ပါးစပ်ဖြစ် ကဗျာတွေ…
မြို့လယ်ခေါင်မှာ ခြေပစ်လက်ပစ် အော်ဟစ်ရွတ်ကြ….။

1
comments

Aug 22

အိုလံပစ် မီတာ ၁၀၀၀၀ မာရသွန်ရေကူး

မနေ့ညက အိုလံပစ်ပွဲတွေကြည့်ရင်း ချန်နယ် တခုကို ချိန်းကြည့်တော့ မာရသွန်ရေကူးဆိုလို့ စိတ်ဝင်စားပြီး ထိုင်ကြည့်မိတယ်။ ၁၀ ကီလိုမီတာ တနည်းအားဖြင့် မီတာ ၁၀၀၀၀ ။ ကျွန်တော်က မာရသွန်ကို ပြေးတာသာ ကြည့်ဖူးတာ ရေကူးတာတော့ မကြည့်ဘူးဖူး။ တော်တော်ကြာကြာ မနားတမ်းကူးရတယ်ဗျာ..။ ရေကူးဖူးသူ တစ်ယောက်ဆိုရင် သိလိမ့်မယ်။ ရေကူးရင် အသက်ရှူရတဲ့ သက်လုံကဘယ်လောက် ကောင်းဖို့လိုတယ် ဆိုတာ ကူးဖူးမှ သိတာ။ မီတာ၁၀၀၀၀ ဆိုတာ နည်းတာ မဟုတ်ဘူး။ ကူးရတာ outdoor ရေကန်ကြီးမှာ ကူးရတာကျွန်တော်တောင် ရေကူးသမားတွေ ကြည့်ရတာ မောတောင်လာတယ်။ တော်ရုံဇွဲနဲ့လဲ မရဘူး..။ ဒါမျိုး ရိုးရိုးရေကူးသမား တွေအနေနဲ့တောင် မလွယ်ဘူး ထင်တယ်။ ပထမ မနားတမ်း အင်္ဂလန်က ဒေးဗစ်က ဦးဆောင်နေပြီးကာမှ ပြိုင်ပွဲပြီးကာနီးမှာ နယ်သာလန်က Maarten van der Weijden က ကပ်ပြီး ပန်းဝင်သွားတယ်။ ပြိုင်ပွဲ ကြာချိန်က အားလုံးစုစုပေါင်း ၁နာရီ ၅၅မိနစ် ကျော်တောင် ကြာတယ်။ မနားတမ်းကူးတဲ့ အချိန်ဟာ ၂နာရီနီးပါးဆိုတော့ တကယ်ချီးကျူးဖို့ကောင်းတယ်ဗျာ..။ တကယ်ချီးကျူးစရာကောင်းတဲ့ မာရသွန်ရေကူး သမားတွေပါပဲ။ (ကျွန်တော့်သာ IOC အဖွဲ့အကြီးအကဲဆို ဒီလောက်ပင်ပန်းတဲ့ ကစားသမားတွေကို ပထမ၊ဒုတိယ၊ တတိယ အပြင် တခြား ကစားသမားတွေကိုပါ ဆုထိုက်တန်အောင် ပေးတယ်ဗျာ..) ကြည့်ရတာ မောလွန်းလို့…။ :P

မာရသွန်ရေကူး ချန်ပီယံ Maarten van der Weijden (နယ်သာလန်)

အပြည့်အစုံကြည့်ချင်ရင် ဒီမှာ

0
comments