အခန်း(၁)
အေးစက်ခြောက်သွေ့ပြီး မကောင်းဆိုးဝါးတစ်ကောင်နှင့် သဏ္ဍာန်တူသော ရဲတိုက်ဆန်ဆန်အိမ်ကြီး၏ လမ်းမကြီးအတိုင်း တံခါးဝထွက်ပေါက်ဆီသို့ လူတစ်ဦးသည် တဟုန်ထိုးပြေးလာလေသည်။ တဟူးဟူးတိုက်ခတ်နေသော လေပြင်းသည် သစ်ရွက်ခြောက်များကို လမ်းမပေါ်ဆီသို့ သယ်ဆောင်လာ၏်။ ခန္ဓာကိုယ်ရှိ အ၀တ်များ စုတ်ပြတ်ပေရေနေသော လူတစ်ဦးသည် မောဟိုက်နေသော်လည်း သူ့မျက်လုံးများက အလွန်ကြောက်လန့်ကာ ပြူးကျယ်နေသည့်ပုံစံဖြင့် ခြေဦးတည့်ရာ စမ်းတ၀ါးဝါး ဇွတ်ပြေးနေသည့်ပုံပေါ်လေသည်။ လူ့အရပ်သုံးပြန်ခန့်ထိမြင့်မားလှသော ၀န်းခြံတံခါးကြီးရှေ့သို့ အရောက်တွင် တကိုယ်စာသာလွတ်နေသော ဟနေသော တံခါးဝမှ အတင်းတိုးထွက်လိုက်ရာ အိုဟောင်း၍ သံချည်းအစွန်းများထနေသော တံခါးဘောင်နှင့် သူ့လက်မောင်းကို ခြစ်မိလေတော့သည်။ ဒဏ်ရာသည် သိပ်မနက်သော်လည်း ခြစ်မိသော ဒဏ်ရာကြောင့် သွေးများဖြန်းကနဲ ပန်းထွက်လာလေသည်။
“အား…ကျွတ်..ကျွတ်”
သို့သော် ထိုသူသည် သူ့ဒဏ်ရာအား ဂရုမစိုက်အားပဲ ခြံဝန်းရှေ့ရှိ တောလမ်းလေးအတိုင်းပင် ရှေ့သို့ဆက်၍ ပြေးနေလေတော့သည်။ သူ့ခင်မျာ ပြေးနေရသော်လည်း အိမ်ကြီးဆီသို့သာ စိတ်မချစွာ လှည့်ကြည့်လှည့်ကြည့် ပြေးနေရ၏။ ပြေးရင်းပြေးရင်းနှင့် တောအုပ်လေးထဲသို့ပင် ၀င်ရောက်လာလေတော့သည်။
ထိုစဉ်ရုတ်တရက် သူ့ရှေ့ဘက် မြေပြင်အောက်မှ လက်တစ်ချောင်းသည် သူဘယ်လိုမှ မထင်မှတ်ချိန်တွင် သူ့ခန္ဓာကိုယ်အား မြေကြီးထဲသို့ တအား ဆောင့်ဆွဲခြင်းခံလိုက်ရသည်။
“အား….အား… လုပ်…လုပ်ကြပါအုံး…..”
သူ့ခင်မျာ ရှိသမျှအားနှင့် ထိုမြေကြီးထဲမှ ဆွဲနေသော အားကို ဆန့်ကျင်၍ ကုတ်ဖဲ့ပြီး မှီရာမြက်ပင်များကို ဆွဲကိုင်သော်လည်း ဘယ်လိုမှ အားချင်းမမျှပဲ ရုတ်ချည်းပင် မြေကြီးအောက်သို့ ပါသွားလေတော့၏။
“အား…………”
ကြောက်မက်ဖွယ် အသံနက်ကြီးနှင့်အတူ မြေပြင်ပေါ်တွင် သွေးများစီးကျလာလေတော့သည်။
+++++++++အခန်း(၂)
“အရင်က ဒီနေရာတွေက လယ်ယာမြေတွေထင်တယ်”
“ဟုတ်တယ်… ဟိုမှာတွေ့လား စပါးပင်တွေ မြက်ရိုင်းတွေကြားထဲမှာ ရောပေါက်နေကြတယ်”
လယ်ကွက်ဟောင်းများကိုဖြတ်လျှောက်လာပြီး တောထနေသော မြက်ရိုင်းချုံနွယ်များကို ကြည့်ရင်း သူတို့နှစ်ယောက်ပြောနေကြခြင်းဖြစ်၏။
“ကိုဘုန်းမော် ကျွန်တော်တို့ ဘယ်လောက်ထိ ဆက်သွားရအုံးမယ် ထင်လဲဗျ”
“အင်း ကျွန်တော့်တို့ နောက်တစ်နေ့လောက်ထိ ဆက်သွားရလိမ့်မယ်ဗျ ဒီနားက ရွာပျက်နေရာလေ.. အရင်က ကပ်ဆိုက်ပြီး ရွာကို ပစ်ပြေးကုန်ကြတာပေါ့”
“ညနေလဲ အတော်စောင်းနေပြီဗျာ ကျွန်တော်တို့ ဒီရွာပျက်မှာပဲ ဒီညတစ်ည အိပ်ကြရမယ်ထင်တယ်”
“အမှန်ပဲ ရဲထဋ်ရေ ဒီနားမှာ လယ်ကွက်ရှိပုံထောက်ရင် သူတို့ စပါးခြွေလှေ့တဲ့ သလင်းလဲ ဒီနားတ၀ိုက်မှာ ရှိရမယ်၊ အဲဒိမှာပဲ တဲထိုးကြတာပေါ့”
တဲထိုးမည့်နေရာကို ရှာရန် ရဲထွဋ်တို့ နှစ်ယောက်သည် အထုပ်အပိုးကိုယ်စီဖြင့် လယ်ကန်သင်းရိုးများကို ဖြတ်ပြီး ဆက်လျှောက်ကြလေသည်။ ဘုန်းမော်ယူဆသည့်အတိုင်းပင် ရိုးပြတ်များအလွန်တွင် စပါးခြွေလှေ့သော သလင်းဟောင်းတစ်ခုကိုတွေ့ရလေသည်။ ထိုနေရာသည် နေရာဟောင်းဖြစ်သည့်အတွက် ယခင်ကလို ရှင်းလင်းမနေပဲ မြက်နုလေးများအနည်းငယ်တော့ ပေါက်ရောက်နေသည်။ အထုပ်အပိုးများကို ချကာ သူတို့တဲထိုးမည့် နေရာတ၀ိုက် ကို အနည်းငယ်ရှင်းလင်းလိုက်ကြပြီး ငုတ်တိုင်လေးများစိုက်ကာ တဲထိုးလိုက်ကြသည်။
“မီးလဲ နဲနဲဖိုထားမှဖြစ်မယ်ထင်တယ်ရဲထွဋ် ရေ၊ ဒီနေရာက တောအုပ်နဲ့ နဲနဲနီးတယ် တောကောင်တွေ ဘာတွေရှိနေနိုင်တယ်၊ ဒီတော့ တလှည့်စီအိပ်ကြတာ ပိုကောင်းလိမ့်မယ်ကွ”
“အိုကေ အကိုရေ လောလောဆယ်တော့ ကျွန်တော်လဲ မအိပ်ချင်သေးပါဘူး၊ အကိုအိပ်ချင်အိပ်နှင့်လေ”
“ရပါတယ် ငါလဲ လောလောဆယ် မအိပ်ချင်သေးပါဘူး၊ စကားစမြည်ပြောကြတာပေါ့ကွာ”
ညသည် လမိုက်သော်လည်း ကောင်းကင်ယံ၌ ကြယ်ပေါင်းမြောက်များစွာ ထွန်းပနေသည့် အတွက် အလင်းမှိန်ပြပြတော့ ရှိ၏။ ပုစဉ်းရင်ကွဲသံများသည် ပတ်ပတ်လည်ရှိ ရိုးပြတ်များဆီမှ ဆူညံနေသည်။
“ကျွန်တော်က ဒီလိုတောပိုင်းတွေ မရောက်ဖူးဘူး အကိုရ”
ရဲထွဋ်သည် မြို့မှ အလည်လာတုန်း တောလည်ချင်သည် ဆို၍ သူ့ဦးလေးက နယ်မြေကျွမ်းကျင်ပြီး အလုပ်ကိစ္စနှင့် သွားမည့် ဘုန်းမော်နှင့် အဖော်အဖြစ်ထည့်လိုက်ခြင်းဖြစ်၏။
“ဒါနဲ့ အကိုကအမဲကော ပစ်လား”
ရဲထွဋ်က ဘုန်းမော်ကို မေးလိုက်ခြင်းဖြစ်သည်။
ဘုန်းမော်က ဓာတ်ဗူးထဲမှ ရေနွေးကို ငှဲ့ပြီး ခွက်ကို လှမ်းပေးလိုက်ပြီး
“အင်း…. ငါက တောခေါင်းဆိုတော့ သစ်တောတွေ မပြုန်းတီးအောင် တောထဲလှည့်ပတ်သွားရင်း နီးစပ်ရာ သားကောင်လေးတော့ ပစ်တာပေါ့၊ သီးသီးသန့်သန့်ကြီးရယ်တော့ မပစ်ဖြစ်ပါဘူး၊ ဘယ်လိုလဲ မင်းတောထဲ လိုက်လာတာ ပျော်ရဲ့လား”
“အဟတ်.. ပျော်တာပေါ့ဗျာ၊ မြို့ပြရဲ့ ညှော်နံ့တွေကနေ ခဏရှောင်ပြီး ဒီလိုစိမ်းလန်းလတ်ဆတ်တဲ့ ရနံ့တွေကို ရှူရတာ တော်တော်လေး လန်းဆန်းသွားတယ်ဗျ၊ ကျွန်တော့် အတွက် အမြင်လဲတမျိုးဆန်းနေတယ်လေ..”
ရဲထွဋ်ပြောသည်ကို ဘုန်းမော်က သဘောကျစွာရယ်လိုက်ပြီး
“ဟားဟား… ဒါက မင်းက မြို့မှာနေတော့ ဒီက သစ်ပင်စိမ်းစိမ်းတွေ တွေ့ပြီး အမြင်ဆန်းသွားတာ ဖြစ်ပါလိမ့်မယ်ကွာ၊ ကြာကြာနေရင် မင်းပျင်းသွားလိမ့်မယ်ကွ၊ အဟ တကယ်ပြောတာ ငါ့သူငယ်ချင်း တောခေါင်းတွေဆို မြို့ပြရဲ့ တိုက်တာကြီးတွေကို လွမ်းနေကြတာ၊ စဉ်းစားကြည့်လေ တနေ့တနေ့ ဒီတောထဲပဲ အချိန်ကုန်နေရတာကိုး….”
ဟု အရယ်တပိုင်းနှင့် ရှင်းပြ၏။
သူတို့၂ဦး စကားပြောနေရင်းဖြင့်ပင် တဖြည်းဖြည်း ဉာဥ့်နက်လာလေတော့၏။ တချက်တချက် တောအုပ်ဘက်ဆီမှ ခွေးအူသံများ (ဘုန်းမော်၏ ပြောပြချက်အရ ခွေးအအူသံများ) ကိုကြားရပြီး တော်ရုံကြောက်တတ်သော သူအဖို့ ကျောချမ်းဖွယ်ပင်။
“ကဲ… အိပ်တော့ ရဲထွဋ်ရေ… ငါတလှည့်ကင်းစောင့်ပေးမယ်.. ဒီနားတ၀ိုက်က တခါတလေ ကျားတွေတောင် တွေ့ရတတ်တယ်၊ စိတ်တော့ မပူပါနဲ့ မင်းသေနတ်ကို ဘေးမှာထားပြီးတော့ အိပ်ပေါ့..”
ရဲထွဋ်လဲ တဲထဲသို့ ၀င်ကာ အိပ်ယာဝင်လေတော့သည်။ ဘုန်းမော်ကတော့ တဲလေးနှင့် ၀ါးတရိုက်ခန့် အကွာတွင် ဖိုထားသော မီးပုံလေးနားတွင် ထိုင်ကာ ကင်းစောင့်ပေးနေတော့၏။
+++++
အခန်း(၃)
ဝေမှုန်နေသော မြူများက မျက်စိရှေ့ လက်တစ်ကမ်းကိုပင် မနည်းကြည့်နေရ၏။ တောအုပ်လေး၏ သစ်ပင်များကြားတွင် အေးစိမ့်နေသော လေများက တဟဲဟဲနှင့် တိုးဝှေ့တိုက်ခတ်နေသည်။ ငြိမ်သက်နေသော သစ်ပင်အိုများကြား ညိုညစ်ညစ် သစ်ရွက်များက ပြန့်ကျဲနေ၏။
“ရှပ်… ရှပ်… ရှပ်”
ခပ်လှမ်းလှမ်းဆီမှ ခပ်သုတ်သုတ်လျှောက်လာသော ခြေသံများကို ကြားရ၏။
ရိုးတိုးရိပ်တိတ် အရိပ်သုံးခုသည် မြူမှုန်များကြားမှ တိုးထွက်လာသည်။
“ကျော်ကျော်…. နင်လျှောက်လို့ ရသေးရဲ့လား ….”
ခြေထောက်တွင် တခုခုနှင့် ထိရှထားဟန်ရသော ဒဏ်ရာမှ သွေးများ အဆက်မပြတ်ကျနေသဖြင့် ကျော်ကျော့်ကို ဇေယျနှင့် တဖက်စီတွဲပေးထားသော ရတနာက မေးလိုက်၏။
“ငါ..ငါ မရတော့ဘူးဟာ ဆက်မလျှောက်နိုင်တော့ဘူး.. အားကျွတ်ကျွတ် ငါ့.. ငါ့ကို ထားခဲ့လိုက်ပါတော့ နင်… နင်တို့ ဆက်ပြေးတော့…. မဟုတ်ရင် ငါ့ဆီက သွေးနံ့တွေကြောင့် နင်တို့ပါ ဒုက္ခရောက်ကုန်လိမ့်မယ်”
ကျော်ကျော်၏ စကားကြောင့် နှစ်ဦးစလုံး ခပ်သုတ်သုတ် တွဲလျှောက်နေသော ခြေလှမ်းများကို တုန့်ရပ်လိုက်သည်။
“ဘာ မင်းဘာပြောလိုက်တာလဲ…. အဓိပ္ပါယ်မရှိတာကွာ.. ငါ.. ငါတို့ ဘာလို့ မင်းကိုထားခဲ့ရမှာလဲ မင်းမရတော့ရင် ငါမင်းကို ကုန်းပိုးခေါ်မယ်ကွာ…မင်းအခုနားချင်ရင် ခဏထိုင်နားလိုက်အုံး”
ဇေယျက စိုးရိမ်တကြီး သူ့သူငယ်ချင်းကို ပြော၏။
ရတနာက ငိုတော့မည့် မျက်နှာနှင့်… ထိုင်ချလိုက်ပြီး
“အီး..ဟီး..ဟီး ငါ..ငါတို့ ဒီက ထွက်နိုင်ပါအုံးမလားဟာ… ငါသိပ်ကြောက်လာပြီ… ငါတို့… ငါတို့ ဒီတိုင်းပဲ ဒီနေရာမှာ သေကြရတော့မှာပေါ့…. အီးဟီးဟီး….”
ဟုပြောကာ ငိုယိုနေတော့သည်။
“တိတ်စမ်း ရတနာ .. ငါတို့ ဒီထိပြေးလာပြီးမှ ခုငိုနေလို့ ဘာမှ မထူးဘူး ငါတို့ နင်ခံစားနေရတာကို သိတယ် ဒါပေမယ့် ငိုနေမယ့် အစား နည်းလမ်းလေးဘာလေး စဉ်းစားပါလား” ဟု ဇေယျက အော်လေသည်။
ဒဏ်ရာနှင့် ကျော်ကျော်ကတော့ စကားတစ်ခွန်းမျှ ၀င်မပြောနိုင်ပဲ မျက်စိမှိတ်ကာ အသာမှိန်းနေ၏။
ဇေယျစကားကြောင့် ရတနာက အငိုတိတ်လိုက်ပြီး
“ဘာ….နည်းလမ်း… ဟုတ်လား နင်ရူးနေလား ဘာနည်းလမ်းရှိလို့လဲ ငါတို့ ဟိုနေရာက ပြေးလာတာ တစ်ညနဲ့ တစ်နေ့ ရှိနေပြီ ငါတို့ခုထိ တချိန်လုံးပြေးနေရတာပဲလေ… ဟိုအကောင်တွေ ငါတို့ကို တချိန်ချိန်တော့ ပြန်မိသွားမှာပဲ… အဲဒိချိန်ကျရင်…..”
ရတနာက စကားကို ဆက်မပြောပဲ ရပ်ပစ်လိုက်သည်။
“တိတ်စမ်းဟာ… နင်သွေးကြောင်နေတာလား”
ဇေယျက ရတနာ ပုခုံးကို လှုပ်၍ အော်ပြောလိုက်သည်။
ရတနာက သူ့ပုခုံးဆီက ဇေယျလက်ကို ခပ်ကြမ်းကြမ်းပြန် ပုတ်လိုက်ပြီး….
“မကြောင်ဘူး… နင်ငါ့ကို လာအော်မနေနဲ့ ဒီဇာတ်လမ်းကို စတာ နင်ပဲ…. နင့်ကြောင့် ငါတို့အားလုံး ဒုက္ခရောက်ကုန်တာ… ခုအားလုံးတကွဲတပြားစီ သေလားရှင်လား မသိဘူး အဲဒါနင်သိလား နင့်ကြောင့် …နင့်ကြောင့်”
ရတနာက ဒေါသတကြီးနှင့် ဇေယျရင်ဘတ်ကို ဆောင့်တွန်းလိုက်သည်။
“အာ… တော်စမ်းဟာ”
ဇေယျက ရတနာကို မြေပြင်ပေါ်သို့ တွန်းလှဲပစ်လိုက်သည်။
“ဟေ့ကောင်တွေ တော်ကြစမ်းကွာ.. မင်းတို့ အခု သောက်ရေး မပါတာတွေပြောမနေနဲ့တော့ ဒီလောက် အသက်လုနေရတဲ့ အချိန်မှာ အချင်းချင်း သဘောထားမတိုက်ဆိုင် ရင် အကုန်လုံး သေကုန်လိမ့်မယ်၊ ဘယ်သူ့အမှားမှ မဟုတ်ဘူး ငါတို့အားလုံးကိုက မဆင်မခြင် လိုက်လာမိတာ၊ အားလုံးအတူတူပဲ၊ ခုဖြစ်နေတဲ့ ပြဿနာကို အရင် မရှင်းပဲ ပြီးတာတွေ သောက်ပြစ်တင်နေလဲ ဟိုသေချင်းဆိုးကောင်တွေက ငါတို့ကို ကိုက်သတ်စားမှာက စား..မှာ…….ဟင်..”
ကျော်ကျော်က စကားပြောနေရင်း ရုတ်တရက် စကားကို ရပ်လိုက်ပြီး…
“ဟာ…. တော…တောတိုးသံတွေ… ကြားနေရတယ် လာ….လာနေကြပြီထင်တယ်… ပြေးပြေး…”
ခုနက ရန်ဖြစ်နေသော ဇေယျတို့ နှစ်ယောက်သည် အရေးကြုံတော့ ဒဏ်ရာရနေသော သူငယ်ချင်းဖြစ်သူ ကျော်ကျော့်ကို ၀ိုင်းမကြသည်။
သို့သော် ထူးဆန်းစွာပင် ကျော်ကျော်က အလိုက်သင့် မထပဲ
“ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ ပြေးတော့လေ… ငါလုံးဝ မလျှောက်နိုင်တော့ဘူး… ပြေးတော့..ပြေးပြေး လာနေပြီ”
ချီတုံချတုံဖြစ်နေသော ဇေယျကို ရတနာက အတင်းလက်ဆွဲ၍ ပြေးလေတော့သည်။ အန္တရာယ်က တဖြည်းဖြည်း နီးကပ်လာနေပေပြီ။ ခပ်လှမ်းလှမ်းသို့ပြေးပြီးကာမှ… ဇေယျက
“မဟုတ်သေးဘူး ကွာ.. ကျော်ကျော်မင်းကို ငါတို့မ ထားခဲ့ရက်ဘူး…ကွာ..”
“ဟေ့ကောင်တွေ ပြေးတော့လို့ ပြောနေတယ်လေကွာ…. ”
ထို့နောက် မကြာမှီမှာပင် ကျော်ကျော့် အနားရှိမြေကြီးများ တွန့်ခေါက်လိပ်လာလေတော့သည်။
“ပြေး…ပြေး..”
မတတ်သာသည့် အဆုံး ရတနာတို့ နှစ်ဦးသည် ခြေကုန်သုတ်ပြေးလေတော့သည်။ ပြေးရင်း လမ်းခုလတ် မှာပင်..
ကျော်ကျော်၏ အသံနက်ကြီးကို ၀မ်းနည်းကြေကွဲဖွယ်ရာ ကြားလိုက်ရလေတော့သည်။
“အား……………………………….”
“အီးဟီးဟီး ကျော်ကျော်… သေသွား..ပြီ…ကျော်ကျော် သေသွားပြီ”
“ရတနာ မနားနဲ့ ဆက်ပြေး…. ဟိုကောင်တွေ ငါတို့ နောက်လိုက်လာနေပြီ…”
ဇေယျလဲ ရတနာ့လက်ကို အတင်းဆွဲရင်း ဒရောသောပါး ဆက်၍ ပြေးလေတော့၏။
ဆက်ရန်….