Category: poem

Aug 27

ချစ်သောမြို့

1
comments

Jul 29

ပုံသွင်းထားသော ကင်းလွတ်ခြင်း အစွန်းများ၏အရင်းအမြစ်

ထိုကဲ့သို့သော အချိန်ကို ချုံ့ယူပစ်သော အခါ
မောကြီးပန်းကြီး ခရီးဆက်နေရသော ပင်လယ်၏ မိုင်နှုန်းများကို မရပ်တန့်နိုင်ခဲ့…
ကြိုတင်ကြံစည်ထားမှုရှိသည့် အတိုင်း အပြာရောင် ပန်းစည်းတွေ နှင့် ၎င်း၏ ဖဲကြိုးတွေ
ယှက်နွယ်နေသည့် အဆက်အထုံးများ ၏ ဖြောင့်ချက်များ ဖြစ်သည်။
သိမ်းဆည်းဖို့ လိုအပ်သော ဟန်ဆောင်ပန်ဆောင် နှလုံးတုန် ရင်ခုန်ခြင်းတွေ/ ဒါဟာ လူ့၏ မူလပကတိ တန်ဖိုးဖြစ်ကြောင်း
ပြောကြားလိုသူတွေ ၏ အထင်မြင်သေးစွာ ဆွဲခြစ်ထားသော မျဉ်းကြောင်း ခပ်ထူထူတွေ…
အမြင့်၏ ဂုဏ်ရည်တစ်ရပ် အဖြစ် ထူးကဲစွာ နက်ရှိုင်းစေလိုသည်။
ရက်ရောခြင်း၏အမူကျင့်များ မဟုတ်ပါ..
ထပ်ပြီး…ရက်ရောခြင်း၏ အမူကျင့်များ မဟုတ်ပါ..
စိတ်ပျက်မိနေခဲ့သော ၂၅နှစ်သား ၏ ကျန်ရှိနေသေးသော မဖြစ်စလောက် ကိုယ်တွင်းဆန္ဒတစ်ရပ်ကို
လူသားဆန်စွာ တူးဖော်ခွင့်ရှိခြင်း/မရှိခြင်း
သစ္စာမဲ့ခြင်း၏ ၄၅ ဒီဂရီ ထောင့်ချိုးတွေနှင့် စကားများ၏ မုသားတွေလား
လူနှင့် သူ၏အနုပညာအကွာဝေး မည်မျှကွာဝေး သနည်း။
မနေနိုင်မထိုင်နိုင် နင်းဖြတ်သွားသော ဖိနပ်အသစ်များရဲ့ ခြေရာအစုတ်တွေသာ ဖြစ်ပါတယ်။
ကုန်ပစ္စည်းအမှတ်တံဆိပ် တစ်ခုကိုမယ်မယ်ရရ စွဲလန်းမှုသည် မိရိုးဖလာ ကိုးကွယ်ယုံကြည်သူများနှင့် ဆင်ဆင်တူပြီး
တပ်မက်ဆေးဝါးများကို တရားမဝင် စားသုံးနေကြခြင်း ဖြစ်နိုင်သည်။
စနစ်တစ်ခု၏ မူလသတ္တိသည် စွမ်းရည်ရှိခြင်း၊ အသိဉာဏ်ရှိခြင်းနှင့် အလိုအလျောက် ခြိမ်းခြောက်နိုင်ခြင်းတို့ဖြစ်သည်ဟု
ယူဆရသည်။
အလျဉ်းသင့်သလို တင်းတင်းစေ့ထားကြသော ‘တာဝန်ရှိသူမှအပ မဝင်ရ’ များအား
ထော်လော်ကန့်လန့်နိုင်အောင် ကာရံထားကြခြင်းလည်း ဖြစ်နိုင်ပါတယ်။
လွတ်လပ်စွာ စည်းမျဉ်းများကို ချိုးဖောက်ခွင့် ရှိကြောင်း…ဆီလျော်အောင် စုစည်းတင်ပြခြင်း
ဒါကေ့စ်တစ်ခုပဲ ခင်ဗျား မသိသေးပါဘူး။
ဘာမှထွက်ကျမလာဘူး…အရာအားလုံးဟာ အရာအားလုံးကြောင့် ဖြစ်တယ်။
ရိုးသားစွာ လိမ်လည်ကြည့်ခြင်း အားဖြင့် ကျွန်ုပ်တို့အား အော်ကလီဆန်စွာ ကြည်ညိုသွားကြပေလိမ့်မည်။
ကဒ်ပြားပေါ်က အမည်တွေ နှင့် စာရွက်ပေါ်က အကျင့်စာရိတ္တအာမခံချက်တွေ လူ့အဖွဲ့စည်း၏သဲခြေကြိုက်များဖြစ်သည်။
နိဂုံးများ ဖလှယ်ခြင်းမှ ရရှိသော သင်ခန်းစာများကို ထိတွေ့ဆက်ဆံမှုများနှင့် အစားထိုးရန်
ပရမ်းပတာ ဖြစ်စဉ်များ၏ တည်ငြိမ် ခံ့ညားခြင်း
နံပါတ်တွေ တပ်မထားကြ…တဲ့ အားကောင်းချက်များ၏ ကွန်ချာတစ်ခု
သင့်တော်သလို နေရာများကို ရွှေ့ထားပေးပါ
တရားဝင်မှုအခြေနေမှာ ကန့်သတ်ချက်များဖြင့် ဆွပေးခြင်းလား
အခြေခံလုံးဝမဟုတ်ဘူးလား စာရွက်အပိုင်းစတွေ မဟုတ်ဘူးလား ရုတ်သိမ်းခြင်းလဲ မဟုတ်ဘူးလား
အင်း…. လက်ထဲကနေ ဆွဲလုခံလိုက်ရတဲ့ အင်္ဂါရပ်တွေ…တဲ့
တနည်းအားဖြင့်…
“မင်းကိုစတွေ့တဲ့အချိန်မှာ နာရီတွေဟာ အကုသိုလ်တွေပဲ” ။

2
comments

Jul 25

ချစ်သော/မုန်းသော မေရီ

(၁)
မေရီ..
မှုန်တိမှုန်ဝါး ညနေခင်းတစ်ခုဆီမှာ
ဆွံ့ပျံ့ခြင်းတွေ ယှက်တွဲပြီး
ဟိုး…ခပ်ဝေးဝေးက ကြယ်ကို အတူတူ ကြည့်ဖူးခဲ့တယ်နော်..
လက်တံတွေ ကွေးနေတဲ့
မီးတိုင်မှိန်မှန် အောက်က
နတ်သမီးရုပ်ကလေးဆီမှာ ထိုင်ရင်း ငါ့ကို အိပ်မက်လှလှလေးတွေ ပေးခဲ့ဖူးတာပေါ့
မေရီ…
ရုန်းထွက်ဖို့ ခက်လွန်းလှပါတယ်ကွယ်..
ကျောင်းဝန်းထဲက အပြန်လမ်းတွေတိုင်းမှာ
တစ်ခုခုကျကျန်ခဲ့သလို ခြေလှမ်းတွေ လေးလံလွန်းခဲ့ရတယ်..
ဥတုနွေရဲ့ ပူလောင်ခြင်းတွေနဲ့ အတူ..
စိုးရိမ်ကြောင့်ကျ ခြင်းတွေရဲ့ အငွေ့သက်တွေနဲ့ အတူတူ…

(၂)
ငါ့ကမ္ဘာတစ်ခုလုံး မိုက်ပြာဝေသွားလောက်အောင်
မင်းရဲ့ အနမ်းတချက်က တတ်နိုင်လွန်းခဲ့တယ်…
လှည့်ဖျားခြင်း အက္ခရာတွေကို ဖတ်နိုင်ဖို့ ငါအဲ့ဒိလောက် မတတ်ကျွမ်းခဲ့ပါဘူး မေရီ..
တစ်ခြားတစ်ဘက် ဆီကိုလဲ လွင့်လွင့် နေတတ်တဲ့ မင်းကို
ငါဟာ ပုံပြင်ကောင်းကောင်းတွေ မပြောတတ်ခဲ့ပါဘူးကွယ်…
ဘာမှမဟုတ်ခဲ့ဘူး ဆိုပေမယ့်..
ငါ့အတွက်တော့ လေးနက်မှု တစ်ခုခုပေါ့…
ရင်နှင့်ခံစားပေးပါ မေရီ…
နားတွေ စွင့်ထားပေးပါ…
ခပ်ဝေးဝေးကို လှမ်းကြည့်သလို ခပ်နီးနီးကိုလဲ ဂရုပြုပြီး ကြည့်ပေးပါ…

(၃)
မေရီ…
အချစ်ဟာ ဂိမ်းတစ်ခုမဟုတ်သလို
ငါက မင်းရဲ့ ဇာတ်ကောင်တစ်ခုလည်း မဟုတ်ပါဘူး…
မထင်မှတ်ခဲ့ဘူးကွယ်… ငါဟာ ပြန်နိုးထဖို့ မတတ်နိုင်ခဲ့ဘူး…
မင်းကိုယ်မင်း မုဆိုးတစ်ယောက်လို့ထင်ခဲ့ရင်
ငါဟာ မင်းပစ်ခတ်နေကျ သားကောင်တစ်ကောင်ပဲ ဖြစ်ပါလိမ့်မယ်
မေရီ…
သိပ်ကိုအေးခဲခြောက်ကပ်လွန်းတယ်…
မင်းဟာ သွေးအေး လူသတ်သမား တစ်ယောက်လိုပါပဲ…။

(၄)
မေရီ…
မင်းရယ်နေတယ်လား…
မင်းရယ်သံမောသံတွေ ကြားတိုင်း
ငါ့နှလုံးသားမှာ တဆစ်ဆစ် နာကျင်ကိုက်ခဲလှတယ်..
ငါက အကောင်းဆုံး ပြက်လုံး တစ်ခု ဖြစ်နေခဲ့ရင်တောင်
ကျေးဇူးပြု၍ မေရီရယ်… ငါ့ရှေ့မှာ မရယ်ပါနဲ့…။

(၅)
ညရဲ့လမ်းမကြီး တလျှောက်….
တောတလျှောက် တောင်တလျှောက်…
ငါ့ ဒဏ်ရာတွေ သည်းထန်နေခဲ့ပါတယ်…
(ယုံချင်လဲယုံ မယုံချင်လဲ နေပါ မေရီ..)
ပေါ့ပါးစွာ နင်မေ့ပစ်နိုင်သလို
ငါလဲ ဖြစ်ချင်ပါရဲ့…
ငါ့ကို သင်ကြားပေးစမ်းပါ မေရီရယ်..
နင်သိပ်ပြီး ဉာဏ်ကောင်းပါတယ်.. မေရီ…

(၆)
ငါ့ကို ချယ်ရီတွေ မချစ်တတ်တော့အောင် သင်ပေးခဲ့တာ ဘယ်သူပါလဲ..
တိတိပပကြီး မရည်ရွယ်ခဲ့ဘူးတဲ့လား မေရီ..
ဒါပေမယ့် ငါကတော့ တိတိကျကျကြီး
ကွဲကြွေကျခဲ့ရတာ အမှန်ပါပဲ…
အနိုင်ယူချင်ယူလိုက်ပါ မေရီ
ဒိထက်ပိုပြီးလည်း ဆုံးရှုံးစရာ မရှိတော့လောက်အောင်ပါပဲ
အဲ့ဒိတုန်းက မင်းရဲ့ နှုတ်ထွက်စကားတွေဟာ အတုယောင် ဖြစ်ခဲ့တယ်ဆိုရင်တောင်
အဲ့ဒိအချိန်တုလေးကိုပဲ ငါမက်မောမိတော့တယ်..
ဒါစကားလုံးပါဒတွေ အလှဆင်နေတာ မဟုတ်ဘူး မေရီ..
ငါ့ဒဏ်တွေကို တစိတ်တပိုင်း ထုတ်ပြရုံပါပဲ…
မင်းထက်စာရင် ..ငါဟာ အဲ့ဒိလောက်လေးပဲ တတ်နိုင်တဲ့ ကောင်ပါ.. မေရီ..။

(၇)
ခွင့်လွှတ်ပါ မေရီ..
ငါမည်သည့် အစားထိုး ဆက်ဆံရေးမျိုးကိုမှ အလိုမရှိပါဘူး..
ငါဆိုးခဲ့ပြီးသား အရောင်တွေကို ပြန်လည် ဖုံးအုပ်ဖို့ မဖြစ်နိုင်ပါဘူး…
ငါက အရောင်တုတွေကို မုန်းတယ် မေရီ…

(၈)
ထစ်ထစ်ချုန်းချုန်းပါပဲ..
ကမ်းပါးသစ်ပင် ဖြစ်တဲ့ငါဟာ
တိုက်စားမှုဒဏ်ကို ခံချင်ခံရနိုင်ပါတယ်…
ငါခံနိုင်ရည် ရှိပါတယ် မေရီ..
ဒါပေမယ့် မင်းရဲ့ တိုက်စားမှုတွေက လွဲရင်ပေါ့လေ…

(၉)
မေရီ…
ငါကြားချင်တဲ့ အသံထွက်ဘာသာဗေဒတွေ
မင်းပေးနိုင်/မပေးနိုင် မသေချာခဲ့ဘူးနော်..
ငါကတော့.. နှုတ်ထွက်ဘာသာဗေဒတွေသာမက
အရိုးစွဲအောင်ပါ ချစ်မိနေပါပြီ…မေရီ…
ရှုပ်ခတ်နေတဲ့ အမှိုက်တစ်ခုလို့ ငါ့ကိုမြင်ချင်မြင်ပါ..
အပိုစာဒ တစ်ခုအဖြစ် မြင်ချင်မြင်ပါ..
ပြီးတော့ ရယ်စရာ ငအတစ်ကောင် အဖြစ်လဲ မြင်ချင်မြင်လိုက်ပါ…
ဘာပဲဖြစ်ဖြစ်ပေါ့ မေရီရယ်…
အနည်းဆုံး ငါဟာ မင်းနဲ့ပတ်သက်ရင် ရိုးသားစွာ ရှုံးနိမ့်နေရတဲ့သူပါ…
ငါဟာ မိုးမချုပ်ချင်ပဲ ချုပ်လိုက်ရတဲ့ ညနေခင်းတစ်ခုပေါ့….
မေရီ..
ငါလဲ အဲ့ဒိခံစားမှုတွေရဲ့ ဝေးရာထွက်ပြေးချင်ပါရဲ့ကွယ်..
ဒါပေမယ့် ငါ့အတွက် မင်းဟာ မူးယစ်ဆေးတစ်ခုလို.. ဖြတ်ဖို့ ခက်လှပါတယ်

(၁၀)
မင်းဟာ အတော်ဆုံး လိမ်ညာသူဖြစ်ရင်
ငါက အညံ့ဆုံး အလိမ်ခံရသူဖြစ်ပါတယ်
မေရီ…
ရွက်လွှင့် ထွက်ခွာသွားပြီးမှ ပြန်ရောက်လာမယ့်နေ့ကို မရေမရာ
စောင့်မျှော်နေရတဲ့ ပင်လယ်တစ်ခုလိုပါပဲ…
စုတ်ဖြဲသွားပြီးသား အချိန်တွေကို ပြန်လည်ဖာထေးဖို့ မဖြစ်နိုင်တော့ပါဘူး
မေရီ…မေရီ…မေရီ
မြည်တမ်းနေရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူးကွယ်…
ဒီလိုနဲ့….ငါ့နိဗ္ဗာန်ဘုံလေးတောင် ပျောက်ဆုံးသွားခဲ့ရတယ်..။

2
comments

Jun 12

ရှုထောင့်ကွဲပြားမှု ဖြစ်စဉ်များရဲ့ အဓိပ္ပါယ်

ဒီပန်းချီကားကိုကြည့်ရတာ ဘာအရောင်မှ မပါဘူး…
မျက်မြင်သက်သေအဖြစ် မျဉ်းတားထားသော ဧရိယာများဖြစ်တယ်….။
လူ့မယဉ်ကျေးများ၏ ငွေကြေးနှင့် ပါဝါချိတ်ဆက်ထားသော စနစ်ဖြစ်သည်။
a2=b2+c2
ကိုယ်စားပြုနိုင်ခြင်း၏ ဆန့်ကျင်ဘက် သဘောတရားများကို တွန်းကန်ကြခြင်းဖြစ်၏။
မြို့ကြီးပြကြီးများရဲ့ အရသာဟာ ချွေးတလုံးလုံး ကျခြင်းပါပဲ…
လိမ္မာပါးနပ်စွာ နစ်မြုပ်နေသော မူကွဲရှိတဲ့ ဖွဲ့စည်းတည်ဆောက်ပုံဖြစ်ပါတယ်…
ကန့်သတ်မှုရှိတဲ့ လိုအင်ဆန္ဒတွေ ဖြစ်တယ်..
တပြိုင်နက်တည်းမှာပဲ..
ခြေလှမ်းများကို ရုတ်သိမ်း လိုက်ကြရတယ်…
ခပ်ဝေးဝေးကနေ တရိပ်ရိပ်နဲ့ မစိုက်ပျိုးရသေးသော ယာခင်းတွေဆီ…
ခုတ်မောင်းပြီးရင်းခုတ်မောင်း ရထားဟာ အိမ်ပြန်လမ်းတလျှောက်လုံး
အားကိုးရာမဲ့လာခဲ့ရသလို….
နှစ်ခုစလုံးမဟုတ်ခဲ့ဘူးဆိုရင် တစ်ခုပြီးတော့ တစ်ခု
မညီညွှတ်မှုတွေကို နားချအုံးမှပဲ..
ကာလအတန်ကြာတဲ့အထိ ကျွန်တော် ဘာတွေပြောနေခဲ့တာလဲ
ဒေသန္တရ ၏ ရိုးသားမှုများကို သွတ်သွင်းခြင်းလား
ပိတ်ဆို့ထားသော အရင်းမြစ်တွေ အကြောင်းလား
လိုက်ဖက်မှုမရှိတဲ့ ဘက်လိုက်မှုတွေလား
(သိပ်တော့ အရေးမကြီးတော့ဘူး ထင်တယ်)
အားလပ်ရက်တွေကို ဘွတ်ဖိနပ်ထဲ ထည့်ဝှက်ထားလိုက်ပါ..
အပေါစားရုပ်ရှင်လက်မှတ် တစ်စောင်၊ ဓာတ်ခဲကုန်နေတဲ့ ရေဒီယို (ဝါ) လေဒီယို၊
သောက်လက်စ ကော်ဖီတစ်ခွက်၊ ရေးလက်စ ဘလော့ဂ်ပို့စ်၊ ဇေယျာလင်းစာအုပ်နဲ့
သောက်ကောင်မလေး တစ်ယောက်အကြောင်း…
ဒီနေ့ထုတ် သတင်းစာလား…
ဒီနေ့ ကြာသပတေးနေ့ မဟုတ်ဘူးဗျ…
မကြာခင်..ဗူဗူဇီလာနဲ့ အာဖရိက ဘောလုံးပွဲတွေပေါ့ဗျာ..
၂၄လက်မတဲ့…သူလဲ မကြာခင်…မကြာခင်..
ထပ်ပြီး မပြောခင်မှာ ထပ်ပြီး မပြောဖို့ တိုက်တွန်းချက်များကို ကျွန်တော် ပယ်ချပါတယ်..
သူ့အသုံးတည့်မှုနဲ့သူ နားလည်ပေးနိုင်ရလိမ့်မယ်…
ရက်သတ္တပတ်သုံးပတ် ကြာမြင့်ခဲ့ပြီးပြီ…
မတို့ထိရသေးသော အချက်အလက်တွေကို သိမ်းထားတာတွေရှိတယ်..
အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းဟာ ခွေးအ တွေနဲ့ ဆင်ဆင် တူတယ်….
သစ်ပင်တွေကို တကယ်မချစ်တတ်ပဲ
ပတ်ဝန်းကျင် စိမ်းလန်းရေး ဟစ်ကြွေးနေတဲ့သူတွေကိုတော့ (လုံးဝ) အော်ဂလီဆန်တယ်။

0
comments

Jun 11

ကြီးကြီးသေးသေး သေးသေးကြီးကြီး

သေးရာက ကြီးလို့သွား ကြီးရာက သေးလို့သွား..

နာမည်ကြီးချင်တာမဟုတ်ရင် နာမည် သေးချင်တာလား…

လုပ်ရပ်သေးသေးလေး အတွက် လုပ်ရပ်ကြီးကြီးအဖြစ် ပြောင်းလဲ…

ဝေးတဲ့အခါ သေးပြီး နီးတဲ့အခါ ကြီးကြီးလို့…

အသက်ကြီးပြီး အချိန်မစီးသူများ…

အသက်သေးပြီး သောက်သုံးမကျသူများ…

ပါးစပ်ကြီးပြီး စကားလုံးသေးသေးလေးများသာ ထွက်တယ်..

ဆရာကြီးကြီးများရဲ့ ဦးနှောက်သေးသေးတွေ

စကားကြီးစကားကျယ် ပြောတာ မဟုတ်ဘူး…

သေးတဲ့အမှုကို ကြီးကျယ်ကျော်ကြားအောင် လုပ်ကြည့်တာ..သက်သက်..

ကြီးကောင်ကြီးမားကျမှ ဒဏ်ရာသေးသေးလေးကို နာကျင်ခံလိုခက်နေသေးတယ်…

အိပ်မက်ကြီးကြီးမက်ပြီး ပိုက်ဆံအရွက်သေးသေးတွေ အခုထိ ကိုင်နေရတုန်းပဲ..

ဖိနပ်ဆိုက်ဒ် ကြီးကြီးစီးပြီး မြို့သေးသေးလေးမှာ နေတယ်…

ဂစ်တာခပ်သေးသေး တစ်လုံးရှိပြီး ရှော်တီခပ်ကြီးကြီး တစ်ယောက်ကို ပိုင်ဆိုင်ချင်တဲ့သူ…

စာလုံးဒိထက်ပိုပြီး ခပ်ကြီးကြီး ရေးလို့မရဘူးလား..

ဒီမှာ…ခင်ဗျားနဲ့ကျွန်တော်မှာ ဘယ်သူက လူကောင်ပိုကြီးနေလို့လဲ…ပြော..။

4
comments