Category: Article

May 30

ကျင့်ဝတ်မညီသော ကော်ပီပေ့စ်ကိစ္စ

Photo from : http://img.infibeam.com/img/d4d935f9/709/9/9780205579709.jpgမပြောမပြီး မတီးမမြည်ဆိုသလိုပဲ ပြောစရာကြုံလာတော့ ပြောရတော့မယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ဘလော့ဂ်တွေရဲ့ စာမူ၊ သတင်း၊ဓာတ်ပုံမှတ်တမ်းတွေကို ကူးယူဖော်ပြမှု ကိစ္စပါ။ ဒီလိုကူးယူဖော်ပြမှု ကိစ္စရပ်တွေဟာ အခုမှ ပေါ်လာတဲ့ ကိစ္စမဟုတ်ဘဲ ဟိုးမြန်မာဘလော့ဂ် ခေတ်ဦးပိုင်း ၂၀၀၇ခုနှစ်မှာ ကတည်းက ပြည်တွင်းက နာမည်ရ ဂျာနယ်ကြီးတွေမှာ မကြာခဏ ဆိုသလို မူရင်းဘလော့ဂ်ပိုင်ရှင်ကို အသိမပေးပါပဲ ယူသုံးကြတဲ့ ကိစ္စတွေရှိခဲ့ဖူးပါတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးဘူး အခုလတ်တလောမှာဆိုရင် သင်္ကြန်သတင်းဆိုရင်လည်း ဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာတင် ကိုညီလင်းဆက်ရဲ့ ဘလော့ဂ်မှာ သတင်းဓာတ်ပုံတွေ တက်လာခဲ့ပါတယ်။ မကြာမှီရက်ပိုင်းအတွင်းမှာတော့ ပြည်တွင်းက နာမည်ကြီး စာစောင်မှာ အဲဒိဓာတ်ပုံတွေကို ခပ်တည်တည် ယူသုံးခဲ့ပါတယ်။

ပြည်တွင်းက ဂျာနယ်အယ်ဒီတာ တချို့ဟာ အင်တာနက်နဲ့ ကျွမ်းဝင်မှု အားနည်းတယ်လို့ ကျွန်တော် မြင်ပါတယ်။ (အကုန်လုံးကို မဆိုလိုပါဘူး။ တချို့ အယ်ဒီတာတွေကတော့ ဒီအွန်လိုင်းပေါ်က resource များကို အလေးထားသူများလည်းရှိပါသေးတယ်) အဲ့ဒိလို ကျွမ်းဝင်မှု မရှိလေတော့ သတင်းထောက်က အင်တာနက်ကနေ ရလာတဲ့ သတင်းကို ကိုယ်တိုင်လိုက်တဲ့ သတင်းလား အွန်လိုင်းပေါ်က သတင်းလား ဝေခွဲဖို့ သူမတတ်နိုင်တော့ပါဘူး။ လူငယ်သတင်းသမား တွေဟာ အင်တာနက် resource ပေါ်က သတင်းရင်းမြစ်တွေကို နှိုက်ယူလေ့ရှိကြပြီး တခါတရံ credit ပေးဖို့တောင် မေ့လျော့နေတတ်ကြပါတယ်။ တခါတရံ ကျတော့ သတင်းတွေရဲ့ စီးဆင်းရာ အရင်းအမြစ်ကိုတောင် သေချာမသိတာမျိုးလည်း ရှိပါတယ်။ ဒါမျိုး အဓိက တရားခံကတော့ ဝက်ဘ်ဆိုက် ဒါမှမဟုတ် ဘလော့ဂ်တွေဆီက ပို့စ်တွေကို ကူးယူပြီး အီးမေးလ်ဖြင့် Forward ဗရပွ လိုက်ပို့သူများ ကြောင့်လည်း ဖြစ်ပါတယ်။(ထင်ရှားတဲ့ ဖြစ်ရပ်က မနိုင်းနိုင်း ဘာသာပြန်တဲ့ ‘ငါအိုသွားသောအခါ’ စာတွေဟာ အဲ့ဒိလို Forward မေးလ်ကနေ ပျံ့နှံ့ပြီး နောက်ဆုံး ဘယ်သူရေးမှန်းမသိပဲ ပိုစတာထုတ်ရောင်းစားကြတဲ့ အဆင့်ထိဖြစ်ကုန်ကြတာပါပဲ။ထားပါတော့ ဒါက စာနယ်ဇင်းကိစ္စမဟုတ်ပါဘူး။ ကြုံလို့ ပြောပြတာပါ) ဆိုတော့ ပြင်ပ စာနယ်ဇင်းတွေမှာ စာနယ်ဇင်းကျင့်ဝတ် ဆိုတာတွေကို သင်တန်းကြီးများ ပေးပြီးတော့တောင် သင်ကြားပေးနေတာ မကြာခဏ တွေ့နေရပါတယ်။ လက်တွေ့မှာ အဲဒိလို သင်တန်းက ဆင်းသွားကြတဲ့ သင်တန်းသား အကုန်လုံး စာနယ်ဇင်း ကျင့်ဝတ်ကို လိုက်နာကြပါသလား။ ဂျာနယ်လစ်ဆိုတာ ဆရာ့ဆရာ ကြီးများ ပြောသလို စတုတ္ထမဏ္ဌိုင် ဟုတ်မဟုတ် မပြောတတ်ပေမယ့် ပြည်သူတွေ သိသင့်သိထိုက်တဲ့ ဖြစ်ရပ်မှန် အမှန်တရား၊ ပြည်သူတွေရဲ့ လိုအပ်ချက် ပကတိအနေအထားတွေကို ရေးခြစ်ပြခွင့် ရတဲ့ လူတန်းစားမျိုး လို့မြင်ပါတယ်။

( Read more )

7
comments

May 20

ဒလမြို့က ရေဒုက္ခ မြင်ကွင်းများနဲ့ မြန်မာတို့ရဲ့ ဆိုရှယ် ကက်ပီတယ်

သူငယ်ချင်းတစ်ယောက်က ပြောလို့ ဒီစာကို ရေးဖြစ်သွားတာပါ။ ကျမက ဒလသူစစ်စစ် ဆိုတော့ ဒလ အကြောင်း အသိဆုံး နေမှာပေါ့ဆိုပြီး သူငယ်ချင်းက သတင်းနှိုက်လို့ ချက်ချင်းပဲ ကောက်ရေးဖြစ်လိုက်တဲ့ စာတစ်ပုဒ်ပါ။

အရင်ကဆို ရန်ကုန်တစ်ဖက်ကမ်းက ဒလဆိုတာ မထင်မရှားမြို့လေးပါ။ အခု သေချာတာတစ်ခုက အရင်ကထက်တော့ နည်းနည်းလေး ပိုလူသိများသွားပြီ။ ပို နာမည်ကြီးစေတဲ့ တွန်းအားက ရေ … ပေါ့။

တကယ်တမ်းတော့ ကျမတို့ မြို့မှာ ရေပြဿနာက အမြဲတက်နေကျပါ။ မြို့ခံတွေဟာ ရေနဲ့ ပက်သက်ရင် မိုးရာသီမှာ မိုးရေကို မှီခိုရတယ်။ ဆောင်းရာသီနဲ့ နွေရာသီမှာတော့ မိုးရာသီက မိုးရေတွေကို တတ်နိုင်သလောက် သိုမှီးထားတဲ့ ရေကန်တွေကို အားထားရတယ်။ တချို့တွေကတော့ လက်လှည့် ရေတုံကင်တွေ တူးကြတယ်။ အဝီစိတွင်းတွေ တူးကြတယ်။ တစ်ခု ရှိတာက အဲဒီလို တူးကြတာလည်း ကံကို ပုံရသလိုပါပဲ။ ဒလမြို့ဟာ နဂိုကတည်းက မြေအောက်ရေ မကောင်းတဲ့ ဓာတ်ခံရှိတော့ တူးပြီး ထွက်လာတဲ့ရေဟာ သံချေးနံ့ပြင်းပြင်းများ ရလေမလား။ ဆားငန်ဓာတ်များ ကဲနေမလား ဆိုပြီး ရင်တမမနဲ့ တူးရတာပါ။ အဲဒီလိုမှာမှ ကံကောင်းရင် နည်းနည်းပဲ နံ၊ နည်းနည်းပဲ ငန်တဲ့ ရေရတတ်ပြီး အဲဒီရေကို သုံးရေအဖြစ် ပေါပေါလောလော သုံးကြတာပေါ့။ အဲဒါကလည်း ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက်ပါပဲ။ ကျန်တာကတော့ သောက်ရဖို့ ဝေး၊ လုံးဝ သုံးမရတဲ့ ရေတွေပဲ ထွက်တတ်ပါတယ်။ သောက်ရေကတော့ မိုးတွင်းကရေတွေကို အိမ်တွေက တနိုင်တပိုင် လှောင်ထားပြီး သုံးတယ်။ လှောင်ထားတဲ့ ရေတွေကုန်ရင် ရေကန်တွေကို အားကိုးတယ်။ အဲဒါ ပုံမှန်ဖြစ်စဉ်ပေါ့။

နောက်ပြီး ရေပေးဝေရေး ကော်မတီတစ်ခုကို (သိပ်တော့ မမှတ်မိတော့ဘူး) လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်က ဖွဲ့ပြီး ဒလမြို့အလွန် ကျေးရွာတစ်ခု ဖြစ်တဲ့ ရန်ကုန်ပေါက်က ရေကို ပိုက်တွေ သွယ်တန်းပြီး ဖြန့်ဝေ ပေးတယ်။ ယူမယ့် အိမ်ထောင်စုတွေက တစ်အိမ်ထောင်ကို ဘယ်လောက် ငွေသတ်မှတ်ပြီး ပေးရတယ်။ နောက်ပိုင်း လစဉ်ကြေးကိုတော့ မီတာ မှန်မှန်လာဖတ်ပြီး ကောက်တယ်။ အဲဒီရေ စရတုန်းကဆို ရေပြတ်လပ်မှုဒဏ် အမြဲခံရတဲ့ ဒလသူ ဒလသားတွေ ပျော်တာပေါ့။ အဲဒီရေကို တချို့က သောက်ရေတောင် လုပ်တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီ ရေက အစပိုင်းပဲ မှန်မှန်နီးပါးလာပြီး နောက်ပိုင်းတော့ မိုးတွင်းမှာတောင် မှန်မှန်မလာချင်တော့ဘူး။ အခုလို နွေရာသီဆို တစ်လတစ်ခါတောင် မလာတော့ဘူး။ လာတဲ့ရပ်ကွက်တွေ လာတယ်။ မလာတဲ့ နေရာတွေဆိုလည်း တော်တော် ရေပြတ်တဲ့ ဒဏ်ခံရတယ်။ တချို့ရပ်ကွက်တွေဆို ဒီနှစ်ထဲမှာ ပိုက်ရေဆိုတာ မမြင်ဖူးသေးဘူး ဆိုပြီးတောင် ပြောနေကြတယ်။ အဲဒီလိုဆိုတော့ ရေပိုက်တွေတန်းလန်းနဲ့ ရေပြတ်တဲ့ ဒဏ်ကလည်း နှိပ်စက်တော့တာပေါ့။

အဲဒီလို ပုံမှန် ဖြစ်စဉ်မှာမှ နွေရာသီ မတ်လ ကုန်လောက်ထိတော့ ရေရရှိမှုက အိုကေနေပါသေးတယ်။ သင်္ကြန်မရောက်တရောက် အချိန်လောက် ရောက်ပြီဆိုရင်တော့ ပုံမှန်အတိုင်း ရေရှားမှု စတင်ပါတယ်။ ရေကန်တွေမှာလည်း ရေက နည်းလာပြီ။ ဟိုကန် ဒီကန် ရေရနိုး လိုက်ကြည့်ကြ၊ ရေထမ်းပုံးတွေ ကိုယ်စီနဲ့ ဝေးဝေးလံလံ လိုက်ထမ်းရ၊ မထမ်းနိုင်သူတွေက ရေထမ်းသမားဆီက တောင်းသလောက် ဈေးနဲ့ ဝယ်ရနဲ့ ရေရဖို့ ရုန်းကန်ရတယ်။ အဲဒါထက်ဆိုးလာရင် ခန်းစပြုလာတဲ့ ရေကန်တွေမှာ တာဝန်ရှိသူတွေ စီစဉ်ပေးသလို ရေကို တန်းစီခပ်ကြရတယ်။ တန်းစီရင်း ခိုက်ရန် ဖြစ်တာတွေ ရှိလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်နှစ်တွေကဆို အဲဒီ ပြဿနာတွေက မေလလယ်လောက် မိုးကျပြီဆိုတာနဲ့ ပြေလယ်သွားတာပါ။ မိုးကို အမြဲ မျှော်ရတယ်ပေါ့။ မိုးကလည်း စောစော ကျတတ်လို့ ရေရှားပါးမှုကို မြို့သူမြို့သားတွေက ကျိတ်မှိတ်ခံရင်း ရတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလိုက်တာချည်းပါပဲ။

ဒီနှစ်တော့ ပြောကို မပြောချင်တော့ပါဘူး ဖြစ်နေပြီ။ ဧပရယ်လလယ်လောက် ကတည်းက ရေကန်တွေမှာ ရေခန်းသွားတယ်။ ပိုက်ရေကလည်း လုံးဝ မတွေ့ရ။ ရာသီဥတု ပူပြင်းချက်ကလည်း အပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ် ကျော်ပြီဆိုတော့ လူတွေလည်း နေပူပူမှာ ရေပြတ်လပ်မှုကိုပါ အပိုလက်ဆောင် ရလာရော။ အခြေခံ လူတန်းစားတွေ များတဲ့ ဒလမှာ ရေသန့်ဘူးတွေလည်း မှန်မှန် မဝယ်နိုင်ကြဘူးဆိုတော့ နဂို အားထားနေရတဲ့ ရေကန်တွေ ရေတွင်းတွေ ခန်းသွားတဲ့အခါမျိုးမှာ ပိုက်ရေကို မျှော်ကြတယ်။ ပိုက်ရေ မလာတော့ ရေနောက် ဘယ်လို လိုက်ရမလဲ ဖြစ်ကုန်ကြပြီး ဒီနှစ် ဖြစ်ချင်တော့ မိုးကလည်း သင်္ကြန်မိုးလည်း မလာ၊ ကဆုန်မှာလည်း ညောင်ရေမသွန်းဆိုတော့ အပူချိန်များနေတဲ့ ဒေသလေးမှာ မကြုံစဖူး ထူးထူးကဲကဲ ရေကန်တွေ ခြောက်သွေ့ အက်ကွဲကုန်ပြီး ကန္တာရ မြင်ကွင်းတွေလို ဖြစ်ကုန်ပြီ။ အသက် ၆၀ အရွယ် လူတစ်ယောက်ကဆို ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး၊ ပူတာရော၊ ရေပြတ်တာရော ဒါ အဆိုးဆုံးပဲ လို့ ပြောနေတယ်။

ဒီလိုဆိုတော့ အသံတွေ နည်းနည်း ထွက်လာတော့တာပေါ့။ ဒုက္ခရောက်လာတဲ့ ပြည်သူတွေ အသံထွက်လာပြီဆိုရင် အရင်ဆုံး ရောက်လာနေကျဖြစ်တဲ့ ပြည်သူ့အကူအညီပဲ အရင် ရောက်လာတယ်။ ရေဖူလုံတဲ့ ဒေသတွေက ပြည်သူတွေ အချင်းချင်း စုစည်းပြီး ရေပြတ်လပ်နေတဲ့ ဒလသူ ဒလသားတွေအတွက် ရေတွေကို ကားတွေပေါ် နည်းအမျိုးမျိုးနဲ့ တင်ပြီး လှိုင်သာယာတံတား က တဆင့်ဖြစ်ဖြစ်၊ စဥ့်အိုးတန်း ကူးတို့ဆိပ်ကနေ ကားကူးဇက်တွေနဲ့ တိုက်ရိုက်လာပြီးပဲ ဖြစ်ဖြစ်၊ အရောက်လာပြီး ရေတွေ လှူကြတယ်။ နာဂစ် ကာလတုန်းကလို မြင်ကွင်းမျိုး ခပ်ဆင်ဆင် ပြန်တွေ့နေရသလိုပါပဲ။ ပြည်သူ အချင်းချင်း ရိုင်းပင်းကြ၊ ကူညီကြ၊ စာနာကြပေါ့။ တချို့ကားတွေက ရေသန့်ဘူးတွေ အပြည့်တင်၊ တချို့ကားတွေကတော့ ပလပ်စတစ်ရေပုံးတွေ အပြည့်တင်၊ တချို့ကားတွေကတော့ ရေတိုင်ကီတွေတင်၊ တချို့ကတော့ ရေကားကြီးတွေနဲ့ပေါ့။ တစ်လမ်းဝင် တစ်လမ်းထွက် ရေပေးဝေနေလိုက်တာ တစ်အိမ်ထောင် ရေဘယ်နှစ်ပုံးဆိုပြီး ဝေတဲ့ရေကို တန်းစီပြီး ယူကြတဲ့ မြို့သူမြို့သားတွေအနေနဲ့လည်း ပင်ပန်းတယ် မထင်တော့ဘဲ စိတ်တွေ ချမ်းသာနေတယ်။

ဒီလို သတင်းမျိုးတွေနဲ့ လှုပ်လှုပ်ရှားရှားလေး ရှိလာပြီဆိုရင် ထုံးစံအတိုင်း တချို့ကတော့ ပေါ်ပင်လိုက်ပြီး ရေအလှူကားလိုက်စီးတာမျိုးတွေ၊ သတင်းယူဖို့သက်သက် လိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဘက် အကျိုးရှိစေတယ်ဆိုရင်တော့ ဘယ်လိုပဲလိုက်လိုက်ပါ။ ပြောစရာ မရှိပါဘူး။ ပြောချင်တာက ဒီလို ရေအလှူမျိုးကို သာဓုခေါ်ပါတယ်။ ဒီလို မွန်မြတ်တဲ့ အလှူမျိုးကို ရေရှည် ထိန်းသိမ်းထားနိုင်မယ် တစ်နည်းအားဖြင့် နောက်တစ်ခါ ဒီလို ရေဒုက္ခ မဖြစ်ရအောင် ကူညီနိုင်မယ်ဆိုရင် ပိုပြီး သာဓုခေါ်စရာ လုပ်ဆောင်ချက်ပေါ့။ ဥပမာအားဖြင့် ရေကန်တွေ ပိုနက်အောင် ပိုကျယ်အောင် တူးတဲ့ နေရာမှာ ဝိုင်းဝန်းကူညီပေးတာမျိုး၊ သွယ်တန်းထားပြီး မှန်မှန်မရတဲ့ ပိုက်ရေ မှန်မှန်ရနိုင်အောင် သက်ဆိုင်ရာ လူကြီးတွေနဲ့အတူ ကြိုးပမ်းပေးတာမျိုးပေါ့။

ဘာပဲပြောပြော အခုဆို မိတ်ဆွေတွေ အပေါင်းအသင်းတွေက တခုတ်တရ သတင်းတွေမေးကြပါတယ်။ အနည်းလေး နင်ရေချိုးလာရဲ့လားလောက်တော့ မေးပြီး ကျမကို ဂရုတစိုက် ပြုပေးကြပါပြီ။ ရေမရှိရင် သူတို့အိမ် လာချိုးပါ၊ အဝတ်တွေ လာလျှော်ပါလို့ ပြောပေးတဲ့သူတွေလည်း များပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေ စုပြီး တနိုင် ရေကားတွေ စုငှားပြီး ရေလာလှူတဲ့ မိတ်ဆွေတွေကလည်း လာခါနီးဆို သတိတရ အသိပေးကြပါတယ်။ တကယ်ကို ကြည်နူးစရာ ကောင်းပါတယ်။ ချစ်စရာ ကောင်းတဲ့ လူမှုရေး စိတ်ဓာတ်လေးတွေဆိုတာ ဒီလို အခက်အခဲကြုံရချိန်ဆို အဆိုးထဲက အကောင်းလေးလို ပေါပေါများများ မြင်ရတတ်တဲ့ အရာတွေပေါ့။ မြန်မာတို့ရဲ့ လူမှုရေး စိတ်ဓာတ်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ် နာဂစ်ကာလများတုန်းက ကမ္ဘာကတောင် အသိအမှတ်ပြု မှတ်ကျောက်တင်ခဲ့ရတဲ့ စိတ်ဓာတ်ပေါ့။ အဲဒီ စိတ်ဓာတ်လေးတွေကို မြင်ရတဲ့အချိန်မျိုးတွေဆိုတာ တကယ့်ကို ကပ်ဆိုက်သလို ကြုံရတဲ့ အခါမျိုးတွေ ဖြစ်နေတော့ တကယ်ကို ဝမ်းနည်း ဝမ်းသာပါပဲ။ နောင်နှစ်တော့ ဒီလို ရေဒုက္ခမျိုးကို ရှောင်လွှဲနိုင်ရပါလို၏ ဆိုတာ မြန်မာနိုင်ငံထဲက ရေဒုက္ခသည်တွေ အားလုံးရဲ့ တူညီသော ဆုတောင်းပေါ့။

(ဤပို့စ်ကို ရေးသား ဝေမျှပေးတဲ့ မကလျာ ကို အထူးကျေးဇူးတင်ပါတယ်။)

0
comments

Dec 05

မျှော်လင့်ရပါသည်

ဒီနေ့ ဆီးဂိမ်းပြိုင်ပွဲ မြန်မာ နဲ့ လာအိုပွဲ ကန်မယ်။ ဘယ်လိုင်းက လာမလဲတော့ မသိသေးဘူး။ သတင်း လိုက်ယူတဲ့ ထဲမှာတော့ ကျွန်တော်တို့ရဲ့ soccermyanmar နဲ့ MRTV4 တော့ ပါသွားတယ်လို့ သတင်းမှာ ဖတ်လိုက် ရတယ်။ မနေ့က အမျိုးသမီးပွဲကတော့ အိမ်ရှင် လာအိုကို သရေကျသွားတယ်တဲ့။ စလာပြီ ထင်တယ်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌကြီးကတော့ ရွှေမှ ရွှေပဲလို့ ပြောနေတာပဲ။ ကျွန်တော်တော့ အများကြီး မမျှော်လင့်ရဲ ပါဘူး။ သိတဲ့အတိုင်း ခဏခဏ ရင်မောရလွန်းလို့။ အုပ်စုအဆင့်ကို ကျော်နိုင်ရင်ပဲ ဝမ်းသာလှပါပြီ။ မြန်မာ အသင်းက ပြီးခဲ့တဲ့ ၂၀၀၇ တုန်းကတော့ ငွေရထားတယ် ပြောတာပဲ။ သိတောင် မသိလိုက်ဘူး။ ကျွန်တော် ကြည့်မိတဲ့ တိုက်ဂါးဖလား ပွဲတွေမှာတော့ အဲဗား အနီတွေ အဝါတွေနဲ့ ဆွေမျိုးရင်းခြာ ဖြစ်နေတာချည်းပဲ တွေ့တယ်။


ဒီဆီးဂိမ်းကို လူငယ်တွေ များများ ပေါ်ထွက်အောင်ဆိုပြီး ၂၃ နှစ်အောက် လုပ်တာ ကောင်းပါရဲ့။ ဒါပေမယ့် မကောင်းတာက ကျွန်တော်သိသလောက် ကစားသမားတွေ ဘယ်သူမှ အသက်အမှန် မဟုတ်ကြဘူး။ (ဒီကောင် သိပြီးသား ကိစ္စကို ဖွပြန်ပြီ လို့ မထင်လိုက်ပါနဲ့) အထူးသဖြင့် ရာဇာဝင်းသိန်းတို့ မျိုးမင်းထွန်းတို့ဆို အသက်မှန်မယ်လို့ မထင်ဘူး။ အမှန်တော့ ကျွန်တော့် ဆန္ဒကတော့ ဆီးဂိမ်းကိုလဲ တိုက်ဂါးလို အလွတ်တန်း ပြိုင်ပွဲ လုပ်သင့်တယ် ထင်တာပဲ။ ဒေသတွင်းမှာဆို ကျွန်တော်တို့ နိုင်ငံက ပရိုလိဂ်စတာ ဘာမှ ကြာသေးတာ မဟုတ်ဘူး။ လူငယ်အသင်းဆိုတာ ကလဲ မနေ့ တနေ့ကမှ လုပ်တာ ဆိုတော့ မရှိရှိတဲ့သူ ထည့်ရတာပေါ့။ 

ဆိုတော့ အခုဆီးဂိမ်းမှာ ထုံးစံအတိုင်း ကျွန်တော်တို့ မြန်မာအသင်း အုပ်စုမှာ စင်ကာပူ၊ လာအို၊ အင်ဒိုနီးရှား ဆိုပြီး ပါပါတယ်။ ကျွန်တော်တို့ မြန်မာအသင်း အတွက် အဓိက အဟန့်အတားက စင်ကာပူနဲ့ အင်ဒိုပါပဲ။ လာအိုကလဲ အိမ်ရှင်ဆိုတော့ လျှော့တွက် ထားလို့တော့ မရပါဘူး။ ဒီနေ့ မြန်မာနဲ့ လာအိုပွဲရှိပါတယ်။ မြန်မာ နိုင်မယ်လို့ မျှော်လင့်ရတာပဲ။ စလောင်း ဘယ်လိုင်းတွေက လာတယ်ဆိုတာ  သိတဲ့သူများရှိရင် လက်တို့ပေးကြပါ။ ရှုံးရှုံးနိုင်နိုင် အမျိုးချစ်စိတ် လေးက ရှိနေသေးတော့ အမှတ်မရှိ အားပေးချင်သေးလို့ပါ ခင်ဗျ။ ဆီးဂိမ်း နောက်ဆုံးရ သတင်းများကို ကြည့်ချင်ရင်တော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။

6
comments

Nov 01

ကထိန်အလှူပွဲ


မနေ့က ကျွန်တော်တို့ မိသားစုတွေ အဖွားရဲ့ ရွာဘက်ကို ကထိန်သွားခင်း ကြတယ်။ ကထိန်ခင်းတဲ့ နေရာက နီးနီးနားနားပဲ။ ထောက်ကြံ့အကျော် ညောင်နှစ်ပင်နားက အသယု(အခုအခေါ် အထယု) ဘက်ကို သွားခင်းတာလေ။ အဲ့ဒီရွာလေးက အခုဆိုရင် ရွာသေးလေးပဲ ရှိပါတော့တယ်။ ဒါပေမယ့် အဖွားက သူ့ဇာတိရွာလေး ဆိုတော့ သံယောဇဉ်မပျက်သေးဘူး။ ပြီးခဲ့တဲ့ တစ်နှစ်ကလွဲလို့ နှစ်တိုင်း နီးပါး ကထိန်သွားခင်းတယ်။ သူ့မှာ ကထိန်ခင်း ရတဲ့ ရည်ရွယ်ချက် ၂ချက် ရှိတယ်။ သူ့နေခဲ့တဲ့ ရွာကလေးကို အမှတ်တရ သွားချင်တာရယ်။ နောက်ပြီးတော့ ဆွေတော် မျိုးတော်တွေ တွေ့ချင်တာရယ်ပေါ့။ ကထိန်လာခင်းတော့ သူ့ဆွေမျိုးတွေ ကလည်း ထောက်ကြံ့ကနေ လာခင်း ကြတယ်။ (အဖွားတို့ အမျိုးတွေက အထယုကနေ ပြောင်းသွားကြတာ ထောက်ကြံ့မှာ တော်တော်များတယ်)။ ညောင်နှစ်ပင်လမ်းဆိုတာ အမျိုးသား ညီလာခံ လုပ်သွားတဲ့ နေရာလေ ကျွန်တော်တို့ မြောက်ဥက္ကလာ အဝေးပြေး ဝင်းကနေ သွားရင် အမှတ်၃ လမ်းမ ကြီး အတိုင်း တည့်တည့်ကြီး သွားရတယ်။



အဲ့ဒိ ညောင်နှစ်ပင် လမ်းထိပ်ကနေဆို ကားနဲ့ ၁၀မိနစ် လောက် သွားပြီးတဲ့အခါမှာ အသယု ရွာထိပ်ကို ရောက်ပါတယ်။ အရင်ကတော့ ရွာထိပ်က ချောင်းလေးကို သစ်တုံးလေးသာ ခံထားပေမယ့် အခုတော့ လမ်းပေါက် နေပါပြီ။ ကျွန်တော်က အရင် တစ်ခေါက် နဲ့ အခုတစ်ခေါက် နှစ်ခေါက်သာ ရောက်ဖူးသေးတယ်။ ရွာထိပ်ကို ရောက်တယ် ဆိုရင်ပဲ ကျေးရွာဓလေ့ အတိုင်း အလှူသီချင်း သံတွေ တညံညံ ကြား နေရပါပြီ။ ဘုန်းကြီးကျောင်း ဝင်းထဲကို ရောက်တော့ ပဒေသာပင်တွေ မရောက် ကြသေးဘူး။ ရွာက လူတွေကတော့ ရောက် နေကြပြီး တစ်ယောက် တလက် ဝိုင်း ကူ ချက်ပြုတ် နေကြပုံပါပဲ။ ဒီဘုန်းကြီးကျောင်း ဝင်းက တော်တော်လေး ကျယ်ဝန်းပါတယ်။ ဘုန်းကြီးကျောင်း ဝင်းထဲမှာ စေတီလေး တစ်ဆူ ရှိပြီ။ သစ်ပင် သစ်ရိပ်တွေနဲ့ အေးအေး ငြိမ်းငြိမ်းရှိလှပါတယ်။ ဘုန်းကြီးကျောင်းက ၂ထပ် ကျောင်းဖြစ်ပြီး ကျောင်းနှင့် ကပ်လျက် ဘယ်ဘက်ခြမ်းတွင်တော့ ထမင်းချက်ဆောင် နှင့် မဏ္ဍပ်ကြီး ထိုးထား တာကို တွေ့ရပါတယ်။ တခြား မဒေသာပင် တွေ မလာခင်မှာ ထမင်းဟင်း ချက်နေတဲ့ သူတွေကို ဓာတ်ပုံ လိုက်ရိုက်ပါတယ်။ ပြီးတော့ ကျွန်တော်နှင့် ကားဆရာတို့ မဏ္ဍပ်အတွင်းမှာ ကျွေးတဲ့ ထမင်းကို ဝင်တီးကြပါတယ်။ မဏ္ဍပ်ထဲမှာ တောဓလေ့ အတိုင်း စားပွဲဝိုင်းလေးတွေ ချခင်း ထားပြီး စားတဲ့သူများက အုတ်နီခဲဖြင့် ဖြစ်စေ၊ ဆောင့်ကြောင့် ထိုင်၍ ဖြစ်စေ စားကြရပါတယ်။




အမှန်အကန်ဆွဲနေတာလေ.. :P

ကျွန်တော်ကတော့ တကယ့် တောဓလေ့ ထုံးတမ်း အညီပဲ ဆောင့်ကြောင့် ထိုင်စား လိုက်ပါတယ်။ ဟင်းတွေက အထွေအထူးတော့ မရှိပါဘူး။ ငံပြာရည်ကျော်၊ သရက်ချဉ်သုပ်နှင့် ကြာဇံတွေကော ဘူးသီးတွေကော ကြွက်နားရွက်တွေ ကော ရော ထားတဲ့ ဟင်းချိုရည် တစ်ခွက် ဒါပဲ ဖြစ်သည်။ ဒါပေမယ့် အစပ်အဟပ် တည့်လို့ပဲ လား မသိဘူး။ တော်တော်လေး စားလို့ကောင်းပါတယ်။ ထမင်းဒယ်အိုးကိုလဲ ကြည့်အုံး။ လေးထောင့် ဆန်ဆန် သံဒယ်အိုးထဲမှာ ငှက်ပျောရွက်တွေ ဖြန့်ခင်းပြီး ထမင်းတွေ ထည့်ထား ခြင်း ဖြစ်သည်။ ဒါမျိုး အတွေ့အကြုံက ဒီလို နေရာမျိုးမှာသာ တွေ့နိုင်သည်။ ရွာအလှူဆိုတော့ မြို့ပေါ်က အလှူတွေလို ဟန်ဆောင် ပန်ဆောင် စားမည့် သူ မရှိ။ အမှန်အကန် မြိန်ရည်ရှက်ရည် စား ကြသည်။ လှူရသည့်လူ စိတ်ချမ်းသာ စရာ ကောင်းလှသည်ပေါ့။





ခဏနေတော့ တခြားသော ပဒေသာပင်သယ်လာတဲ့ ကားတွေ ရောက်လာသည်။ ပဒေသာပင် ကားတွေနဲ့ အတူ တီးဝိုင်းကားပါ ရောက်လာပြီး လော်ကြီးတွေနှင့် သီချင်းတွေ သီဆို တီးမှုတ် ကြပြန်သည်။ ရန်ကုန်နှင့် ကပ်နေပြီး ကျေးလက် အငွေ့အသက်တွေ အပြည့်ကျန်ရှိနေသေးသော ရွာကလေး ဖြစ်သည်။ တီးဝိုင်းက သီဆို တီးမှုတ် ကြပြန်တော့ အောက်က လူငယ်များ လူလတ်ပိုင်းအချို့ကလည်း ကွေးနေအောင် ကကြပြန်ပါတယ်။ တစ်နှစ်တစ်ခါ အလှူမို့ ဒီလိုအချိန်မျိုးမှာ စိတ်လွတ်ကိုယ်လွတ် ပျော်ကြပုံရပါတယ်။ တစ်ယောက်စ နှစ်ယောက်စ ကနေ ဘေးက လူတွေပါ ဝင်ကလို့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ကုန်ပါတော့တယ်။ ချစ်စရာ ကောင်းသော ရိုးဂုဏ်လေး တစ်ခု ပင် ဖြစ်ပါတယ်။




ခဏနေတော့ ပဒေသာပင်များကို ကျောင်း၏ လက်ယာဘက်မှ ကွေ့ပြီး စေတီကို သုံးကြိမ် ပတ်ကာ ပူဇော်ကြလေသည်။ ထို့နောက် ပဒေသာပင်မှ လှူဖွယ် ပစ္စည်းများကို ဖြုတ်၍ ကျောင်းအပေါ်ထပ်သို့ သယ်ဆောင်ကာ ဘုန်းကြီးတရား နာကြပြီး ရေစက်သွန်းချ လှူဒါန်းကြပါတယ်။ ကထိန်သင်္ကန်းသည် အသယုဘုန်းကြီး အတွက် ရည်ရွယ်၍ လှူဒါန်းခြင်းမျိုး မဟုတ်ပဲ။ သံဃာတော် အားလုံးကို ရည်စူး၍ မြတ်သင်္ကန်း လှူဒါန်းခြင်းမျိုး ဖြစ်သင့်ကြောင်း။ ရဟန်းသံဃာများသည် လှူဒါန်းသော သင်္ကန်းအဆက်ကပ် ခံပါက မိမိ၏ သင်္ကန်းဟောင်းများကို စွန့်လွှတ်ရမည် ဖြစ်ကြောင်း။ ဝါတွင်းတစ်တွင်းလုံး မိမိ၏ နေရပ် (ဝါ) ကျောင်းတော်တွင် ဝါဆိုသော ရဟန်းများကို ကပ်လှူမှသာ ကထိန်အလှူ မြောက်ကြောင်း ကျောင်းအောက်ကနေ တရားနာယူ ရပါတယ်။



ပိုက်ဆံကျဲပေးနေတာ

တရားနာ ရေစက်ချပြီးတော့ ခုနက သီချင်းသံတွေ ဆူဆူညံညံ ပြန်ဖြစ်လာကြပြန်ပါတယ်။ ကျွန်တော့် အဖွားကတော့ သူ့အမျိုးတွေနဲ့ တွေ့တော့ ပျော်လို့ ပြုံးလို့ သူ့ကိုယ်သူ ဟိုးငယ်စဉ်ဘဝဆီ ပြန်ရောက် သွားသလို ခံစား နေမိမယ် ထင်ပါတယ်။ ဟိုမှာဘက် လယ်ကွင်းစိမ်းစိမ်းတွေဆီမှာ ငယ်ငယ်က အဖွားဟာ လယ်စိုက်ခဲ့ ရဖူး ကြောင်း အရင်က ပြောပြဖူးပါတယ်။ အသယု ဘုန်းကြီး၏ မယ်တော် ဖွားဖွား တစ်ဦးကိုလဲ တွေ့ခဲ့ရပါတယ်။ အသက် ၁၀၁ ပြည့်တော့မည်ဟု ပြောပြကြပါတယ်။ သွားတွေ မရှိတော့ပေမယ့် အခုထိ ကျန်းမာ နေပုံပါပဲ။ အဲ့ဒိဖွားဖွားက ကျွန်တော့် အဖွား အသက် ၇၀ ကိုတွေ့တော့ ကောင်မလေး ဆိုပြီး ဖက်နမ်းနေပါသေးတယ်။ အင်းပေါ့ ဘယ်လိုပဲဖြစ်ဖြစ် အသက် ၁၀၀ ကျော် ဖွားဖွား ရဲ့ အမြင်မှာတော့ ကျွန်တော့် အဖွားဟာ အရင်တုန်းက ဆံတောက်လေးနဲ့ ကလေးမလေး အဖြစ် မြင်ချင်မြင်နေမှာပေါ့။

အလှူပွဲပြီးလို့ ပြန်မယ်ဆိုတော့ ဆွေမျိုးတွေနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောနေလိုက်တာ အတော်နှင့် လေကျော မပြတ်သေးပေ။ နေ့ခင်း ၁၁နာရီခွဲနေပြီမို့ ကျွန်တော် ဆော်သြတော့မှ အဖွားကော အဖိုးပါ ထပါတော့တယ်။ ရန်ကုန်ထိ ပြန်မောင်း ရမှာဆိုတော့ လမ်းမှာ နေပူမှာ စိုးလို့ ဖြစ်ပါတယ်။ ဒါတောင် ကျွန်တော့် အဖွားက ဘုန်းကြီးကျောင်းက ပြန်အထွက် ရွာထိပ်ဘက်နားက လယ်ကွင်းထဲမှ အိမ်ကလေး တစ်အိမ်ဆီကို သွားပြန်ပါတယ်။ သူ့ဆွေမျိုး(သူ့တူမ) အိမ်ကို သွားလည်ခြင်း ဖြစ်ပါတယ်။ မှည့်ဝင်းနေသော လယ်ကွင်းများကို ဖြတ်သန်းပြီး အရိပ်အာဝါသ ကောင်းလှသော အပင်များ အောက်ရှိ ဝါးအိမ်လေးဆီကို လမ်းလျှောက်ကြရပါတယ်။ ပူပြင်းလှသော နေပူရှိန်သည် ဤအိမ်ကလေးကိုတော့ ပူပြင်းအောင် မစွမ်းသာချေ။ လယ်ကွင်းထဲမှ တိုက်သော လေများသည် သစ်ပင်ရိပ်လေးများ၏ အေးရိပ်ဖြင့် အေးမြနေတော့သည်။ လယ်ထွန်သော ကျွဲတွေကို အိမ်လေးနားရှိ သစ်ပင်များတွင် ကြိုးချည်ထားရာ ကျွန်တာ့် ညီငယ်လေးများက ကျွဲများကို မရဲတရဲ သွားပွတ်သပ်ရင်း သဘောကျနေတော့သည်။


ရွှေဝါရောင် ဝင်းနေတဲ့ စပါးခင်းတွေ

လယ်သမားကြီး မင်းယွန်းသစ် :P

ချစ်စရာ တဲအိမ်ကလေး

အိမ်ကလေး၏ ပတ်ဝန်းကျင်တွင် လယ်ကွင်းများ ပတ်ပတ် လည် ဝိုင်းနေကြပြီး စပါးများ မှည့်ဝင်းနေသည့် အချိန်ဖြစ်၍ အဝါရောင် ပင်လယ်ထဲတွင် ရောက်ရှိနေသလိုပါပဲ။ ကျေးလက် ရနံ့လေးတွေ စိတ်ချမ်းသာ စရာ ရှုရှိုက်မိသည်။ တခါတလေ မြို့ပြ၏ ညှော်နံ့များကို ငြီးငွေ့သည့်အခါ ထိုနေရာမျိုးကို လာရောက် အပန်းဖြေဖို့ ကောင်းလှပါသည်။ ကျွန်တော်တို့ နာရီဝက်လောက် အေးအေးလူလူ နားနေကြပြီးမှ ရန်ကုန်ကို ပြန်လည် ထွက်ခွာ ခဲ့ပါသည်။ ကားလမ်း ဘေးနှစ်ဘက်ဆီမှာ စပါးခင်းများ သည် တရိပ်ရိပ်နှင့် ကျန်ရစ်ခဲ့လေတော့သည်။

3
comments

Jun 20

အကြိတ်အနယ် ကစားပြီး သရေကျသွားတဲ့ပွဲ (အပိုင်း ၁)

တနေ့က ကိုကြီးကျော်၊ ကျွန်တော်၊ မဘာညာ၊ သားဖြိုး လေးယောက်သား သုဝဏ္ဏ ကွင်းမှာ လုပ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့၊ ရတနာပုံ အသင်းတို့ ကန်တဲ့ ပွဲကို သွားကြည့်ခဲ့ကြတယ်။ အစကတော့ ဇော်မျိုးလိုက်မယ်ဆိုပြီး မလိုက်ဖြစ်တော့ဘူး။ (မေမေ ဆူလိမ့်မယ်တဲ့ အဟတ်)။ အဲ့တော့ ထုံးစံ အတိုင်း ပွဲတိုင်း ကျော် ကျွန်တော်တို့ အဖွဲ့ တက်ညီလက်ညီ ချီတက် ကြတာပေါ့။ ကျွန်တော်တို့ သွားတော့ အချိန်က ၂နာရီလောက်ပဲ ရှိသေးတာကို ပါရမီညောင်ပင် နားလောက် မှာကတည်းက ရန်ကုန် အသင်း အင်္ကျီတွေ၊ ရတနာပုံ အသင်းအင်္ကျီတွေနဲ့ ကားတွေ ပေါ်မှာ လှမ်းတွေ့နေရတယ်။ သုဝဏ္ဏရောက်တော့ လူတွေကော ကားတွေကော တအုံးအုံးနဲ့ ဖြစ်နေကြပြီ။ ကားပါခ့် မှာ ထိုးထားပြီး အမှန်အကန် အားပေးဖို့ ခေါင်းစီးကြိုးတွေတောင် ၀ယ်ခဲ့သေးတယ်။ (တခုကို ၂၀၀ တောင် ပေးရတယ်)။ လက်မှတ်ကလဲ ဇော်မျိုးဆီမှာ ၂စောင် ရထားပေမယ့် မြို့ထဲထိ သွား မယူနိုင်တာကြောင့် အဲ့ဒိမှာပဲ မှောင်ခိုဝယ်လိုက်တယ်။ (လက်မှတ် လေးယောက်စာကို ငါးထောင်ကျပ် ပေးခဲ့ရတယ်ဗျ)။

ဂိတ်ပေါက်ဝ ရောက်တော့ လူတွေ ကြိတ်ကြိတ်တိုး တိုးမပေါက်ဘူး။ ပြီးတော့ ကျွန်တော်တို့ ၀င်တဲ့ဘက်က ရန်ကုန်အသင်းအားပေးသူတွေသာ ၀င်လို့ရတဲ့ အပေါက်။ အထဲဝင်ပြီး ပွဲကြည့်စင်ပေါ် တက်တော့လဲ အထူးတန်းပွဲကြည့်စင်မှာတင် ၂ခြမ်းခွဲပေးထားတယ်။ ရတနာပုံ ပရိသတ်က သက်သက်၊ ရန်ကုန် ပရိသတ်က သက်သက်၊ ကြည့်ရတာ ရတနာပုံကို အားပေးမယ့် သူတွေကို ရတနာပုံ အသင်းက စပွန်ဆာ ပေးပြီး ရန်ကုန်ကို ဟိုင်းဝေးဘတ်စ်တွေနဲ့ ခေါ်လာပုံပဲ။ တနေရာထဲစု ထိုင်နေကြပြီး အပြာရောင် ဆင်တူ အင်္ကျီတွေနဲ့ အသင်းတံဆိပ်ပါ အလံတွေ၊ ကဒ်ပြားကြီးတွေနဲ့လေ။ ရန်ကုန် အသင်းကို အားပေးတဲ့ ပရိသတ်ကတော့ ထုံးစံအတိုင်း ကွင်းလုံး ပြည့်လျှံပဲပေါ့။ ပွဲမစခင် ၂နာရီလောက် ကတည်းက ဗုံသံတွေ၊ လင်ကွင်းသံတွေ၊ ဘင်ခရာ ဒရမ်အသံတွေနဲ့ ‘ရန်ကုန်…ရန်ကုန်’ ဆိုတဲ့ အားပေးသံတွေဟာ ဘ၀ဂ်ညံ နေတာပါပဲ။ စာတန်းတွေ၊ အလံတွေ နဲ့ အင်ပြည့်အားပြည့် လာအားပေး ကြတာမို့ ရန်ကုန် အသင်း ကန်တဲ့ ပွဲတိုင်း ဒီလို အားပေးကြရင် ကောင်းမှာပဲလို့ တွေးတော မိတယ်။

ကွင်းထဲမှာ ဝုန်းဒိုင်းကြဲသာ အားပေးနေတာ တကယ်တမ်း ကန်တော့ ညနေလေးနာရီမှ စကန်တယ်။ ပွဲစတော့ နှစ်သင်းစလုံး အင်တိုက် အားတိုက်နဲ့ ကစား ကြတာမို့ အလွန်ကြည့်လို့ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ် ခဲ့ပါတယ်။ ပထမပိုင်းမှာ အရင်ဆုံး ရတနာပုံက ဂိုးသွင်း ခဲ့ပါတယ်။ ရတနာပုံ က ဦးဆောင် ဂိုးသွင်းပြီး မကြာခင်မှာပဲ ရန်ကုန်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ရန်ကုန်လဲ ဂိုးသွင်းရော သုဝဏ္ဏ တစ်ကွင်းလုံး အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက် ပွဲကြည့်စင် တွေ ကနေ အုံးကနဲ အသံဟာ ပွက်လောညံ သွားပြီး ရန်ကုန်… ရန်ကုန် ဆိုတဲ့ အသံများ ဆူညံသွားပါတော့တယ်။ အဲ့ဒိနောက်တော့ ရန်ကုန်ဘက်က ထပ်မံသွင်းယူခဲ့ပြီး နှစ်ဂိုး တစ်ဂိုး နှင့် ပထမပိုင်း ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်း မစခင်လေးမှာပဲ ရတနာပုံ ပရိသတ်နဲ့ ရန်ကုန် ပရိသတ်တို့ ပွဲကြည့်စင် နှစ်ဘက်ဆီမှ အချင်းများ ခဲ့ကြပြီး တဘက်နဲ့ တဘက် အရာဝတ္တု တွေနဲ့ပစ် ပေါက် ခဲ့ကြပါတယ်။ ပရိသတ်များကို ရဲများ နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ ထိန်းသိမ်း ခဲ့ပါတယ်။ ဒီနေ့ပွဲမှာလဲ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် တချို့ဟာ အငြင်းပွားစရာ တွေနဲ့ ဖြစ်ခဲ့ သေးတာမို့ အဖွဲ့ချုပ် ဒိုင်တွေရဲ့ အရည်အချင်း အတွက် မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြီးခါနီးမှာ ရန်ကုန်ဘက်က စိုးရိမ် စိတ်တွေ များပြီး ကစားအားချကာ ခံစစ်နဲ့ ကစား ခဲ့ပါတယ်။ အပိုင်တဂိုး လွဲချော်ခဲ့ တဲ့ အပြင် မျိုးမင်းထွန်းဟာ လဲ ပုံမှန်ခြေ ပျောက်ဆုံးခဲ့ ပါတယ်။ ကစားအားချပြီး ခံစစ်ကစားတဲ့ အကျိုးအမြတ် အဖြစ် ပွဲပြီးခါနီးကျမှ ဘီးကုတ် စက်ဝိုင်း အနားမှ အမှတ်မထင် ကန်ချက်ကို ရန်ကုန်ဂိုးသမား အောင်အောင်ဦး မဖမ်းနိုင်ခဲ့တဲ့ အတွက် နှစ်ဂိုးဆီ သရေနှင့် ပြီးဆုံး သွားခဲ့ပါတယ်။

ကွင်းလုံးပြည့် အားပေးတဲ့ ပရိသတ်တွေက ပြန်တော့လဲ တိုးမပေါက်တဲ့ အပြင် ကားပါ့ခ်မှာ ရပ်ထားတဲ့ ကားတွေက ထပ်နေတာ ကြောင့် ကျွန်တော်တို့ အဖွဲ့ နာရီဝက်လောက် ကြာအောင် စောင့်ခဲ့ ရပါသေးတယ်။ အပြန်ခရီးမှာတော့ ရတနာပုံ စပွန်ဆာ ကားတွေနဲ့ ဘတ်စကား တိုးစီးနေကြတဲ့ အပြာရောင် ရန်ကုန်ချစ် ပရိသတ်များကို ဖွေးဖွေး လှုပ်တွေ့ခဲ့ ရပြီး ကွင်းထဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရိသတ် များ အကြောင်း စဉ်းစားမိကာ ဪ ငါတို့လဲ မန်ယူ၊ အာဆင်နယ် အသင်းတွေလို ဖြစ်နေ ပါရော့လား ဆိုပြီး ပြုံးမိပါတော့တယ်။

ဓာတ်ပုံများကို ထည့်လျှင် ပို့စ် ရှည်သွားမှာ စိုးလို့ နောက်ပို့စ် ထပ်ခွဲလိုက်ပါကြောင်း

0
comments