“နဲနဲ ငါ့အနားကပ်ထားပေးပါဟ”
သူငယ်ချင်းမ က ကျွန်တော့် လက်ကိုချိတ်ထားရင်း နောက်သို့ မသိမသာ လှည့်ကြည့်ရင်း ပြောသည်။ ဒီနေ့ ကျောင်းဆင်းချိန်တွင် ကျွန်တော်က သူ့ရည်းစား အယောင်ဆောင်ပေးရခြင်းဖြစ်သည်။ သူ့နောက်သို့ လိုက်နေသော ဆံပင်ရှည်နှင့် ငနဲတစ်ကောင်၏ ရန်ကို ကာကွယ် ရန်ဖြစ်သည်။ သူတော့ အန္တရာယ် ကင်းမကင်း မသိ ကျွန်တော်တော့ အခန့်မသင့်လျှင် ရန်ဖြစ်နိုင်သော တည်ချက် ဖြစ်သွားနိုင်သည်။
“နင်ဟာလေ…”
ကျွန်တော်က သူ့ကို ကျိတ်ပြီး ကျိန်ဆဲနေသည်။ သူကတော့ လျှာလေးထုတ်ပြရင်း
“ကူညီပါဟာ နင်ကလဲ သူငယ်ချင်း အချင်းချင်းပဲဟာ..နော်.. ငါမုန့်ကျွေးပါ့မယ်”
ကျွန်တော်က မျက်မှောင်ကြုတ်လိုက်ရင်း
“မုန့်ကျွေးမကျွေးက အရေးမကြီးဘူး .. နင့်ဆံရှည်ကောင်က ရူးများနေလား မသိဘူး ကျောင်းဆင်းကတည်းက လိုက်တာ .. အခုထိ လိုက်တုန်း”
“နင့်နဲ့ငါ ရည်းစား မဟုတ်မှန်း သိလို့ နေမှာပေါ့.. ကြောက်စရာကြီးဟာ အူကြောင်ကြောင်နဲ့ ဒီကောင့်ပုံက”
သံစဉ်သည် ကျွန်တော်တို့ သူငယ်ချင်းထဲတွင် (သို့မဟုတ်) ကျွန်တော်တို့ မေဂျာတခုလုံးတွင် အချောဆုံး ကောင်မလေး တစ်ယောက် ဖြစ်သည်။ သူ့ကို လိုက်နေသော ကောင်လေးများ တပုံတပင် ရှိ၏။ ကျွန်တော်နှင့်က ပထမနှစ်ကတည်းက အတန်းကော၊ ကျူရှင်မှာပါ တူတူတက်ဖြစ်ခဲ့ကြသူများ ဖြစ်သည်။ သံစဉ်သည် မျက်နှာ သွယ်သွယ်၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးလေး နှင့် ဖြစ်ပြီး လှိုင်းတွန့်ကောက်ထားသော ဆံနွယ်လေးများနှင့် ဆိုတော့ ချောလဲချောသလို ချစ်စရာကောင်းသော ကောင်မလေး တစ်ယောက် ဖြစ်သည်။ သံစဉ်နှင့် ပေါင်းသင်းရတာ ပွင့်လင်းလွတ်လပ်မှု ရှိသည်။ သူက ချစ်သူရည်းစားများ အပေါ်တွင် အလေးအနက် မထားသော်လည်း သူငယ်ချင်းများ ပေါ်တွင်တော့ အမြဲအလေးအနက် ထားလေ့ရှိသည်။ ထိုအချက်ကပင်လျှင် သူငယ်ချင်းများက သူ့ကို ခင်မင်မိသော အချက်တချက် ဖြစ်သည်။
ထို့ပြင် ကျူရှင်တွင် ယောက်ျားလေး ၃ယောက်ရှိသည့် အနက် သူနှင့် ကျွန်တော်က အတူပေါင်းဖြစ်တာ က များသည်။ အကြောင်းမှာ ကျွန်တော်နေသော မြို့နယ်နှင့် သူ့မြို့နယ်သည် သိပ်မဝေး လှသည် က တစ်ကြောင်း၊ တခြားယောက်ျားလေးသူငယ်ချင်းများက ဂိမ်မာများ (Gamer)ဖြစ်ခြင်း၊ ကျူရှင်ရှိ တခြားမိန်းကလေးများကလည်း အမှန်အတိုင်းပြောရရင် သမာရိုးကျ ခေတ်နှင့်အနည်းငယ် အလှမ်းဝေးသော ကောင်မလေးများ ဖြစ်ကြခြင်းတို့ကြောင့် ပေါ့ပေါ့ပါးပါး နေတတ်သော ကျွန်တော်နှင့် ပို၍ ပေါင်းမိခြင်းဖြစ်သည်။ သံစဉ်နှင့် ပတ်သက်လာလျှင် ကျွန်တော် သူမကို မနှစ်သက်ဘူးလို့ ကျွန်တော် မလိမ်ချင်ပါ။ ကျွန်တော် သံစဉ်ကို နှစ်သက်ပါတယ်၊ မြတ်နိုးပါတယ်၊ ထို့ပြင် ချစ်တယ်ဆိုသော ခံစားမှုလေးပါ ပိုပါသည်။ ဒါပေမယ့် သူငယ်ချင်းဆိုသော တံတိုင်းကြီးကား ကျွန်တော်နှင့် သူမကြားတွင် ကာရံထားပါသည်။ ထိုချစ်စရာကောင်းသော ကောင်မလေး တစ်ယောက်နှင့် အတူတူသွားလာနေသော ယောက်ျားလေး တစ်ယောက်သည် ရင်မခုန်ဘူး ဆိုလျှင် ထိုသူသည် လိမ်ညာတတ်သူသာ ဖြစ်ပေလိမ့်မည်။
ကျွန်တော်နှင့် သံစဉ်၏ အပြင်ပိုင်း ဆက်ဆံရေးသည် အလွန်ပွင့်လင်းလွတ်လပ်ပါသည်။ သံစဉ်က အများအမြင်တွင် အနည်းငယ် ရည်းစားများသည် ဟုထင်နိုင်သော်လည်း အကြောင်းစုံ သိရလျှင် သူမကို နားလည် ပေးကြပါလိမ့်မည်။ သံစဉ်ကို ကြိုက်သော ကောင်လေးများ ကျောင်းတွင် အများအပြားရှိသည်။ တခါတရံတွင် သူ၏ အလှက သူ့ကို စိတ်ကသိကအောက် ဖြစ်စေသည်။ အတင်းလိုက်ကြိုက်သော စာလိုက်ပေးသော သူများကို သူခါးခါးသီသီး လုပ်၍ ရသော သူများအား သူ အပြတ်ပြော ပစ်လိုက်သည်။ အချို့ကတော့ မိုက်တိမိုက်ကန်းနှင့် အတင်းဇွတ်ချစ်မယ့် သူများကျတော့ သူမအနေနှင့် ရေလိုက်ငါးလိုက် အခြေအနေအရ မျှောထားလိုက်ရသည်။
ဒုတိယနှစ် ကျောင်းတက်စဉ် ဖိုင်နယ်ရီးယားမှ အကိုကြီး တယောက်နှင့် ကြိုက်ဖူးသည်။ သို့သော် ထိုလူသည် သံစဉ်နှင့် ကြိုက်သည် ဆိုခြင်းမှာ သူငယ်ချင်းများ ကြားတွင် ဂုဏ်ရှိစေရန် အတွက်သာ ဖြစ်ပြီး တကယ်ချစ်၍တော့ မဟုတ်။ ထို့ပြင် ထိုသူသည် သိရသလောက် အကျင့်ပျက်သော ဆေးသမား တယောက် ဖြစ်သည်ဟူ၍ပင်။ သို့သော် သံစဉ်က ဘယ်တော့မှ သူ့ကိုယ်သူ အညစ်အနွမ်း ခံသည့်သူ မဟုတ်။ အမှန်တော့ သံစဉ်သည်ပင် လူလည်မလေး တစ်ယောက် ဖြစ်သည်။
သူ့တွင် အချစ်ဦးတယောက် ရှိခဲ့သည်။ကိုကျော်မျိုး….။ ထိုသူက အခုတော့ နိုင်ငံရပ်ခြားသို့ ရောက်သွားပြီ ဖြစ်သည်။ ထိုသူကား သူမ၏ အကိုသူငယ်ချင်း ဖြစ်လေသည်။ သို့သော် အချစ်ကံခေရှာသော သံစဉ်မှာ စွန့်ပစ်သွားခြင်းကို ခံခဲ့ရသည်။ သံစဉ်အဖြစ်က ရည်းစားထားခြင်းသည် မိမိထံမှပျောက်ဆုံးသွားသော အရာကို လိုက်ရှာနေသည်နှင့် တူသည်။
သံစဉ်က သူ့ခံစားချက်များကို တခါတလေ ကျွန်တော့်ကို စိတ်လိုလက်ရ ပြောပြတတ်သည်။ ထိုသို့ ပြောပြတိုင်း ကျွန်တော်သည် သူ့မအပေါ်တွင် ထားသော တိတ်တခိုး အချစ်သည် လျှော့မသွားပဲ ပို၍ပင် တိုးလာသည် ဟု ထင်ရသည်။ တခါတလေ ကျတော့လဲ ကျောင်းက သူငယ်ချင်းများ က ကျွန်တော့်အား ဘုန်းမြတ် မင်းက သံစဥ့် အစေအပါးတယောက်လားကွ လို့ စကားနာထိုး တတ်သော်လည်း ကျွန်တော် ဘယ်သောအခါမှ စိတ်ဆိုးခဲ့သည် မရှိပေ။ ချစ်တတ်သော နှလုံးသား ရှိသော လူငယ်တယောက် ဖြစ်သော ကျွန်တော်သည် ချစ်စရာ ကောင်းသော ကောင်မလေး၏ အလိုလိုက်ခြင်းသည် အပြစ်ဟု ခေါ်နိုင်ပါ၏လော။
“ဘုန်း.. ငါမြို့ထဲသွားမလို့ဟာ နင်အားလား လိုက်ခဲ့ပေးပါလားဟာ”
ဒီနေ့တနေ့လုံး အိမ်ပြင်မထွက်တော့ဟု ဆုံးဖြတ်ပြီး အိပ်ယာထဲတွင် ခွေနေကာမှ သံစဉ်က ဖုန်းဆက်လာ ခြင်း ဖြစ်သည်။ ပျင်းရိတွဲ့နေသော ခြေလက်များသည် အနည်းငယ် ပေါ့ပါးချင်လာသည်။ ကျွန်တော်သည် သံစဉ်အတွက် သူငယ်ချင်းကောင်း တယောက် ဖြစ်သည်။ ထို့ပြင်. ချစ်သူကောင်း တယောက်အနေနဲ့ရော ဖြစ်ခွင့် မရှိဘူးတဲ့လား။ သံစဉ်ရယ် …. ငါလေ….။
သံစဉ်အပေါ်တွင် ကျွန်တော်က တိတ်တခိုးချစ်နေမိသော်လည်း သံစဉ်ကတော့ ထိုခံစားမှုမျိုး ကျွန်တော့် အပေါ်တွင် မရှိသေးသည် မှာ သေချာသည်။
“ဘုန်း.. နင့်ကြည့်ရတာလဲ ငေါင်တောင်တောင်နဲ့ နင်နေမကောင်းဘူးလား၊ မှန်း..”
သံစဉ်က စိုးရိမ်ကြီးစွာဖြင့် ကျွန်တော့် နဖူးကို သူ့လက်ဖ၀ါးနုနုလေးဖြင့် စမ်းလိုက်သည်။
“ငါ နေကောင်း ပါတယ်ဟ”
ဘာကြောင့်မှန်းမသိ သံစဉ်အဲ့လို ဂရုစိုက်လွန်းလျှင် ကျွန်တော် မနေတတ်တော့ပေ။ အမှန်တော့ ကျွန်တော်၏ အတွင်းစိတ်များက သူ့အပေါ် မရိုးသားတော့ ခြင်းကြောင့် ဖြစ်မည်ထင်သည်။
“ငါဒီနေ့ ပလာဇာသွားပြီး အကျီသွားဝယ်မလို့ဟ ၊ အစက ငါ့အမကို အဖော်ခေါ်တာ သူက မနက်ကတော့ လိုက်မယ်ဆိုပြီး နေ့ခင်းလဲ ကြရော ဘယ်ထွက်သွားတယ် မသိဘူး၊ ငါတယောက်ထဲ သွားရမှာလဲ မသွားချင်ဘူး၊ သဘက်ခါ ငါခရီးသွားမလို့ဟ”
ကျွန်တော်တို့ သူငယ်ချင်း၂ယောက် အတူတူသွားသော အခါ စကားဝိုင်းကို ဦးဆောင်သူက သံစဉ်ဖြစ်သည်။ သူမက အလွန်သွက်လက်သော ကောင်မလေး တစ်ယောက်လဲ ဖြစ်သည်။
ဈေးဝယ်တော့ သူက တဆိုင်ဝင် တဆိုင်ထွက်နှင့် စိတ်ကြိုက် လိုက်ရှာနေသေးသည်။ မိန်းကလေးများ ဈေးဝယ်ထွက်ခြင်းကို ပုံမှန်အားဖြင့် စိတ်မရှည်သော်လည်း သံစဉ်နှင့် နီးနီးကပ်ကပ် လိုက်ရသောအခါ ကျွန်တော်သည် ထူးဆန်းစွာ အလွန်စိတ်ရှည်နေ လေသည်။ အင်း .. မကောင်းပါဘူးလေ..။ အိမ်က အမများ ရှော့ပင်ထွက်လျှင် အမြဲတမ်း ငြင်းဆန်သော ကျွန်တော်သည် အခုတော့ သံစဉ်နောက် စိတ်ရှည်လက်ရှည် လိုက်ပေးနေသည်ကိုများ အမများ သိရှိသွားရင်ဖြင့် မည်သို့ပြောကြမည် မသိပေ။ သြော် အချစ်က အရာရာကို ပြောင်းလဲပစ်နိုင်တယ်တဲ့လား။
တခါတလေကျတော့လဲ ကျူရှင်က သူငယ်ချင်းတွေအားလုံးစုကာ ရုပ်ရှင်သွားကြည့်လေ့ရှိသည်။ ဘေးချင်းယှဉ်လျှက်ထိုင်ကာ ရုပ်ရှင်ကြည့်ဖြစ်တဲ့ အခါတိုင်း ကျန်သူငယ်ချင်းများက ကျွန်တော်တို့ ၂ယောက်အား ၀ိုင်းဝန်း နောက်ကြသော်လည်း သံစဉ်ကတော့ အေးဆေးပင်။ ကျွန်တော်ကသာ ရှက်ကိုး ရှက်ကန်း ဖြစ်ရသေးသည်။ အော် တယ်ခက်တဲ့ ငါပါလားနော်။
မိုးများအုံ့မှိုင်းနေသော နေ့တနေ့တွင် တက္ကစီကားစီးသွားမည့် သူက သူ့ထီးကို ထီးမပါသော ကျွန်တော့်ကို ပေးကာ
“ဟဲ့ ရော့ယူထား ငါက တက္ကစီကို အိမ်ရှေ့ထိငှားသွားမှာ၊ နင်က မြို့ထဲသွားအုံးမှာ မှတ်လား ယူသွားအဲ့ဒိထီးကို၊ နေမကောင်းဖြစ်နေအုံးမယ်။ မိုးရေထဲ လျှောက်သွားမနေနဲ့အုံး။ သွားစရာရှိတာ သွားပြီးရင် အိမ်ကို အမြန်ပြန်ဟ၊ ငါညကျ ဖုန်းဆက်လိုက်မယ်”
သံစဉ်က အဲ့ဒိလို ကျွန်တော့်ကို ဂရုတစိုက် ရှိလှသည်။ ကျွန်တော်တို့ ၂ယောက် ဆက်ဆံရေးက ထို့ထက်လဲ မပိုခဲ့။ သူ့မွေးနေ့ဆိုလျှင် ကျွန်တော်က လက်ဆောင်ပစ္စည်းဆိုင်လေးသို့ ၂ရက်လောက် ကြိုတင်သွားကာ ၀ယ်ထားတတ်သည်။ အများအားဖြင့် ကျွန်တော်ဝယ်ဖြစ်တာက ခွက်ကလေးတွေ၊ ချစ်စရာ ကာတွန်းရုပ်လေးတွေ၊ သူ့ဖုန်းမှာ ချိတ်ဖို့ အမွှေးပွ တွဲချိတ်လေးတွေ ဖြစ်သည်။ ပြီးတော့ ကျွန်တော်က ကဗျာဆန်ဆန်နှင့် ပစ္စည်းတခုပေးတိုင်း ထိုပစ္စည်း၏ အနက် အဓိပ္ပါယ်ကို ဖွင့်ဆိုထားတဲ့ စာရွက်ခေါက်ကလေး တခု မွေးနေ့ကဒ်နှင့် အတူပေးလေ့ရှိသည်။ ထိုသို့ ပေးသည့်အခါတိုင်း
“နင်ဟာလေ.. တော်တော်ရူးတယ် တော်တော်လဲ စိတ်ကူးယဉ်ဆန်တာပဲ…”
မည်သို့ပင် ပြောပါစေ ကျွန်တော်ပေးသော မွေးနေ့လက်ဆောင်များကို သူနှစ်သက် သဘောကျကြောင်း သူ့မျက်လုံးများက သက်သေခံနေသည်။
တခါတရံကျတော့ သူရဲ့ အချစ်ဒဿနများ ပွင့်အံလာတတ်သေးသည်။
“ရည်းစား ထားရတာ တကယ်တော့ ဘာမှ မကောင်းဘူးဟ၊ တယောက်နဲ့ တယောက် ညှိနှိုင်းနေရတာ ကြီးပဲ၊ သူ့အကြောင်းကို ခေါင်းထဲအာရုံအမြဲ ထားနေရတယ်၊ ကောင်းပါတယ် ဘုန်း..ရာ နင်ပဲကောင်းတယ်.. ဒီလိုပဲ အေးဆေးနေတာကောင်းတယ် သိလား”
ထိုအခါမျိုး၌ ကျွန်တော့်မှာ ပြောစရာ စကား မရှိ ဘာပြောရမှန်းတောင် မသိဘူး။ ရည်းစား မထားတာ မဟုတ်ဘူး ရည်းစားထားချင်တဲ့သူကို ပြောရမှာ မ၀ံ့မရဲ ဖြစ်နေလို့..။ ကျွန်တော့် ရင်ထဲ၌ လုံးဝမအောင့်အီး နိုင်လောက်အောင် ဖြစ်သော အချိန်များ၌ သံစဉ်ကို ဖွင့်ပြောဖို့ အရဲကိုး ကြိုးစား ကြည့်ဖူးသည်။
“သံစဉ်.. ငါလေ…”
“အင်းပြော…”
သံစဉ်က ကျွန်တော် ပြောမည့် အကြောင်းကို ပြူးကြောင်ကြောင် ရိုးသားစွာဖြင့် ကြည့်နေသော အခါ၌မူ ရင်ထဲက မရိုးမသား ချစ်စကားများ ပြန်လည် ငုပ်လျှိုးသွားရပြန်တော့သည်။
“အော်..အင်း ဟိုဟာ… ငါ့ဆီမှာ နင်မှာထားတဲ့ IELTS စာအုပ်နဲ့ခွေ ရပြီလို့.. ပြောမလို့..”
သေစမ်း ဘုန်းမြတ်ရာ ညံ့ပ။
“ဟင် ဟုတ်လား.. တော်သေးတယ် ငါက နင်မ၀ယ်ရသေးဘူး ထင်လို့ မနက်ဖြန်တောင် သွားဝယ် မလို့၊ ကျေးဇူးပဲဟ နက်ဖြန် ငါလာယူမယ်လေ..”
သံစဉ်နှင့် ကျွန်တော်တို့သည် ၂ဦး၂ဖက် အိမ်များသို့ သွားလည်ဖူးပြီး အိမ်ရှိ လူကြီးများကလဲ ကျွန်တော်တို့ ၂ဦးအား ငယ်သူငယ်ချင်း ၂ယောက် ပမာ မြင်ကြပြီး ဖော်ဖော်ရွှေရွှေ ရှိလှသည်။ သွက်လက်ချက်ချာသော သံစဉ်လာလည်လျှင် အိမ်က အမတွေနှင့် ဟိုဟာ လုပ်စား ဒီဟာ လုပ်စားနှင့် အလွန်ပွဲစည်လှသည်။ တခါတလေ သူငယ်ချင်း ဖြစ်တဲ့ ကျွန်တော့်ကိုတောင် မေ့လို့…။ တပတ်လောက် ကျွန်တော်နှင့် အဆက်အသွယ် ပြတ်သွားသော အခါ၌ သူဖုန်းဆက်လျှင် ကျွန်တော်က သူ့ကို စကားနာထိုးသည်။
“အေးပေါ့ဟာ နင်က ငါ့ကိုမေ့မှာပေါ့၊ နင့်မှာ တခြား သတိရစရာ လူရှိတာကိုး..”
ထိုအခါမျိုး၌ သံစဉ်က အသံခပ်လေးလေးဖြင့်
“ငါ..ဘယ်တော့မှ နင့်ကို မမေ့ပါဘူး .. ဘုန်း..ရယ်”
သူပြောသော စကားက ဘာအဓိပ္ပါယ်မှ မပါ ကျွန်တော်ပြောလိုက်သည့် စကားကို သူငယ်ချင်း တယောက် အနေနှင့် စိတ်မကောင်း ဖြစ်သွားသည့် လေသံမျိုး ဖြစ်သဖြင့် ကိုယ့်ဟာကိုယ် ပြောပြီးမှ နောင်တ ရမိပြန်ပြီး စကားလမ်းကြောင်းတွေ လျှောက်လွှဲပစ် ရပြန်သည်။ ဘုန်းမြတ် မင်းတော်တော် ရူးနှမ်းပါလားနော်။
သူက ချစ်သူရည်းစားများ တယောက်ပြီး တယောက်နှင့် ဇာတ်လမ်းပြီးသွား တတ်သော်လည်း ကျွန်တော့် အနားက ဘယ်တော့မှ ခွာသွားသည် မရှိ။ ပြီးတော့ ကျွန်တော့်အပေါ်တွင်လဲ သူငယ်ချင်း တယောက်ထက် ပိုပြီး အခွင့်အရေးတွေ ပေးတာ၊ မျှော်လင့်ချက် ပေးတာ မျိုးလဲ မရှိရိုး အမှန်ပါ။ သူက ကျွန်တော့်ကို တကယ့် ပကတိ အချစ်ဆုံး သူငယ်ချင်း တယောက် အဖြစ် ခံယူထားပုံရသည်။ အချစ်ကံမကောင်းသော သူ့ကို ကျွန်တော် စာနာမိသည်။ ဘယ်သောအခါမှ ကျွန်တော်သံစဉ်ကို နှိမ်ချသော အတွေးဖြင့် မမြင်ဖူးပါ။ သံစဥ့်ကို အနီးကပ်ပေါင်းကြည့်လျှင် သူမ၏ ရိုးသားမှု၊ မိမိကိုယ်ကို တန်ဖိုး ထားမှုများကို တွေ့နိုင်သည်။ ဒီလောက် ချစ်စရာကောင်းသော ဉာဏ်ထက်မြက်သော ကောင်မလေး တယောက်ကို ဘာကြောင့်များ ကြာကြာမချစ်နိုင်ကြရတာလဲ။ ကျွန်တော့် အထင်တော့ သံစဉ်၏ အတွေးအခေါ်ကို (အထူးသဖြင့် အချစ်နှင့် ပတ်သက်ပြီး ခံယူချက်ကို) တခြားသူများ လိုက်မမှီကြခြင်း ဖြစ်သည်ဟု ကျွန်တော် ထင်မြင်မိသည်။ ကျွန်တော့်အပေါ် အဖြူရောင်ခင်မင်မှုမျိုးကို ကျွန်တော်က တိတ်တခိုး အရောင်ဆိုးဖို့ ကြိုးစားခြင်းသည် မှားယွင်းမှု ကြီးတခု ဖြစ်နေမလား..။
တခြားသော သူငယ်ချင်းများနှင့် တွေ့လျှင် သူတို့က ကျွန်တော့်အား အမြဲတမ်း စစ်မေးလေ့ရှိသည်။
“ဘုန်းမြတ်.. မင်းအမှန်အတိုင်းဖြေကွာ… မင်းသံစဉ်ကို ချစ်နေမိပြီ မဟုတ်လား…လွတ်လပ်သော ယောက်ျားလေး တယောက်က လွတ်လပ်သော မိန်းကလေး တယောက်ကို ချစ်တာ ဘာဆန်းလဲကွာ၊ အနည်းဆုံး မင်းမြိုသိပ် ထားရတာထက် စာရင် ပိုကောင်းပါတယ်ကွာ..”
ငါ့အတွက် စာနာပေးတာ ကျေးဇူး တင်ပါတယ် သူငယ်ချင်းတို့ရယ် ငါသံစဉ်ကို ချစ်ပါတယ်။ ဒါပေမယ့် ငါ့အပေါ် ရိုးသားတဲ့ သူ့ကို ငါမရိုးသားခဲ့ဘူး ဆိုတာ သံစဉ်သိသွားရင် သူတလျှောက်လုံး ငါ့အပေါ် အဖြူစင်ဆုံး ဆက်ဆံခဲ့တာတွေကို ငါက သာယာနေတယ်လို့ သူသိသွားခဲ့ရင်….။ ထို့ကြောင့် သံစဉ်နှင့် ပတ်သက်သော မေးခွန်းများ တိုင်းတွင် ကျွန်တော်ကား ဘူးတလုံးဆောင် နေခဲ့သည်ချည်းပင်။ ဘုန်းမြတ်ရာ တကယ်တော့ မင်းဟာ ကိုယ့်ကို လိမ်နေတဲ့သူပါ…လို့ သူငယ်ချင်းက ပြောတဲ့အခါတိုင်း ပြောစရာ စကား မရှိခဲ့..။ ကျွန်တော် သံစဥ့်ကို တဘ၀လုံးစာလောက် ချစ်ပစ်ချင်ပါတယ်။ ဒါပေမယ့် သံစဉ်ရယ်…..။
++++++++++++++++++++
“ဟဲ့ ဘုန်း.. ဘာတွေ စဉ်းစားနေတာလဲ.. အဆင်သင့်လုပ်တော့လေ.. အပြင်ကို ထွက်ရတော့မယ်..”
သံစဉ်က စိတ်ပူစွာဖြင့် ကျွန်တော့်ကို လှမ်းသတိပေးလိုက်သည်။ ဟုတ်ပါရဲ့ ဒီနေ့တော့ သံစဉ်က ကျွန်တော် တွေ့ဖူးသမျှထဲမှာ အလှဆုံးဖြစ်မယ် ထင်တာပဲ။ သတိုးသား ကိုကျော်မျိုးကလဲ ခန့်တော့ သတိုးသမီး သံစဉ်နဲ့ဆို နေနဲ့လ ရွှေနဲ့မြပဲပေါ့။ သတိုးသမီးအရံလေးက စိတ်လှုပ်ရှားစွာဖြင့် ကျွန်တော့်ဘေးမှာ ချွေးတွေ အနည်းငယ် ပြန်နေသည်။ လိမ်းထားတဲ့ မိတ်ကပ်တွေ ကြောင့်လဲ ဖြစ်ချင်ဖြစ်မည်။ သတိုးသား အရံဖြစ်တဲ့ ကျွန်တော်ကတော့ အားလုံးထဲမှာ အငြိမ်သက်ဆုံး…..။
“မင်္ဂလာ..အ ချိန်..ကျရောက်လာပြီမို့…”
ခန်းမထဲမှ ဘိသိက်ဆရာ၏ အသံကို ကြားသည်နှင့် တန်းစီ၍ ခန်းမထဲသို့ ၀င်လိုက်ကြသည်။ ထို့နောက် မင်္ဂလာတေးသံသည် ခန်းမတခုလုံး မြည်ဟီးသွားလေတော့သည်။
“အခါတော်ပေး.. နတ်ရွေးငယ်ရွှေစာ…”