Category: Thought

May 24

ကျွန်တော်၏ ပညာရေးစိတ်ကူး

ကျွန်တော့်မှာ အိပ်မက်တွေ အများအပြားရှိပါတယ်။ အဲ့ဒိထဲက အများစုဟာ ကျွန်တော် ချစ်တဲ့၊ ကျွန်တော် တန်ဖိုးထားရတဲ့ ကျွန်တော်တို့ နိုင်ငံအတွက်ပါပဲ။ ကျွန်တော်တို့ လူ့ဘ၀မှာ နေထိုင် အသက်ရှင်ရတာဟာ တိုတောင်းလွန်းပါတယ်။ ဒီလို တိုတောင်း လှတဲ့အချိန်တိုလေး အတွင်းမှာ ကိုယ့်အတွက်နဲနဲ ကိုယ့်လူပတ်ဝန်းကျင် အတွက် ကျွန်တော်တို့ လုပ်ဆောင်နိုင်မယ့် အရာတွေက တပုံတပင်ရှိပါတယ်။

ကျွန်တော်တို့ စိတ်ကူးရည်မှန်းတာတွေ မဖြစ်လာနိုင်သေးရင်တောင် ဒီအရာတွေကို မျိုးဆက်သစ်တွေ အတွက် လက်ဆင့်ကမ်း လမ်းစဉ် ချပြပေးရမယ့် တာဝန်ရှိပါတယ်။ ဒါဟာ အနာဂတ် မျိုးဆက်အတွက် လူတိုင်း နိုင်ငံသား တိုင်း လုပ်သင့်လုပ်ထိုက် တာတွေ ဖြစ်ပါတယ်။

အခြေအနေ အကြောင်းအမျိုးရယ်ကြောင့် ကျွန်တော်တို့ နိုင်ငံဟာ တခြားသော နိုင်ငံများထက် ရှေ့မရောက် ဖြစ်နေတာတွေ ရှိပါတယ်။ ဒါတွေကို ရှောင်လွှဲလို့ မရပေမယ့် မနက်ဖြန် အတွက် ဘာတွေ လုပ်သင့်သလဲ ဆိုတာကို ကြိုတင် ချမှတ်ထား သင့်ပါတယ်။ အကောင်းဆုံး နည်းလမ်းတွေ ရှာကြံစဉ်းစား နေတာဟာ ဘာမှမလုပ်ပဲ ထိုင်ပြိး အားလျှော့နေတာထက် အများကြီး အကျိုးရှိပါလိမ့်မယ်။ ကျွန်တော့် ကတော့ ကျွန်တော်တို့ နိုင်ငံကြီိး သူများ တကာထက် ချွန်နေအောင် ၊ တန်းတူ ရင်ဘောင် တန်းနိုင်အောင် အဓိက အကျဆုံး ပြုပြင် ပြောင်းလဲ ရမှာက နိုင်ငံရဲ့ ပညာရေး မဏ္ဍိုင် လို့ မြင်ပါတယ်။ အသိပညာခေတ် (Knowledge Age) မှာ သူတကာတွေထက် နောက်ကျ မကျန်ရစ်အောင် အရင်ဆုံး ပညာရေး စနစ်ကို ပြောင်းလဲ ပစ်ရပါလိမ့်မယ်။

ကျွန်တော် ပြောပြမယ့် အကြောင်းအရာတွေဟာ ကျွန်တော့် စိတ်ကူး ဆန္ဒတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို တချိန်ချိန်မှာ လုပ်နိုင်ကောင်းမယ် ထင်ပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ရင်တောင် နောင်မျိုးဆက် လုပ်နိုင်အောင် လက်ဆင့်ကမ်း ပေးခဲ့ရပါလိမ့်မယ်။

အရင်ဆုံး ပညာရေးမှာ ပြောင်းလဲရမှာက အခြေခံ ဖြစ်တဲ့ ပညာရေးပြဌာန်းချက်တွေကို ရေတိုမဟုတ်ပဲ ရေရှည် ခိုင်မာတဲ့ ပြဌာန်းချက် တွေအဖြစ် ရေးဆွဲရပါမယ်။ ပညာရေး ပြဌာန်းချက်တွေကို မြန်မာပြည်က ပညာရှင်တွေနဲ့ နိုင်ငံရပ်ခြားက အထူးသဖြင့် ဒေသတွင်းက ပညာရေးနဲ့ ထိပ်တန်း ရောက်နေတဲ့ နိုင်ငံတွေက ပညာရှင်တွေ ဖိတ်ခေါ်ပြီး အတူ ပူးပေါင်းကာ တိကျခိုင်မာတဲ့ ပညာရေး ပြဌာန်းချက်တွေကို စနစ်တကျ ရေးဆွဲ ကြဖို့ လိုပါမယ်။ အခြေခံ ပညာရေးမှ အစ တက္ကသိုလ် ပညာရေး အထိ ရေးဆွဲကြရပါမယ်။

စနစ်ကျပြီး ခိုင်မာတဲ့ ပြဌာန်းချက် ပေါ်ထွန်းလာပြီဆိုရင် ပြည်တွင်းက ဆရာဆရာမတွေ အရည်သွေး အဆင့်မြင့်အောင် အဖွဲ့လိုက်၊ ကဏ္ဍလိုက် နိုင်ငံရပ်ခြားကို ပညာတော်သင် လွှတ်ရပါမယ်။ ဒီအဖွဲ့တွေ နိုင်ငံခြား ပညာတော်သင် လွှတ်ထားရတဲ့ အချိန်မှာ ပြည်တွင်းမှာလဲ နိုင်ငံရပ်ခြားမှ ဆရာ ဆရာမတွေ ငှားရမ်းပြီး ပညာရေး ကဏ္ဍမှာ ပြည်တွင်းက ဆရာ၊ ဆရာမတွေနဲ့ ပူတွဲ သင်ကြား ရပါမယ်။ ဒီအခါ ယှဉ်ပြိုင်မှု တွေ ရှိလာမှာ ဖြစ်လာတဲ့အတွက် မဖြစ်မနေ တိုးတက်အောင် လုပ်ဆောင် လာကြမှာ ဖြစ်ပါတယ်။ အနာဂတ် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေး အဆင့်အတန်း မြင့်မားမှုဟာ ဆရာ၊ ဆရာမတွေရဲ့ သင်ကြား ပြသမှုက အက္ခရာ ကျပါတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေ အရည်အသွေး မြင့်မား လာခြင်းဟာ အနာဂတ် အဆင့်မြင့်တဲ့ မျိုးဆက်တွေ ပေါ်ထွန်းလာရေးနဲ့ ဆက်နွယ်နေပါတယ်။

အခြေခံ ပညာကနေ အထက်တန်း ပညာရေးအထိ သင်ကြား ပြီးတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ဒေသတွင်း မည်သည့်နိုင်ငံရပ်ခြားမှာ မဆို ဆက်လက် ပညာသင်လိုလျှင် တန်းတူ ရည်တူ အဆင့်အတန်းမျိုးနဲ့ ဆက်လက် သင်ကြားနိုင်အောင် အာမခံချက် ပေးရပါမယ်။ ဒေသတွင်း နိုင်ငံတိုင်းရဲ့ ပညာရေးနဲ့ တန်းတူညီကြောင်းကို ခိုင်မာတဲ့ ပြဌာန်းချက်တွေက ထိုနိုင်ငံများ လက်ခံနိုင်အောင် သက်သေ ပြနိုင်မှာ ဖြစ်ပါတယ်။

တက္ကသိုလ် ပညာရေး စနစ်အနေနဲ့လည်း တက္ကသိုလ်များ များပြားနေခြင်းထက် ပြည်နယ်နှင့် တိုင်း မြို့ကြီးတွေ မှာသာ အဓိက တက္ကသိုလ်ကြီးတွေ ထားရှိ ရပါမယ်။ သက်ဆိုင်ရာ ဒေသတွေမှာတော့ ကောလိပ်ကျောင်းများ အဖြစ် ဖွင့်လှစ် သင်ကြား ပေးရပါမယ်။ တက္ကသိုလ် ၀င်တန်း ပြီးဆုံးတာနဲ့ ကောလိပ်မှတဆင့်သာ တက္ကသိုလ် သို့ တက်ရောက် သင်ကြား နိုင်ပါမယ်။ တက္ကသိုလ်ကြီးများ စံညွှန်းများ အတိုင်း လက်တွေ့ဓာတ်ခွဲခန်းများ (laboratories)၊ စာကြည့်တိုက် (library) တွေကို အဆင့်မှီအောင် ထားရှိရပါမယ်။ ကျောင်းသား ကျောင်းသူများ အဆင့်မှီစွာ ဘွဲ့ရရှိလာကြမှာ ဖြစ်ပြီး အရေအတွက်ထက် အရည်အချင်း ရှိသူတွေ ပိုမို ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အရည်သွေးမှီ တက္ကသိုလ်ဘွဲ့ရ သူများအနေနှင့်လည်း မိမိတို့ သင်ကြားလေ့လာခဲ့သော ပညာရပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုလာနိုင်မှာ ဖြစ်ပါတယ်။ ထူးချွန်သော ကျောင်းသား ကျောင်းသူများကိုလဲ နိုင်ငံတော်မှ ပညာတော်သင် စေလွှတ် ရွေးချယ်ပေးရပါမယ်။

ထို့ပြင် ပုဂ္ဂလိက တက္ကသိုလ် (Private University) များကိုလဲ စည်းကမ်း နည်းဥပဒေနဲ့ အညီ လွတ်လပ်စွာ ထူထောင်ခွင့် ပေးရပါမယ်။ “ပညာမြင့်မှာ တိုင်းပြည်မြင့်မည်” ဆိုသော စကား အရ တိုင်းပြည်ကို တိုးတက်စေချင်ရင် ပညာတတ် လူငယ်လေးများ ပိုမိုများပြား လာအောင် လုပ်ဆောင် ပေးရမှာ ဖြစ်ပါတယ်။ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုတဲ့အတိုင်း ကျွန်တော်တို့ နောင် မျိုးဆက်တွေ မျက်နှာမငယ် ရအောင် ကျွန်တော်တို့ အနေနဲ့ အုတ်မြစ်ချပေး ခဲ့ဖို့ လိုပါလိမ့်မယ်။ တော်တည့် မှန်ကန်တဲ့ ခေါင်းဆောင် ကောင်းတွေ ပေါ်ထွန်း လာအောင် လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ခေတ်စနစ်တွေ ဆီကနေ ပိုမို ကောင်းမွန်ပြီး ၀န်းကျင်တခု ပြန်လည် ထူထောင်ပြီး အဆင့်မြင့်သော မျိုးဆက်များကို မွေးထုတ်ပေး ရပါမယ်။ ဒါဟာ ဘယ်သူကမှ ခိုင်းစေတာ မဟုတ်ပဲ သမိုင်းပေး တာဝန်အရ၊ နိုင်ငံသား တစ်ယောက်ရဲ့ မွေးရာပါ တာဝန် အရ မိမိ ၀န်းကျင် တိုးတက်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု တိုးတက်အောင် လုပ်တယ်ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရပါဘူး နိုင်ငံဆိုတာ အပေါင်းစု သဘော တညီတညွှတ်တည်း ကြိုးစား ပါမှ တိုးတက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်ကြပါတယ်။ ကျွန်တော်တို့ ရဲ့ မျှော်မှန်းချက်တွေဟာ နောင်လာမယ့် မျိုးဆက်တွေပေါ်မှာ လုံးဝတည်မှီနေပြီး ကောင်းမွန်တဲ့ လမ်းစဉ်များကို ချပြပေးခဲ့ရမည်မှာ ကျွန်တော်တို့ အားလုံး ဖော်ဆောင်ရမယ့် လုပ်ငန်းစဉ်များသာ ဖြစ်ပါကြောင်း ကျွန်တော်၏ ကိုယ်ပိုင် စိတ်ကူးအား တင်ပြ လိုက်ရပါတယ်။

2
comments

Dec 07

အန္တရာယ်ကင်းဘေးရှင်း

wallpaper ထဲက ဒီပုံလေးတွေ့ပြီး တွေးစရာလေး ဖြစ်လာတယ်။ အဟတ် ပေါက်ကြတယ်နော်။

2
comments

Oct 06

သာမန်နေထိုင်ခြင်း

ကျွန်တော့်တကယ့် စိတ်ကူးက သိပ်အကြီးကြီးမဟုတ်ပါဘူး။ ကျွန်တော် မကျော်ကြားလိုဘူး။ ကျွန်တော် အရမ်းကြီး မချမ်းသာလိုဘူး။ ဘ၀မှာ တင့်တောင့်တင့်တယ် စားဝတ်နေရေးဖူလုံ ရုံလောက်ဆို ကျေနပ်နိုင်ပါတယ်။ ကျွန်တော် တကယ့်စိတ်ရင်းက အေးဆေးဆိတ်ငြိမ်တာကို သဘောကျတယ်။

ကျွန်တော်က မွေးဖွားပြီး သိပ်မကြာခင်ကတည်းက အေးချမ်းတဲ့ မြို့လေးတမြို့မှာ ကြီးပြင်းလာခဲ့ရသူဆိုတော့ အဲ့ဒိလို အေးချမ်းတဲ့ မြို့လေးမျိုးတွေမှာ နေထိုင်ရတာကို နှစ်ခြိုက်တယ်။ နောင်တချိန်ဖြစ်နိုင်ခဲ့ရင် ရှမ်းပြည်နယ်မှာ အခြေချချင်တယ်။ ရှမ်းပြည်နယ်ကို ချစ်တယ် ဆိုပါတော့။ တောင်တန်းစိမ်းစိမ်းတွေပေါ်က လှေကားထစ်ပုံ တောင်ယာစိုက်ခင်းတွေကို သဘောကျတယ်။ မနက်စောစော မြူနှင်းလေးတွေ ရီခိုးဝေ နေတာကို နှစ်သက်တယ်။ မနက်လင်းအားကြီး တောင်ယာ သွားမယ့် ရှမ်းလူမျိုးတို့ရဲ့ ရှမ်းသံဝဲ၀ဲနဲ့ နှုတ်ခွန်းဆက်သံကို နှစ်လိုဖွယ်ကြားချင်တယ်။

ကျွန်တော့် စိတ်ကူးထဲက အိမ်ကလေးဟာ တောင်စောင်းလေးပေါ်မှာရှိတယ်။ ဟိုးအပေါ်ဘက် တောင်ထိပ်ပိုင်းကိုကြည့်လိုက်ရင် တိမ်တောင်တွေကို လှမ်းမြင်နိုင်လိမ့်မယ်။ အိမ်ရဲ့ ပြတင်းတံခါးဆီက လှမ်းမျှော်ကြည့်လိုက်ရင်တော့ လှေကားထစ် တောင်ယာလေးတွေကို တွေ့နိုင်လိမ့်မယ်။ အေးစိမ့်စွတ်စိုတဲ့ လေပြေလေးတွေ ပတ်ဝန်းကျင်တခုလုံး တိုက်ခတ်နေလိမ့်မယ်။ မနက်စာကတော့ ကောက်ညှင်းပေါင်းလေးနဲ့ ရှမ်းပဲပုပ် ထောင်း…့။ ပြီးတော့ လက်ဖက်ခြောက် မွှေးမွှေးလေး ခတ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ပေါ့။

နောက်ပြီး လူသိပ်မသိသေးတဲ့ ကျွန်တော့် ၀ါသနာတခုက ပန်းချီဆွဲခြင်း….။ ဒီလို ရှုခင်းသာယာပုံနဲ့ဆို ကင်းပတ်စပေါ်က ပုံရိပ်တွေက အေးမြစွတ်စိုနေမှာပေါ့။ အဲဒိလို ဆိတ်ငြိမ်လှတဲ့ နေရာမှာဆို တော်စတွိုင်းဝတ္တုတွေ ဖတ်မယ်။ တဂိုးလ်ရဲ့ အနုအရွ ကဗျာတွေ ဖတ်မယ်။ ဆရာဆန်းလွင်ရဲ့ စာအုပ်တွေဖတ်မယ်။ ဆရာသက်လုံရဲ့ စိတ်သဘာဝ စာအုပ်တွေ ဖတ်မယ်။ Theology အကြောင်းတွေထဲက တကယ့် ဓမ္မအစစ်တွေအကြောင်း ဖတ်ရှုလေ့လာမယ်။ ဆရာမင်းသိင်္ခရဲ့ စနေမောင်မောင်ရဲ့ စွန့်စားခန်းတွေ ဖတ်မယ်။ ဆာအာသာကိုနင်ဒွိုင်းရဲ့ ဇာတ်လိုက်ကြော်ကြီး အကြောင်း ဖတ်မယ်။ ယောနသံဇင်ယော်ကို ညက်ညက်ကြေအောင် ဖတ်မယ်။ ဆရာကျောက်တိုင်ရဲ့ စာအုပ်တွေကို ဖတ်မယ်။ ကွန်ဖြူးရှပ် ဓမ္မတွေကို ဖတ်ရှုလေ့လာမယ်။ တောက်ဝါဒ (Tao) ၀ါဒတွေ မြည်းစမ်းကြည့်မယ်။ မယ်တော်ကြီး ဗလာဗက်စကီးရဲ့ စာအုပ်ကို သေချာဖတ်မှတ်မယ်။

အိမ်ဦးခန်းမှာ ဖွင့်ထားတဲ့ Kitaro ရဲ့ Heaven and Earth တီးလုံးသံစဉ်တွေက ပျဉ်ထောင်အိမ်ငယ်လေး တခုလုံးကို ညက်ညောစွာ ပျံ့လွင့်နေလိမ့်မယ်။ အဲ့ဒိအခါကျရင် ပတ်ဝန်းကျင် တခုလုံး ငြိမ့်ညောင်း သာယာနေတဲ့အတွက် ကျွန်တော်ဟာ စာကြည့်ခန်းထဲက ပက်လက် ကုလားထိုင်လေးမှာ သက်သောင့်သက်သာ နဲ့ Meditation လုပ်နေလိမ့်မယ်။ ကျွန်တော့်စိတ်ဟာ ဂီတနဲ့ အတူ မျောပါသွားပြီး အလွန်သိမ်မွေ့စွာဖြင့် နောက်ဆုံး တသားတည်းဖြစ်သွားလိမ့်မယ်။ စိတ်အလျဉ်ဟာ ပီတိလှိုင်းတွေ တဖွားဖွား ဖြစ်ပေါ်လာလိမ့်မယ်။ ကျွန်တော်ဟာ ၀န်းကျင်တခုလုံးကို မေ့သွားလိမ့်မယ်။ နောက်တော့ ကျွန်တော့်ကိုယ် ကျွန်တော် မေ့သွားလိမ့်မယ်။ အရာရာ ငြိမ်သက်သွားပါမယ်။ အသံတွေ တိတ်ဆိတ်သွားပါမယ်။ ကျွန်တော် မသိတဲ့ အထက်အောက် ဘေးဘီမရှိတဲ့ အရပ်ကို ရောက်သွားပါလိမ့်မယ်။

ကျွန်တော် သတိပြန်လည် လာတဲ့အချိန်မှာ နေမွန်းတည့်ချိန် ခပ်စွန်းစွန်းဖြစ်နေ လိမ့်မယ်။ အဲ့ဒိအခါ မြေအိုးထဲ ထည့်ချက်ထားတဲ့ ရှမ်းဆန်ဟာ ကျက်နေပြီး မွှေးနေလိမ့်မယ်။ တို့ဟူးကြော် စိမ့်စိမ့်လေးရယ်၊ ကိုက်လန်ကြော်လေးရယ်က ကျွန်တော့် အတွက်အထူးနေ့လည်စာ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ နေ့လည်စာစားပြီးတော့ တောင်ယာထဲဆင်းမယ် နေ့ခင်းချိန် ခေတ္တနားနေတဲ့ သူရင်းငှားတွေနဲ့ စကားစမြည် သွားပြောမယ်။ ပြီးတော့ တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ အပြစ်ကင်းစင်နေတဲ့ ၀န်းကျင်တခုလုံးကို တ၀ကြီး ကြည့်ရင်း ကဗျာတွေ အားမနာပ ထိုင်ရေးပစ်မယ်။ ဘယ်လောက် ချမ်းမြေ့လိုက်သလဲ….။ :)

ဒါက ကျွန်တော့် စိတ်ကူးသက်သက် ရယ်ပေါ့။ ဘ၀ဆိုတာ တခါတလေတော့လဲ စိတ်ကူးတဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်တာလေ။ ကျွန်တော့် ဘ၀ကို အတတ်နိုင်ဆုံး အပြစ်ကင်းစင်တဲ့ ပျော်ရွှင်မှုမျိုးနဲ့ ထိန်းထားချင်တယ်။ ဆိုလိုတာ ပေါ့ပေါ့နေ ပေါ့ပေါ့စား သဘောမျိုး မဟုတ်ဘူး။ ဘ၀ကို လေးနက်စွာ ဖြတ်သန်းမယ်။ ဒါပေမယ့် ဘယ်တော့မှ မတည်မြဲတဲ့ အရာတွေပေါ်မှာ နက်နက်ရှိုင်းရှိုင်း မခံစားတော့ဘူး ဇာတ်လမ်းတိုလေးတွေ အဖြစ်သဘောထားကြည့်လိုက်မယ်။ ဇာတ်လမ်းတပုဒ်လို အခုရီလိုက်၊ နောက်ငိုလိုက် ပြီးတော့ မေ့သွားသလိုမျိုး..။ ဆရာမင်းသိင်္ခ ၀တ္တုထဲကလို “ပြီးတော့လဲ ပြီးတာပါပဲ” ပေါ့။ ကျွန်တော့် အသက်အခု နှစ်ဆယ်၊ နောင် ၄၀လောက် အလွန်ဆုံး နေရမယ်(အဲ့ဒိတော့ ဒီလောက်ကာလတိုလေးမှာ စိတ်ညစ်ညမ်းစေမယ့် ဟာတွေ ဘာမှ မစွန်းပေချင်တော့ဘူး)။ (ကျွန်တော် အိုမင်းချိနဲ့ပြီး သူတပါး အလုပ်ပိုစေမယ့် အရွယ်ထိ မနေချင်ဘူး)။

ကံကောင်းစွာပဲ ကျွန်တော့်စိတ်ကူးတွေထဲမှာ ကျော်ကြားလိုမှုတွေ၊ ငွေကြေးဂုဏ်ဓနတွေ မပါဘူး။ ကျွန်တော် အမြဲတမ်း ရွတ်ဆိုတတ်တဲ့ ဆောင်ပုဒ်လို ကျွန်တော် ဘာကောင်မှ မဖြစ်ချင်ဘူး။ ကျွန်တော် ဘယ်ဝါဒီ (-ism) ကိုမှ လက်ကိုင်မပြုချင်ဘူး။ ရှင်ဥက္ကဌက အစွဲပြုတ်ရင် တဲကုတ်တောင် ပျော်စရာတည်းတဲ့။ တဲကုတ်နဲ့ နေစရာ မလိုပေမယ့် အစွဲတွေ (တောင်လိုပုံနေတဲ့ ဆန္ဒတွေ) ကိုလွှတ်ချပစ်ဖို့ လိုတယ်။ စွန့်လွှတ်သမျှ အရာအားလုံးဟာ အသစ်ရဖို့ နေရာပေးတာတဲ့။

ကျွန်တော် အတတ်နိုင်ဆုံး ကျွန်တော့် concious mind နဲ့ unconcious mind တွေ ညစ်ညူးစေမယ့် အရာတွေကို ရှောင်ကြဉ်ချင်တယ်။ ဒါပေမယ့် အဲ့ဒါဟာ ချုပ်တည်းခြင်း မဟုတ်ဘူးနော်။ ဆန္ဒတွေကို ပယ်သတ်ခြင်း သက်သက်ကိုပြောတာပါ။ ဖြစ်နိုင်ခဲ့ရင်ပေါ့ ကျွန်တော့် ဘ၀လက်တွဲဖော် မရှာချင်ဘူး။ ကျွန်တော် ထပ်မံဖြစ်ပေါ်လာမယ့် ပူလောင်ခြင်းတွေကို မလိုချင်ဘူး။ ပြီးတော့ ကိုယ့်ကြောင့် ဖြစ်ပေါ်လာမယ့် သားသမီးတွေဟာ၊ နောင်တချိန် လောကရဲ့ ပူလောင်မှုတွေ၊ လူ့လောကရဲ့ အညစ်အကြေးတွေ ကြားမှာ သူတို့ လေးတွေ ရုန်းကန်နေရမှာစိုးတယ်။ အမှန်တော့ ကျွန်တော့်အသက်နဲ့ ဒါတွေပြောတာ သိပ်စောလွန်းနေမလားပဲ။ လူကောင် လက်တောက်လောက်နဲ့ စကားကြီးစကားကျယ်ပြောတယ် ထင်ရင်တော့ ခွင့်လွှတ်ပေးပါ။ ဒါက ကျွန်တော့် စိတ်ကူး၊ ကျွန်တော့် အတွေးစစ်စစ်ပါ။ အကယ်၍ ဖြစ်နိုင်ခဲ့ရင် ကျွန်တော့် အသက် ၃၅နှစ်ရောက်တဲ့အခါ သာသနာ့ဘောင် ၀င်ချင်တယ်။ ဂိုဏ်းဂဏ စွဲကင်းတဲ့ အဖဂေါတမရဲ့ ဓမ္မစစ်စစ်ကို ဆည်းပူး ကျင့်ကြံချင်တယ်။ ဖြစ်နိုင်ခဲ့ရင် ကျွန်တော် ဘ၀ကြီးကို အေးချမ်းစွာ ဖြတ်သန်းချင်တယ်။ ဘ၀ရဲ့ အစစ်အမှန်တရားကို မျက်မြင် ဒိဌ သိမြင်ချင်တယ်။ ပူလောင် ညစ်ထေးနေတဲ့ ငွေကြေးဂုဏ်ဒြပ်တွေကို (လုံးဝဥဿုံ )စွန့်ခွာ ချင်တယ်။ အကယ်၍ ဖြစ်နိုင်ခဲ့ရင်ပေါ့ဗျာ….။

2
comments

Aug 03

အတွေးအက်ဆေး

ရှုရှိုက်လိုက်သော လေထဲတွင်ပင် အရောင် အဆင်းများစွာရှိ၏။ ပြင်ပဗဟိန္ဓ သဏ္ဍာန်ပေါ်တွင် အကဲဖြတ်ခြင်းသည် အဇ္ဖျတ္တ၏ အမှန်တရားကို လစ်လျူရှုရာကြသည်။ အဟောင်းများကို စွန့်ပယ်ခြင်းတိုင်းသည် အသစ်များကို လက်ခံရာမရောက်သေးပေ။ စကားလုံးပေါင်းများစွာထက် သာလွန်ကောင်းမြတ်ခြင်းကား မိမိကိုယ်၌ ထိတွေ့သိမြင် သဘောပေါက်ခြင်းဖြစ်၏။ အတွင်းသဏ္ဍာန်ကို စူးစိုက်သိမြင်အောင် လုပ်ခြင်းသည် အမှန်တရားကြီးနှင့် နီးစပ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ အမှန်တရား တစိတ်တဒေသကို မိမိသိမြင်သွားသည် ဆိုလျှင်ပင် မည်သည့်အရာနှင့်မျှ မတူသော ဘ၀င်ခိုက်ခြင်းမျိုး ဖြစ်ပေါ်လာတတ်၏။ လမ်းသစ်ထွင်မှ နည်းလမ်းအသစ်များ ရသည်မဟုတ်ပဲ တခါတရံ လမ်းဟောင်းများထဲ၌ပင် ဖုံးကွယ်နေသော နည်းလမ်းသစ်များရှိနေတတ်၏။ နေ့စဉ် ရှုပ်ထွေးနေသော အချိန်၏ ဇာတ်ကောင် ဖြစ်နေတတ်ပြီး တကယ့် အနှစ်သာရတွေကို မေ့လျော့နေတတ်ကြသည်။ အစစ်အမှန်တရားကို မြင်တတ်လာလေလေ အကောင်းဆုံးဆိုတာ တကယ်မရှိမှန်း သိလာလေလေ ပါပဲ။

မင်းယွန်းသစ်

2
comments

Jun 07

အချစ်ဆိုတာဘာလဲ

တကယ်တော့ အချစ်ဆိုတာ အဓိပ္ပါယ် ဖွင့်ဆိုရ အခက်ဆုံး အရာပါ။ လူမှန်ရင် အချစ်နဲ့ မကင်းပါဘူး။ အချစ်ဆိုတာ နူးညံ့သိမ်မွေ့ပြီး နွေးထွေးစေတဲ့ အရာလဲဖြစ်ပါတယ်။ အချစ်ဆိုတာ ကျွန်တော့် အတွက်တော့ တကယ်ထူးဆန်းတဲ့ ပုစ္ဆာတစ်ပုဒ် ပါပဲ။ ကျွန်တော် ဖွင့်ဆိုရ အခက်ဆုံးထဲမှာ အချစ်ဆိုတာ ပါပါတယ်။ ကျွန်တော်က အချစ်ကို ကိုးကွယ်သူတစ်ယောက် မဟုတ်ပေမယ့် အချစ်ကို တန်ဖိုးထားတယ်။ အချစ်ဟာ ပေါ့တန်တန် လုပ်လို့မရဘူး။ အချစ်ဟာ ဘ၀မှာ အရေးကြီးတဲ့ အစိတ်အပိုင်း တခုအဖြစ်ပါဝင်တယ်။ ကျွန်တော်တို့ နှလုံးသားတွေ ရှိနေသ၍ အချစ်ကို ချစ်တတ်နေအုံးမှာပေါ့။ ကျွန်တော်က ကျွန်တော့် အချစ်ကို ပေးအပ်မယ့် သူဟာ အချစ်ကို တန်ဖိုးထားသူ တစ်ယောက်ပဲ ဖြစ်စေချင်တယ်။ အချစ်ဆိုတာ ဘာလဲ။ အမေးကို ကျွန်တော် တစ်ယောက်ထဲ ဖြေတဲ့ အဖြေဆိုရင် မပြည့်စုံမှာ ဆိုးလို့ ကျွန်တော် သိတဲ့ လူတိုင်းကို လိုက်မေး ပါတယ်။ အဲဒီလို လိုက်မေးတော့ လူတစ်ဦး ဆီမှာ အချစ်အပေါ် မတူတဲ့ အမြင်လေးတွေ တွေ့လိုက်ရတယ်။ ကျွန်တော်တော်တော်လေး စိတ်ဝင်စားသွားတယ်။ အချစ်အပေါ်မြင်တဲ့ အမြင်၊ ခံယူချက်၊ ခံစားချက်တွေက တမျိုးစီ စိတ်ဝင်စား ဖို့ကောင်းတယ်။ အချစ်ဆိုတာ ဘာလဲ လို့ မေးကြည့်တဲ့အခါ….။

 

LOVE is not hurting

LOVE is secrify, Understanding eachoher

but,, sensitive

Pleasure if you know how to love

But,, there is a love , there is a jealousy

That jealousy can break down the power of love and trusty

Once you have love,, that kind of feeling will never come back to you, even though you have second love.

SO,, if you want to have good relationship with some one you love,, love with understanding,, and keep your loyalty.

if you want to be forever with someone you love.

Build the trusty and keep understanding each other,, if not ,, even though you love him/her deeply or deadly ,, you can't be with him/her forever.

(ma ma may)

 

နားလည်တဲ့ အချစ်ဆိုတာကတော့ နှလုံးသားက မြစ်ဖျားခံလာတယ် ဒါကြောင့်သူ့ မှာ ဂုဏ်ပကာသန၊ ဟန်ဆောင်မာယာတွေ မပါဝင်သင့်ဘူး တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု နားလည်ပေးနိုင်မှုတွေနဲ့  အေးချမ်းတဲ့ ဖြစ်တည်မှုလေးတစ်ခု အနေနဲ့ ပဲ နားလည်ထားတယ် ပိုင်ဆိုင်ရယူလိုမှုတွေ ရှိကောင်း ရှိနိုင်ပေမယ့်  ကျနော့် အတွက်ကတော့ စွန့် လွှတ်အနစ်နာခံတာလဲ အချစ်လို့ ထင်တယ် စွန့် လွှတ်တယ်ဆိုတဲ့ စကားရဲ့နောက်မှာတော့ ကိုယ့်ရဲ့ နှလုံးသားမှာ ဒဏ်ရာတွေ ကိုရှင်သန်ပေါက်ဖွားခွင့် ပေးလိုက်သလိုပါပဲ ။(ခွန်မောင်မျိုး)

 

သံယောဇဉ်+ မေတ္တာ+ နားလည်မှု့ (သနပ်ခါး)

 

အချစ်ဆိုတာ အလုပ်ရှုပ်တယ် (၀ဿန်မိုး)

 

အချစ်ဆိုတာ ၂၁ ရာစုမှာ လေလံဈေးကွက်နဲ့တူတယ် သူက ကြမ်းခင်းဈေးကြော်ငြာပြီးတာနဲ့ အချစ်ကိုရဖို့ အပြိုင်အဆိုင်လေလံဆွဲရတော့တာဘဲ ကိုယ်ပေးနိုင်တဲ့ နောက်ဆုံးဈေးကိုကိုယ်က ကြော်ငြာပြီးရင်တော့ ဘယ်သူများ ဈေးပိုပေးမလဲဆိုတာကို ရင်ခုန်စွာစောင့်နေရတာဘဲ ဈေးပေးမယ့်သူမရှိတော့ရင်တော့ ကိုယ်ရပြီပေါ့။ (ကိုဝေ)

 

အချစ်ဆိုတာ ယုံကြည်မြတ်နိုးနားလည်မှုရှိမှ ခိုင်မြဲမှာ

အဲ့ဒါ မရှိတဲ့ အချစ်ဟာ အချစ်တော့ အချစ်ပဲ

ဒါပေမဲ့ မတည်ငြိမ် မခိုင်မြဲဘူး (ဖိုးသူတော်)

 

အချစ်ဆိုတာသေချာအဓိပယ်ဖော်ဖို့ ခက်တယ်ဗျ

သိမ့်မွေ့ တယ်

တစ်ခါတစ်ခါတော့ကြမ်းတမ်းတယ်ဗျ

ဒါပေမယ့်

အဲ့ဒီစိတ်တစ်ခုကအရာရာကျော်လွှားနိုင်တယ်

အဲ့လောက်ပဲပြောနိုင်တယ်ဗျ ကျွန်တော်တော့

ဘာလို့ ဆို

တစ်ခုခုကြောင့်ချစ်တယ်ဆိုရင်အဲ့ဒါအချစ်မဟုတ်တော့ဘူး

ဥပမာ

လှလို့ ချစ်တယ်ဆိုတာကအချစ်မဟုတ်ဘူး

မလှတော့ရင်မချစ်တော့မှာလားပေါ့

ကောင်မလေးတစ်ယောက်ကိုချစ်တယ်ဆိုရင်

ဘာအကြောင်းပြချက်မှမလိုဘူး

အကြောင်းပြချက်ရှိနေရင်အချစ်မဟုတ်ဘူးလို့ ကျွန်တော်တော့ထင်တယ်ဗျ

(synchro305)

 

နုညံ့သိမ်မွေ့မှုတွေနဲ့ သွန်းဆစ်ထားတဲ့ ပန်းနုရောင် ကော်ဖီး ခါးခါး တစ်ခွက်(ကော်ဖီဂျိုး)

 

အချစ်ဆိုတာ

အမျိုးမျိုးပြောကျမှာပဲကွ

ငါ ကတော.

အချစ်ဆိုတာ

ရူးသွပ်ခြင်းလို.ပဲထင်တယ်

ယဉ်ကျေးစွာ ရူးသွပ်တဲ. ခံစားချက်ပဲ(ရဲအောင်သူ)

 

အချစ်ဆိုတာ အချစ်ပါပဲ

ဘာနဲ့မှ မတူဘူး

အချစ်ကို အချစ်လို့ပဲ မြင်တယ်

တကယ်ချစ်ပြီ ဆိုရင် စိတ် အကြောင်း လူတွေ အကြောင်း လောကကြီး ပိုသိ ပိုနားလည် ပိုခံစားတတ်လာတယ်

လူလားမြောက်လာတယ် မချစ်ခင်က လူ့လောကကို အမြင်နဲ့ ချစ်တတ်ပြီး လူ့လောကကို မြင်တဲ့အမြင် မတူဘူး

(မခွန်မြလှိုင်)

 

အချစ်ဆိုတာ

ဟင်းပေါင်းနဲ့တူတယ်

ဟီးး

ဟုတ်တယ်လေ

အချစ်ဆိုတာထဲမှာ

စိတ်ညစ်တာ ပျော်တာ ကြေကွဲတာ ၀မ်းနည်းတာ ကြည်နူးတာ

အားလုံးက ပါနေတာ

အဲဒါကြောင့် အချစ်ဆိုတာဘုန်းကြီးကျောင်းက ဟင်းပေါင်းနဲ့တူတယ်

(အိုကိဆု)

 

တော်တော်များများ ဆုံးရှုံး ပြီးမှ နည်းနည်း လေး ပြန် ရတာ အချစ်ပေါ့……………

(ပြည့်စုံ)

 

အချစ်ဆိုတာ တဦးကိုတဦး အပြန်အလှန် လေးစားခြင်း၊သည်းခံခွင့်လွှတ်ခြင်း၊ကောင်းအတူဆိုးအတူ မျဝေခံစားခြင်း လို့ခံယူထားပါတယ်။

(မမေမိုး)

6
comments