Category: Lazy Boy Story

Jun 01

လူပျင်းပုံပြင်

ကျွန်တော်သည် ပျင်းရမှာကိုပင် ပျင်းသောလူတစ်ယောက်ဖြစ်ပါသည်။ သို့သော် The Antsသီချင်းထဲကလိုတော့ မျိုးနဲ့ရိုးနဲ့မပျင်းကြပါ။ ဖေဖေနှင့်မေမေသည် အလွန်အလုပ်လုပ်သော သူများဖြစ်ကြပါသည်။ လုပ်စရာမရှိ စစ်စစ်ပေါက်ပေါက် ရှာကြံလုပ်သောသူများဖြစ်ပါသည်။ ဘာကြောင့်မှန်းမသိ ကျွန်တော်သည်သူတို့နှင့်မတူပဲ သူတို့ကိုကြည့်ရတာ ပျင်းစရာကောင်းပါသည်။ ကျွန်တော်သည် အလုပ်အကိုင်မရှိပဲ မိဘလုပ်စာကို ကြီးကောင်ကြီးမားထိုင်စားနေသော ငပျင်းတစ်ကောင်သာဖြစ်ပါသည်။ ကျွန်တော်အပျင်းပြေအခန်းထဲတွင်ထိုင်ရန် တနေ့က ထိုင်ခုံတစ်လုံးကို
ဝယ်လာပါသည်။ အမှန်က ကျွန်တော်သွားဝယ်ရမှာပျင်းလို့ သူငယ်ချင်းအား လမ်းကြုံ ၀ယ်ခိုင်း လိုက်ခြင်း ဖြစ်သည်။ ထိုင်ခုံမှာ ပက်လက်ထိုင်ခုံလေး ဖြစ်ပြီး သက်တောင့်သက်သာ နှင့် အပျင်းဖြေရင်း ထိုင်လို့ကောင်းပါသည်။ ထိုထိုင်ခုံလေးရသည့်နေ့မှစ၍ ကျွန်တော်သည် ထိုနေရာမှမရွေ့တော့ပါ။ ထမင်းစားလည်း ဒီနေရာမှာသာစားပါသည်။ အိပ်လဲဤထိုင်ခုံလေးပေါ်မှာသာ အိပ်ပါသည်။ ပျင်းစရာနေ့ရက်များသည် တရွေ့ရွေ့ကုန်ဆုံးလာပါသည်။ ကျွန်တော့်အသားအရေများသည်လည်း တဖြည်းဖြည်းနှင့်လျော့တွဲလာပါသည်။ ဘာဖြစ်မှန်းလဲမသိပါဘူး။ တစ်ရက်ထက်တစ်ရက် ကျွန်တော့်အသားအရေတွေ ပလပ်စတစ်များ အပူကြောင့်ပျော်ကျကုန်သလို အိတွဲကျလာပါသည်။ ကျွန်တော်သည် ဖေဖေနှင့်မေမေတို့ကိုပြောကြည့်ရန် ကြိုးစားသော်လည်း အလွန်အလုပ်များသော သူတို့ကိုတွေ့ဖို့ရန်ပင် မလွယ်ကူပါ။ ကျွန်တော်တစ်ယောက်ယောက်ကို အလျင်အမြန်ပြောမှဖြစ်တော့မည် မှန်းသိ၍ ထိုင်ခုံမှထရန်ကြိုးစားကြည့်ပါသည်။ ကံမကောင်းစွာပင် ကျွန်တော့်အသားအရေများသည် ခုံနှင့်တွဲကပ်နေပါတော့သည်။ ကျွန်တော်သည် ထိုင်ခုံအနီးရှိ ပြတင်းပေါက်ဘောင်ကို ဆွဲကိုင်ကြည့်သော်လည်း ကျွန်တော့်လက်များက ထိုပြတင်းပေါက်ဘောင်တွင် တွဲကပ်နေပါတော့သည်။ ကျွန်တော့်လက်များက ထိုပြတင်းပေါက်ဘောင်တွင် တွဲကပ်နေပါတော့သည်။ အခုမှဒုက္ခအကြီးအကျယ် ရောက်ပါတော့သည်။ ကျွန်တော့်ပုံစံက မသက်မသာကြီးနှင့် တစ်ယောက်ယောက်အကူအညီ လာသည်အထိ ပျင်းရိစွာစောင့်ရပါတော့မည်။ ဒီလိုနဲ့နာရီပေါင်းများစွာအတွင်း ကျွန်တော့်ခန္ဓာကိုယ်ကြီးသည် ပျော့အိတွဲလာကာ နောက်ဆုံးပုံပျက်ပန်းပျက်စွာပင် ကျွန်တော်ထိုင်နေကျ ထိုင်ခုံအောက်သို့ စီးကျပြီး အရည်များဖြင့် အိုင်ထွန်းနေပါသည်။ ကျွန်တော် အရည်ပျော်သွားပါသည်။ များမကြာမှီမှာပင် မေမေသည် အခန်းထဲကို ၀င် လာ၏။ မေ့မေ့အနောက်ဆီမှ ဖေ့ဖေ့အသံကိုလည်း ကြားလိုက်ရသည်။

” ဒီကောင် အရည်ပျော်သွားပြီလား”

“လုံးဝ ပျော်သွားပြီ ဖေကြီးရေ” ဟုမေမေက ပြန်ဖြေ၏။

” အေးနောက်ဆို ဒီကောင်ခန္ဓာကိုယ်ထဲကို သံတွေ၊ ကြေးတွေရောနှောပြီးမှ ထုဆစ်ရမယ်ကွ ဒါမှတော်ရုံမပျော်သွားမှာ”
ဖေဖေက ပန်းပုထုသောဆောက်ကြီးကိုင်ရင်းတွေးတွေး ဆဆပြောသည်။
ထို့နောက်မေမေသည် လုံးဝပျော်ကျသွားသောကျွန်တော့်ခန္ဓာကိုယ်အရည်များအား ရေပုံးထဲသို့ ဂေါ်ပြားနှင့်ကြုံး၍ထည့်နေလေတော့သည်။

1
comments