Aug
05

တစ်နေ့လုံး ပြတင်းတံခါးကျဉ်းကျဉ်းလေးကနေ မြင်နေရတဲ့ တိမ်တိုက်တွေက မှုံမှိုင်းနေတယ်။ တစ်ယောက်တည်းထိုင်နေရတဲ့ ကုလားထိုင်ဟာ ပျင်းရိစွာ တကျိကျိမြည်နေ၏။ စီးကရက်ဘူးထဲက နောက်ဆုံး လက်ကျန်တစ်လိပ်ကို မီးညှိလိုက်ပြီး တရှိုက်မက်မက် ဖွာလိုက်သည်။ ရထားသည် ဥသြဆွဲသံနှင့် အတူ လူကူးတံတားလေး အောက်ဘက်မှ တရွေ့ရွေ့ ခုတ်မောင်းသွား၏။ ထို့နောက် သရက်ကိုင်းများ၏ လှုပ်ခတ်သံများမှ လွဲ၍ တိတ်…….တိတ်……ဆိတ်……..ဆိတ်….။
“မိုးတွေရွာတော့ မယ်ထင်တယ်”
( Read more )
Posted in Essay, Postmodern essay
Sep
15
(၁)
ထစ်ထစ်ချုန်းချုန်းရွာသည်။ သံယောဇဉ်မပြတ်သေးသော နေ့လေး တနေ့ဖြစ်၏။ စပျစ်ဝိုင်လေး တစ်ခွက် သည် ညှို့မှိုင်း နေလိမ့်မည်။ ထီးရိပ်ကလေး မိုးရင်း စောင့်နေမိ၏။ ထို့အတူ မှတ်တိုင်လေးသည် လေးသွဲ့လျက် တိတ်ဆိတ်မှုတွေ ပေကျံနေတော့၏။
(၂)‘……..’
ချစ်စရာ နှုတ်ခမ်းလေးတွင် အဆိပ်တွေ ပြည့်နှက် နေသယောင်ရှိ၏။ ယန္တရား ဆန်သော လူတွေ နှလုံးသားမဲ့စွာဖြင့် ဥပက္ခာ ပြုသွားကြသည်။ ရင်ခုန်သံ အပိုင်းအစများကား လမ်းမပေါ်တွင် ပြန်ကျဲ့လျက် ရှိ၏။ ထို့နောက် ကျွန်တော့် ကမ်းပါး တစ်ခုလုံး ခမ်းခြောက်သွားတော့ သည်။ ညနေ သုံးနာရီ ထိုးလေပြီ။ ထိုနေ့သည် တနင်္ဂနွေမတိုင်ခင် နေ့ ဖြစ်သည်။
(၃)ဇာတ်သိမ်းခန်း မရှိတဲ့ ပြဇာတ် တစ်ပုဒ်။ နံရံကပ် အချိန်များ ဝင်ရိုးစွန်း တစ်ခုစာမက အေးခဲ သွားကြ၏။ ပွင့်ဖတ် လေးတွေ လွင့်ကျ ပြီး ငါ့ကို သူများ ချနင်းသွားတာ ခံလိုက်ရသည်။ အဖြေမရှိတဲ့ မေးခွန်းပါ မေးခွန်းမရှိတော့တဲ့ အဖြေသက်သက်ပါ။ ဘယ်သူမှ မကြားနိုင်တော့ဘူး။ သော့ခတ်ထားတဲ့ ရာဇဝင် တစ်ပုဒ်လို ခြေလှမ်းတွေ ပိုးမျှင် တက် သွားခဲ့တော့သည်။
(၄)အရှင်လတ်လတ် မြှုပ်နှံခံလိုက်ရသော ကျွန်တော်သည် အတီးအတ ညနေ တစ်ခု ဖြစ်၏။ သူမလေး မရှိသော တံခါးရွက်များတွင် ကန္တာရ ဆူးပင်များ ပေါက်ရောက် ကုန်တော့သည်။ အဝါရောင် ဘူတာလေး တွင် နှုတ်မဆက် မိသော ခရီးဆောင် ဂစ်တာ တစ်လုံး ရှိလိမ့်မည်။ ထို့နောက် ကြားဖူးနားဝ မရှိသော ဘာသာ ဗေဒဖြင့် တစ်ယောက် တစ်လေထဲ သူ ငိုကြွေး နေလိမ့်မည်။
(၅)လွမ်းလဲ လွမ်းသည် လွမ်းလဲ မလွမ်းပါ။ တရက်ပြီး တရက် ဆုတ်ဖြဲ ခံလိုက်ရပြီးသောအခါ ပြက္ခဒိန်များကို ရွံ့ကြောက် လာမိသည်။ နာမဝိသေသန မရှိသော ကျွန်တော့်အား ဘာကြောင့် စိမ်းလန်း ခွင့် မပေးခဲ့မှန်း နားမလည်ခဲ့ပါ။ ကြယ်တွေ အစိမ်းလိုက် ကြွေသွား ခဲ့ပြီးပြီ။ တံတိုင်းတွေ အပြိုင်း အရိုင်း ဖြိုဖျက် ခဲ့ပြီးပြီ။ ကံကြမ္မာသည် ယူဇနာပေါင်း များစွာ ခြားနား ထားခဲ့သည်။
(၆)ကျွန်တော်သည် ကျွန်တော့်ကိုယ် ကျွန်တော် မသိသေးသော အက္ခရာမဲ့ ကျောက်စာ တစ်ချပ် ဖြစ်သည်။ စကားဝါပန်းလေး များ ပွင့်အံနေကြသည်။ မုတ်သုံကုန်၍ နွေကို ကူးခဲ့တော့၏။ တယ်လီဖုန်းရုံလေးသည် ခေါ်ဆိုသူ မရှိပဲ ဧရိယာပြင်ပ ရောက်နေတော့၏။ ဝေရီ ဝိုးဝါး နေသော နံနက်ခင်းလောက် လတ်ဆတ်သော နံနက်ခင်း မရှိတော့ပေ။နေခြည်တွေ နွမ်းလျအောင် ပူလှသည်။ ထိုနေ့သည် သံယောဇဉ် မပြတ်သေးသော နေ့လေး တစ်နေ့ပင် ဖြစ်ပေလိမ့်မည်။ ထို့အတူ မှတ်တိုင် လေးသည် လဲ ယခင်အတိုင်း တိတ်ဆိတ် ငြိမ်သက်စွာ ရှိနေဆဲ….။
Posted in Essay, Postmodern
Apr
18
(က)
ပိတောက်တွေ ပွင့်နေကြပြီ..။ ဧပရယ်လ် လဖြစ်ပါသည်။ မိုးတွေလဲ တဖြိုက်နှစ်ဖြိုက် ရွာနေကြ၏။
(ခ)
နွေနေပူက သွေ့ခြောက် ပူလျလို့.။ တိတိရိရိ ကြွေနေတဲ့ သစ်ရွက်တွေဟာ ဟောဒိ မြေပြင်ပေါ်မှာ နာနာကျင်ကျင် ၀ါရော် နေကြတယ်။ ဧပရယ်လ်ကို ရောက်ခဲ့ပြန်ပြီပေါ့။ သက္ကရာဇ် တခုရဲ့ နောက်ဆုံး ဂဏန်းတခု တိုးသွား ပြန်ပြီပေါ့။ တစ်နှစ်ပြီး တစ်နှစ် ပြက္ခဒိန်တွေ သာ သစ်သစ်သွား ပေမယ့် ဘယ်တော့မှ မသစ်တော့သလို ဘယ်တော့မှ မဟောင်းသွားသေးဘူး ……..ဧပရယ်လ်။ နှလုံးသား တဆုပ်စာ မက ဒဏ်တွေက ဖရိုဖရဲ ပြန့်ကျဲနေတုန်းပါပဲ။ လွဲမှားမှု တွေနဲ့ ငါဟာ အခုထိ အံချော်နေ တုန်းပါပဲ။ အပိုအလျှံမရှိတဲ့ အတွက် စွဲမိစွဲရာ စွဲလမ်းမိတယ်ပဲ ထားလိုက်ပါတော့ ဧပရယ်လ်ရယ်။ ခပ်ဝေးဝေး လမ်းကလေးကိုမှ ကျေကျေနပ်နပ်ကြီး ရွေးလျှောက်ခဲ့မိသူပါ။ ဧပရယ်လ် ရယ်… ငါ့ရဲ့ အ၀ါရောင် ဧပရယ်လ်ရယ်.. အက္ခရာမဲ့ ပုံပြင်လေးတွေနဲ့ ပြာလဲ့လဲ့ အပြုံးတွေကို အမှတ်ရမိတယ် ကွယ်။ မှောင်မဲနေတဲ့ ခြောက်အိပ်မက်တွေထဲမှာ ငါလေ… တကြော်ကြော် အော်ခေါ်နေခဲ့ မိတယ်.။
“ဧပရယ်လ်ရေ… ဧပရယ်လ်..”
(ဂ)
ဥတုနွေရဲ့ နံနက်ခင်းဟာ ပူနွေး ကြည်သန့်နေတယ်။ ၀တ်ရုံသစ်လဲ ၀တ်ထားသလို ကောင်းကင် တခုလုံး မိုးတိမ်တွေ ကင်းပပြီး သစ်လွင် သားနားလို့ပေါ့။ April Fool Day တဲ့လား။ တခုတ်တရ အရူးလုပ်ခံလိုက်ရတဲ့ နေ့လေး တနေ့ ပါပဲ။ ဟင့်အင်း ဧပရယ်လ် တခုလုံးကိုက ငါ့ကို အရူးလုပ် ခဲ့တာပါ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ စွတ်စွတ်စို နေတဲ့ မိုးမကျနွေမကျ ရွာတဲ့ မိုးပြေးလေးရဲ့ သွန်းဖြိုက်မှု အောက်မှာ အရာအားလုံး အရှုံးပေးခဲ့ရဖူးတယ်။ အဲ့ဒိ ဧပရယ်လ်ဟာလေ သိပ်… အနိုင်ယူတတ်တဲ့ ကောင်ဆိုးမလေးပေါ့။
(ဃ)
အင်းယားမှာ အတာရေတွေ ရွှဲစိုနေတယ်။ ဒီလိုပါပဲ ဧပရယ်လ် အတွက် အလွမ်းတွေကလဲ ဟောဒိ ရင်ဘတ်ဆီမှာ ရွှဲရွှဲနစ်လို့…။ သူမဟာ ဘယ်တော့မှ ရပ်တန့် မသွားနိုင်တဲ့ ကျွန်တော့်ရဲ့ အ၀ါရောင် နာရီလေးရယ်ပါ။ သူမအတွက် ဆိုရင် ကျွန်တော့် ညနေ တခုလုံး ခပ်ရဲရဲကြီး မှောင်မိုက် ပစ်ရဲပါတယ်။ ရူးနှမ်းတယ်လို့ ပြောချင် ပြောနိုင်ပါတယ်။ ဟုတ်ပါတယ် ကျွန်တော်ဟာ ဧပရယ်လ် အရူးတစ်ယောက် ပါပဲ။ ဧပရယ်လ် သိနိုင်ပါစေကွယ်..။
(င)
နွေရယ်..၊ ဧပရယ်လ်ရယ်၊ ပြီးတော့ တူးပို့တေးသံရယ်ပေါ့။ အ၀ါရောင်ရဲရဲတွေနဲ့ သူမဟာ ကျွန်တော်ကို ဖရိုဖရဲ ရင်လှပ်ခုန်ခြင်းတွေ နဲ့ ပြုစားပစ်ခဲ့တယ်။
(စ)
မျှော်လင့်ခြင်းတွေ တနိုင်တပိုင်မက ပေးပစ်ခဲ့တယ်။ ဖုန်းမြည်သံတွေ နွေအထပ်ထပ် ပဲ့တင် ခဲ့တာတောင် ပြန်လည် မဖြေကြားခဲ့ဘူး..။ နင်…ဘယ်များရောက်နေလဲ….ဧပရယ်လ် ရယ်..။ သက်ပြင်းတွေ ပွင့်အံခဲ့…၊ ပြီးတော့ ရင်မော လိုက်ရတာ…၊ ကျေးဇူး ပြုပြီး ကောင်မလေးရေ.. ငါ့ကို မလှည့်စား လိုက်ပါနဲ့နော်…။
(ဆ)
ဒီလိုနဲ့..၊ ဒီလိုနဲ့ပဲ.. တန်ခူးလဟာ ကြွေနွမ်းခဲ့ရပါတယ်။ အင်းယားမှာ အတာရေတွေ အစား မိုးတွေ သာ ရွာနေတော့တယ်။ ခပ်စွင့်စွင့် ပိတောက်တွေ တော့ မပွင့်ကြတော့ပါဘူး။ ဧပရယ်လ်ဟာ တိတ်တိတ်လေး ချန်ရစ်နေခဲ့တယ်..။ အလှပဆုံး မုသားတွေနဲ့ နင် ..သိပ်ရက်စက် လွန်းတယ်…. ။
(ဇ)
အစိမ်းရောင် ပိတောက် ပင်ကြီး အောက်မှာ သူရူး တယောက် ရှိ၏။ မိုးပေါက် ကလေးများနှင့် အပြိုင် သည်းထန်နေသော မျက်ရည်များလဲ ရှိ၏။ ထို့နောက် ကွဲအက်ကြေနေသော နှလုံးသား ဒဏ်ချက်တွေနဲ့ ကိုင်ဆုပ်ထား၏။ သူ၏ နှုတ်မှ တကြော် ကြော် ဟစ်ခေါ်နေသော် လည်း မိုးခြိမ်းသံများ ကြားတွင် မသဲကွဲပဲ ဖြစ်နေလေ၏။ မိုးသက်ငြိမ်သွား သောအခါ တုန်ရီနေသော အသံကို အတိုင်းသား ကြားလိုက်ရသည်။
“ဧ……ပရယ်…..ရေ”
Posted in Postmodern, Short Story
Oct
23
ဆောင်းရဲ့အေးမြသော လေများ.. တစိမ့်စိမ့်တိုးဝှေ့လို့။ အခုထိ တစ်ယောက်တည်း ရှိတုန်းပဲ။ ဘေးက ဖြတ်လျှောက်သွားသလား မှတ်ရအောင် လမ်းပေါ်က တရွတ်သံများ အတိုင်းသားပါပဲ။ စာရွက်တွေ တဖျတ်ဖျတ် လှန်သံ ဧည့်ခန်းမအလယ်က စားပွဲပေါ်ကနေ မြည်နေကြတယ်။ ကြမ်းပြင်ပေါ် လျှောက်သံ ချိုးချိုးချွတ်ချွတ်နဲ့ ခေါက်တုံ့ခေါက် ပြန်နေကြပြန်တယ်။ ကုလားထိုင်ပေါ် ထိုင်လိုက်တော့ တကိုယ်လုံး အပုံလိုက်တင်ရင်း ထွက်လာတဲ့ အသံက အီအီနဲ့။ နားတဘက်က ဘာမှသိပ်မကြားရဘူး နားအူနေလားမသိပါဘူး။ ဒါပေမယ့် အခုထိ တစ်ယောက်တည်းပဲ။ ဉာဥ့်ဦးယံ ရောက်လာလေလေ ပြတင်းပေါက်အပေါ်ဘက်မှာ ဆွဲချိတ်ထားတဲ့နာရီလက်တံရဲ့ အသံက ပိုပိုကျယ်လာလေလေပါပဲ။
ခပ်တိုးတိုး လျှောက်နေတာတောင် တရှပ်ရှပ် မြည်သေးတယ်။ “ဘယ်သူမှ မဟုတ်ဘူးကွ၊ ငါနားကြားလွဲတာဖြစ်မယ်။” ညနေက သူငယ်ချင်းတစ်ယောက်ရဲ့ဇဝေဇ၀ါသံ။ “နင်က တော်တော်အူကြောင်ကျား နိုင်တယ်နော်” ခင်တာ သိပ်မကြာသေးပဲ သူ့စိတ်ထင်ရာ အလွယ်တကူ မှတ်ချက်ချတတ်သော သင်တန်းက ကောင်မလေးတစ်ယောက်ရဲ့အသံ။ ခေါင်မိုးစွန်းနားကပ်နေတဲ့ သရက်ပင်ကိုင်းက လေတိုက်တိုင်း မြည်နေ၏။
အိပ်မောကျသံများ …။
တချက်တချက် ခွေးဟောင်သံများ လမ်းထိပ်နားဆီက လွင့်လွင့်လာတယ်။ ခုထိအိပ်လို့ မပျော်သေးဘူး။ ခြင်ကောင်တွေက နားဝမှာ ၀ီခေါ်အောင် လာအော်နေကြတယ်။ လူနာဆောင် အမှတ်ခြောက်စာအုပ်ထဲက ညည်းညူသံများ။
“မအိပ်သေးဘူးလား”…။ သွားရင်းလာရင်း ဘယ်သူနှုတ်ဆက် သွားမှန်းမသိတဲ့ အသံ။ ရေးတော့ရေးနေပေမယ့် ခုထိ စိတ်တိုင်းမကျသေးလို့ စက္ကူလုံးခြေ သံများ …။ အေးစိမ့်စိမ့်နဲ့ ဆောင်းညပီပီ အနွေးထည် ခပ်ထူထူ ၀တ်ပြီး Fly leaf ရဲ့I’m so sick သီချင်း ခပ်တိုးတိုးညည်းနေမိသည်။ မျက်လုံးတွေက တဖြည်းဖြည်းလေးလာပြီး သန်းဝေတဲ့အသံ ထွက်သွားမိတယ်။
“ငါ…ဆက်မနေချင်တော့ဘူး…”။ အသက်ရှူကြပ်စရာ ကောင်းတဲ့ စိတ်ကျနေတဲ့ သူငယ်ချင်းရဲ့ အလျော့ပေးသံ..။ ပြီးတော့ ကောင်မလေးတယောက်ရဲ့ ရူးမိုက်မိုက် ငိုယိုသံ။ ခေါင်းကိုက်လိုက်တာ…။
သေချာနားစိုက်ကြည့်လိုက်မှ ပတ်ဝန်းကျင်က တိတ်ဆိတ်မနေပဲ ပုစဉ်းရင်ကွဲအသံများ ဆူညံနေတယ်။ ညဟာ ညနဲ့တူသွားတော့တယ်။ ဒါပေမယ့် လတော့မသာခဲ့ဘူး။ နားသိပ်ညည်းတာပဲ။
လေလည်သံများ။ ဖောင်းပွနေတဲ့ လေတလုံးမိုးတလုံး အသံများ။ “တိတ်တိတ်နေပေးကြပါ.. ဘာမှ ထပ်မကြားချင်တော့ဘူး…”။ ခပ်ကြမ်းကြမ်း သက်ပြင်းချလိုက်ပြန်သည်။ ခရမ်းရောင်တွေက အသံမြည်နေသည်။ အနည်းငယ် မာဆတ်ဆတ် နိုင်သော တောင်းပန်သံများ။ ရူးကြောင်ကြောင်နိုင်သော တွေးခေါ်မှု ပြီးတော့ ဦးနှောက်ထဲက ထွက်လာတဲ့ အသံ။
ကြိုးတချောင်းရဲ့ ခေါ်သံ…။ “@x$%…#**” ဆဲရေးတိုင်းထွာနေတဲ့ ညစ်ညမ်းမှု ဆိုးဆိုးဝါးဝါး အသံများ။ လူကျင့်ဝတ် ဖောက်ပြန်နေတဲ့ အသံ။ ဘယ်ဟာမှ မတည်မြဲသေးဘူး…။
မျက်နှာကျက်နားက ခိုညည်းသံများ ကြားရပြန်တယ်။ စက္ကူတွေ ဝှေ့နေသော ပန်ကာအောက်မှာ ဖရိုဖရဲ ပြန့်ကျဲလို့…။ ပြီးတော့ ကြိုးပြတ်နေတဲ့ အနက်ရောင် ဂစ်တာဟောင်းတလက်..။ ကြမ်းပြင်ပေါ် ခုံတလုံး ထိခတ်မိသွားတဲ့ အသံ။
ဘာမှအဓိပ္ပါယ်မရှိဘူး။ ပြီးတော့ ဘာမှမဟုတ်ဘူး။ မောဟိုက်နေတယ်။ တကိုယ်ကောင်းဆန်လွန်းတယ်။ စိတ်ပျက်ဖို့ကောင်းတယ်။ တဂျစ်ဂျစ်နဲ့ နံရံကိုတိုးနေတဲ့ ကြွက်တကောင်ရဲ့ အသံ။
အခုထိ တယောက်တည်းရှိနေတုန်းပဲ။
ဟားတိုက်နေတဲ့ အပေါစားလူတွေရဲ့ အသံ…။ ကိုယ်ဟာ့ကိုယ် မသိတဲ့ ဟိတ်ကြီးဟန်ကြီး အဆိုအမိန့်များ။ ၀ှား… ပျင်းဖို့ကောင်းလိုက်တာ။ မျက်နှာကျက်ပေါ်က အိမ်မြောင် စုတ်ထိုးလိုက်တဲ့ အသံ။
ကြိုးတွေရဲ့ ဖြစ်ညှစ်သံ…။ ဘာမှထပ်မကြားတော့ဘူး။ နှုတ်ခမ်းရဲ့ တွန့်ခေါက်တဲ့ နောက်ဆုံးအပြုံးတွေထဲက ထွက်လာတဲ့ ခပ်သဲ့သဲ့အသံ..။ ငိုသံများ၊ ခွေးဟောင်သံများ၊ အိပ်မောကျသံများ၊ နှုတ်ဆက်သံများ၊ လေတိုးသံများ…။ ပြီးတော့… ပြီးတော့…..။ စာရွက်တွေ လွင့်လွင့်နေတဲ့ အသံ..။ တောင်းပန်ပါတယ်ဗျာ။ အားလုံး မဆိတ်ငြိမ်သေးဘူး..။ ဘွန်န္တောအသံ..။ နာရီလက်တံတွေက မြည်တဲ့ ခြောက်ကပ်ကပ် တီးလုံးသံ။ အလ္လာပသလ္လာပ အသံ။အခုထိ ခြောက်ခြားစရာ ကောင်းလောက်အောင် ကိုယ့်ဟာကိုယ် မြည်နေတဲ့ အသံ……………..။ နောက်ထပ် သိပ်မကြားရတော့ဘူး…။ ဘာမှ ထပ်မကြားရတော့ဘူး..။ မကြားရတော့ဘူး..။
“…………………….”
တိတ်ဆိတ်လွန်းနေတဲ့………..အသံ။
Posted in Essay, Postmodern
Jun
08
အရိပ်ကောင်းသော ဗာဒံပင်ကြီးအောက်တွင် ဆိုက်ကားဂိတ်လေး တခုရှိသည်။ လူတွေက အတင်းပြောဖို့ သူတစ်ပါး မကောင်း ပြောဖို့ ဆိုရင်တချက်လေးမှ တွေဝေ မနေတတ်ပေ။ ဖိုးဇော်သည် အချဉ်ထုပ် တစ်ထုပ် ၀ယ်လိုက်သည်။ သူသည် ဆေးလိပ်ဖြတ်တာ တစ်ပတ် ခန့်ပင် ရှိသေး၍ ခံတွင်းချဉ်လာ၍ ဖြစ်သည်။ လမ်းထိပ်က စိန်ကုလားသည် အကြော်သည် ဒေါ်ကြွယ်အား အကြွေးမပေးသည်မှာ နှစ်လ ခန့်ရှိပြီ။ လူတွေကလဲ လူတွေဖြစ်သည် အမှိုက်မပုံရဆိုသော နေရာတွင်မှ အမှိုက်များ ပယ်ပယ်နယ်နယ် လာပစ်ထားကြသည်။ မီးသတ်ရဲဘော် အောင်အောင်သည် မနေ့က သစ်ပင်ပေါ်မှ ပြုတ်ကျပြီး လက်ကျိုးသွားသည်။ ထိုသစ်ပင်ကို ခုတ်ခိုင်းသူမှာ ဒေါ်အေးသန်းဖြစ်သည် ဟုသိရသည်။ ကျော်မင်းသည် ဘွဲ့ရပြီးသော်လည်း အခုထိ အလုပ်မရှိသေးသူ ဖြစ်၏။ မိုးရာသီ ရောက်လာသဖြင့် ရပ်ကွက်ထဲ သို့ ၀င်သော လမ်းလေးသည် ဗွက်ထနေသဖြင့် ရပ်ကွက်လူကြီး ဦးတင့်ဆွေက နောင်နှစ်မှ စတင်၍ ကိုယ့်အားကိုယ့်ကိုး လမ်းလုပ်တော့မည်ဟု ပြောသည်။
အတင်းပြောတတ်သော ဒေါ်အေးသန်းသည် အသုပ်ရောင်းသူ ဒေါ်မြင့်ကြည် ထံသို့ သတင်း ထူး တခု လာဖောက်သည် ချနေသည်။ မန်ယူဖလားရလို့ ဆိုပြီး ကိုမြင့်ခိုင်က ရပ်ကွက်လုံးကျွတ် မီးခိုးတိတ် အလှူလုပ်သည်။ ရပ်ကွက်ထိပ်တွင် တနေ့ကမှ ပြောင်းလာသော အိမ်သည် မိသားစုသုံး ယောက်သာရှိကြောင်း သိရသည်။ အမှန်က လေးယောက် ရှိသည် ပြော၏။ အကြီးဆုံးသားမှာ သင်္ဘောလိုက်သွားပြီး အငယ်မလေးသာ မိဘနှင့် ကျန်ခဲ့သည်ဟု သိရသည်။ ထိုကောင်မလေးသည် အတော်ပင် ချစ်စရာကောင်းလှသည်။ ယခုနှစ်တွင် ဆယ်တန်း တက်မည်ဖြစ်သော သူ့သားအား ဒေါ်မမ က အကောင်းဆုံးဝိုင်းတွင် သိန်းနှင့်ချီ အကုန်ခံ၍ ထားကြောင်း လူတကာကို ကြွားလုံးထုတ်နေ၏။
မည်သို့ပင်ဖြစ်စေကာမူ လူပျိုကြီး သာထွန်းသည် လူဝတ်ကြောင် စွန့်တော့မည် ဖြစ်ကြောင်း အခိုင်အမာ ပြော၏။ ချိန်လိုက်တိုင်း ပါနေ၍လည်း ဖြစ်နိုင်သည်။ အိမ်ထဲကနေ ငိုယိုပြီး ထွက်လာသော တူးတူးလေးအား ဘာဖြစ်တာလဲလို့ အောင်အောင်က မေးတော့ “အဖေပေါ့ဂျာ အနော်က ဒီအိမ်ကြီး အနော်ဘယ်တော့ ပိုင်မှာလဲ ဆိုတော့ ငါသေမှတဲ့၊ ဒါနဲ့ အနော်က ဒါချို အဖေ ဘယ်တော့ သေမှာလဲ လို့ မေးမိတာ နားရင်းကို ကြယ်တွေ မြင်အောင်ကို ဆော်လိုက်တယ်…ဘာမှန်းလဲ သိပါဘူးဂျာ ဒါလေးမေးမိတာကို” ဟု ပြောကာ ခေါင်းကုတ်ရင်း ကောင်းကောင်းတို့ ကျောက်ဒိုးရိုက်နေတဲ့ နေရာကို ထွက်သွားသည်။ ပိတ်ဆို့နေသော ရေမြောင်းများကြောင့် မိုးသည်းထန်စွာ ရွာသည်နှင့် အိမ်တွေထဲ ရေ၀င်ကုန်တော့သည်။ rapper ရူးရူးနေသော ပေါက်စသည် အလွန်ပူအိုက်သော နေမွန်းတည့်ချိန်ကြီးတွင် သိုးမွှေးအနွေးထည်အပွကြီး ကို ဘောင်းဘီ အပွကြီးနှင့် ၀တ်ကာ တကိုယ်လုံး ချွေးများ ရေချိုးထားသကဲ့သို့ အိုင်ထွန်းနေတော့၏။ ထိုဆိုက်ကား ဂိတ်လေးတွင် ဆိုက်ကား အစင်းရေ ၅၀ခန့် ရှိသော်လည်း အများစုမှာ နေ့ခင်းပိုင်းတွင် ထွက်လေ့မရှိပဲ အိမ်ပြန် တရေးတမော အိပ်ကြသည်က များသည်။ ရပ်ကွက်လူကြီး ဦးတင့်ဆွေသည် ညပိုင်း ၈နာရီကျော်လျှင် ရေချိန်ကိုက်နေပြီ ဖြစ်၏။ ကျော်မင်းသည် အသစ်ပြောင်းလာသော ကောင်မလေးကို လိုက်မည်ဟု သူ့သူငယ်ချင်းများ ကြားတွင် တရားဝင် ကြေငြာလိုက်သည်။
ကိုမြင့်ခိုင်သည် မန်ယူဖလားရသော ပုံအား ဗီနိုင်းလုပ်ကာ သူ့အိမ်ရှေ့တွင် ၀ံ့ဝံ့ကြွားကြွား ချိတ်ဆွဲထား၏။ ဆယ်အိမ်ခေါင်း ကိုမင်းမင်း သည် သူ့အိမ်ရှေ့တွင် တောင်လိုပုံနေသော အမှိုက်မပစ်ရဆိုင်းဘုတ် ဆိုက်ထူထားသော နေရာရှိ အမှိုက်ပုံကြီးကို ကြည့်၍ ဆဲရေးတိုင်းထွာ လုပ်နေသည်။ ဤရပ်ကွက်လေးကို တနေ့တုန်းက လန်ခရူဇာနှင့် လာကြည့်သော သူသည် နာမည်ကြီးကန်ထရိုက်တာ တစ်ဦးဖြစ်ကြောင်း သိရသဖြင့် သူတို့ ရပ်ကွက်ကို ဖယ်ရှားပစ်ပြီး တိုက်ခန်းများ ဆောက်လုပ်တော့မည်လားဟု စိုးရိမ်သူက စိုးရိမ်၍ တိုက်ခန်းများတွင် နေရာပြန်ပေးနိုင်သည် ဟု တွေးကာ ပျော်သူက ပျော်နေကြ၏။
ရေထမ်းသမား စိန်ကုလားအား မည်သူက မြှောက်ပေးလိုက်သည် မသိ မလေးရှားရူးရူးနေကာ ဘုန်းကြီးကျောင်းတွင် အင်္ဂလိပ်စာနှင့် ရပ်ကွက်ထဲရှိ တက္ကစီသမား မလေးပြန်ကြီး ကိုတင်မောင် ထံတွင် မလေးစာတို့ကို အပတ်တကုတ် သင်ယူနေလေတော့သည်။ ဒေါ်မမသည် ဟင်းန်ဖုန်းတလုံးကို ပြီးခဲ့တဲ့ နှစ်ရက်က ဘယ်က ငှားလာမှန်းမသိသော်လည်း ဈေးသွားလျှင်ပင် ညည်းကအေ ငါကအေနှင့် အသံကုန်ဟစ်ကာ ဖုန်းပြောနေလေ၏။ ထို့ကြောင့်ပင် သူ့ကို ရပ်ကွက်က လေဒီဖုန်းဟု တညီတညွတ်ထဲ အမည်သမုတ် လိုက်ကြ၏။ ကျော်မင်းကို သူငယ်ချင်းများက ဆရာသမားဟု ၀ိုင်းသတ်မှတ်လိုက်ကြသည်။ ပေါက်စသည် ရှိုးပွဲတခုတွင် ရက်ပ်အဆိုတော် တစ်ယောက်နှင့် ရင်းနှီးခွင့်ရသဖြင့် အပျော်ကြီးပျော်နေ၏။ ဆယ်အိမ်ခေါင်း ကိုမင်းမင်း အိမ်ရှေ့မှ အမှိုက်ပုံကြီးအား စည်ပင်မှ လာရောက်ကျုံးသွား၏။ နောက်ထပ် မည်သူမှ အမှိုက်မပုံရတော့ကြောင်း၊ ပုံတာ တွေ့ရင် ဒဏ်တပ်မည်ဖြစ်ကြောင်း ရပ်ကွက်လူကြီး ဦးတင့်ဆွေက တချက်လွှတ် အမိန့်ထုတ်ပြန်လိုက်သည်။ ကိုသာထွန်းသည် မနက်ကပင် ရပ်ကွက်ဘုန်းကြီးကျောင်းတွင် ရဟန်းခံလိုက်လေ၏။ သူ့အား မည်သူမှ သာဓုမခေါ်ကြပေ။ ဗာဒံပင်ကြီးအောက်တွင် ချိန်းတွေ့နေသော စုံတွဲလေး တစ်တွဲရှိ၏။ ထို့နောက် မိုးများ သည်းထန်စွာ ရွာသွန်းသောကြောင့် ရပ်ကွက်လေးသည် ရေလျှံကုန်တော့သည်။
Posted in Fun, Postmodern, Short Story