ကျွန်တော်တို့ နေ့စဉ်လူမှုဘဝတွေထဲမှာ ဘယ်အရာတွေက လွှမ်းမိုးနေကြပါသလဲ။ အထူးသဖြင့် ကျွန်တော်တို့လို အင်တာနက် နေ့စဉ်အသုံးပြုသူတွေ၊ Facebook လိုလူမှုကွန်ယက်ကို စွဲစွဲလမ်းလမ်း အသုံးပြုသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အချိန်တော်တော်များများဟာ အဲ့ဒိအပေါ်မှာ ကုန်လွန်သွားတတ်ကြတာမျိုးပါ။ လူမှုကွန်ယက်တွေသာ မရှိခဲ့ရင်ဆိုတဲ့ အတွေးမျိုး တစ်ခါတစ်ရံ ပေါ်ဖူးပါတယ်။ ကျွန်တော်တို့မှာ စွဲစွဲလမ်းလမ်းသုံးစရာ လူမှုကွန်ယက်ဝက်ဘ်ဆိုက် မရှိဘူးဆိုရင် ကျွန်တော်တို့မှာ အီးမေးလ်လောက်၊ သတင်းလောက်နဲ့ လေ့လာစရာ လေးတွေ လေ့လာပြီးရင် လုံလောက်ပြီလို့ ယူဆမိပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ အဲ့ဒီလို မဟုတ်ခဲ့ဘူးလေ။
လူမှုကွန်ယက်ဆိုတာ လူအချင်းချင်းချိတ်ဆက်ပြီး နေရာဒေသ ခြားနားမှုမရှိဘဲ အပြန်လှန် တရင်းတနှီး ဆက်ဆံမှု ပြုနိုင်တဲ့နေရာတစ်ခုပါပဲ။ လူမှုကွန်ယက်ကို အသုံးပြုပြီး ကျွန်တော်တို့အတွက် မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့နိုင်သလို၊ မိတ်သစ်ဆွေသစ်တွေလဲ ရရှိနိုင်ပါတယ်။ ချစ်ခင်သူကနေ ရန်သူအဆုံး အကုန်ရရှိနိုင်ပါရဲ့။ ဒါ့အပြင် အချိန်နဲ့ တပြေးညီ သတင်းပေါင်းစုံလဲ ရနိုင်သေးတယ်။ မနက်စောစော မိုးလင်းတာနဲ့ မျက်နှာမသစ်ရရင်သာ နေမယ်။ မျက်နှာစာအုပ်လို့ခေါ်တဲ့ facebook ကို အရင်ဆုံးဖွင့်မယ်။ notification တွေ စစ်မယ်၊ message ဘယ်သူပို့ထားလဲ ကြည့်မယ်။ ဘယ်သူတွေကများ ကျွန်တော်တို့ကို friend request လာလုပ်ထားမလဲ ကြည့်ရတာလဲ အမောပါပဲ။ ဒါမှမဟုတ် ကိုယ်က ရုံးမှာပဲ အင်တာနက် သုံးတဲ့သူဆိုရင် ဘာအလုပ်မှမလုပ်ခင် Facebook ကိုအရင်ဆုံး ဖွင့်လေ့ရှိကြပါတယ်။ mobile ဖုန်းကနေ အင်တာနက် သုံးလို့ရအောင် လျှောက်ထားတယ် ဆိုရင်တော့ ကားပေါ်မှာတင် သွားရင်းလာရင်း အသုံးပြုနေရုံပဲပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ နေ့စဉ်အချိန်တွေဟာ လူမှုကွန်ယက် ပေါ်မှာပဲ စီးမျော ကုန်လွန်လေ့ရှိကြပါတယ်။
ဟုတ်ပါတယ်။ လူမှုကွန်ယက်တွေဟာ သတင်းပေါင်းစုံတဲ့ နေရာ၊ အချက်အလက်တွေ ရရှိနိုင်တဲ့နေရာဆိုတာ မငြင်းသာပါဘူး။ ဒါပေမယ့် တစ်ဘက်မှာ ကျွန်တော်တို့ ပြန်စဉ်းစားရမှာက ကျွန်တော်တို့ တကယ်လိုတဲ့ သတင်းအချက်အလက်တွေလား၊ ကျွန်တော်တို့ လိုချင်တာထက်များ ပိုလျှံနေသလား ဆိုတာကိုပေါ့။ မနက်စောစော facebook သုံးလို့ ရယ်စရာ မောစရာလေးတွေ ဖတ်မိရင် အဲ့ဒိမနက်ခင်းလေးဟာ ကြည်လင်လို့နေပြီး ဒေါသထွက်စရာ၊ အမြင်မတော်တာတွေ မြင်မိသွားရင်တော့ ကြည်လင်နေတဲ့ စိတ်ကလေးဟာ မှုံမှိုင်းသွားတော့တာပါပဲ။ လူမှုကွန်ယက်ကို အသုံးပြုရတာ ပျော်တာတွေက တဒင်္ဂသာ ဖြစ်ပြီး စိတ်ညစ်ညူးစရာတွေက ပိုများနေသလားလို့ တစ်ခါတစ်လေ အတွေးနယ်ချဲ့မိပါရဲ့။ Facebook သုံးပြီးတော့များ ကျွန်တော်တို့ စိတ်တွေ ပိုမို ကြမ်းတမ်းလာလေသလား လို့ထင်မိတယ်။ အပြင်မှာတောင် ဆဲဆိုတဲ့ စကားတစ်ခွန်းထွက်ဖို့ အတော်ရှက်မိတဲ့ ကျွန်တော် တစ်ယောက် ဒေါသဖြစ်ပြီး ဆဲမိတဲ့ စတေးတပ်စ်တွေကို ပြန်ကြည့်မိရင် ကိုယ့်ဟာကိုယ် နောင်တရမိတာမျိုးလဲရှိတယ်။
Facebook လိုနေရာမျိုးဟာ ကိုယ့်ရဲ့ စိတ်ထွက်ပေါက်ရရာ နေရာ ဖြစ်လေတော့ ကိုယ်တကယ် အပြင်မှာ မပြောဖြစ်တဲ့ ခံစားချက်မျိုးတွေ၊ စိတ်ထဲက ခံစားချက်မျိုးတွေကို ပေါက်ကွဲထွက်ရာ နေရာဖြစ်နေရော့သလား။ အချိန်ဟာ အဖိုးသိပ်တန်တယ်၊ မြစ်တစ်ခုမှာ နှစ်ခါရေချိုးလို့မရဘူး စသည်ဖြင့် အချိန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ငယ်စဉ်ကတည်းက စာအုပ်တွေမှာ မိုးမွှန်အောင် မြင်ဖူးကြပါတယ်။ တကယ်တမ်း ယနေ့ခေတ်လို ကာလမျိုးမှာ ကျွန်တော်တို့မှာ အချိန်တွေဟာ မလုံလောက်တော့ဘူး။ တန်ဖိုးထားချင်လျက်နဲ့ တန်ဖိုး မထားနိုင်တော့ လောက်အောင် ဇယ်ဆက်သလို အလုပ်များနေတတ်ကြပါတယ်။ အလုပ်တစ်ခုခုမလုပ်ခင် အင်းခဏလောက်တော့ Facebook လေးဝင်ကြည့်အုံးမှပါလေ ဆိုပြီး ဝင်ကြည့်လိုက်တာနဲ့ပဲ အနည်းဆုံး ၂နာရီလောက်တော့ ကုန်လွန်သွားမှန်းမသိ ကုန်သွားတတ်ကြပါတယ်။
အဲ့ဒိတော့ ဒီလူမှုကွန်ယက်ကို စွဲလမ်းလွန်းမက စွဲလမ်းမိလာတဲ့အခါကျတော့ ကျွန်တော်တို့စိတ်တွေဟာ ပြောင်းလဲနေတဲ့ အဖြစ်အပျက်တွေနဲ့အတူ စက္ကန့်ပိုင်းအတွင်း၊ မိနစ်ပိုင်းအတွင်းမှာတင် ပျော်လိုက် စိတ်ညစ်လိုက်၊ ဝမ်းနည်းလိုက်၊ ဒေါသဖြစ်လိုက်၊ ကြည်နူးလာလိုက်နဲ့ အတက်အကျ အရမ်းမြန်နေလေတော့ ရေရှည်ကျရင် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေ၊ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ၊ ကျွန်တော်တို့ရဲ့ အကြင်နာတရားတွေ၊ ကျွန်တော်တို့ရဲ့ လူသားဆန်မှုတွေဟာ ဆိတ်သုဉ်းသွားတော့လေမလားလို့ မဆီမဆိုင် စိုးရိမ်မိပါတယ်။ ဒီလောက် အတက်အကျ ကြမ်းတဲ့ ခံစားမှုကို ပေးစွမ်းတဲ့ လူမှုကွန်ယက်မှာ ရင့်ကျက်လှပါပြီဆိုတဲ့ လူကြီးတွေအသုံးပြုရင်တောင် ခံစားရတာ၊ စိတ်ဓာတ်အဟုန် တက်ကြွတဲ့ လူငယ်တွေအနေနဲ့ ဒီအတက်အကျ ခံစားမှုတွေမှာ စီးမျောမိရင်း မလိုအပ်ပဲ အစွန်းရောက်သွားမှုတွေ၊ ယုတ်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုတွေ ဖြစ်လာတာ မဆန်းလှဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။
ကျွန်တော့်ကိုယ်တွေ့ဆိုရင်တော့ facebook သုံးရင်း ဒေါသတွေဖြစ်လာတယ်၊ အသက်ရှူမဝသလိုဖြစ်လာတယ်။ စိတ်တင်းကျပ်လာတယ်လို့ ခံစားမိလာရင် ကျွန်တော် ခေတ္တခဏ Facebook ကို မသုံးပဲနေလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တော်တော်များများမှာ ကျွန်တော်က Facebook ဝင်ရင်လဲ ကျွန်တော့်ကိုယ်ပိုင် profile ရယ်၊ Volunteer လုပ်နေတဲ့ group သုံးခုလောက်ရယ်ပဲ ဝင်ကြည့်နေခဲ့တယ်။ အဲ့ဒိအခါ ကျွန်တော် ဘာသတိထားမိလာလဲဆိုတော့ ကျွန်တော့်စိတ်ဟာ အတော်လေး ကြည်လင်လာတယ်။ ကျွန်တော်လက်တွေ့ဘဝမှာ လုပ်ရမယ့် အလုပ်တွေ ခေါင်းထဲ တန်းစီပြန်ပေါ်လာတယ်။ စာဖတ်ချင်စိတ်လေးတွေ ပြန်ပေါ်လာတယ်။ ကျွန်တော် သီချင်းနားထောင်တယ်။ စာရေးချင်စိတ်လေးတွေ ပြန်ပေါ်လာတယ်။ ကျွန်တော့်အိမ်ရဲ့ ရှုခင်းလေးကို ပြောပြရရင် ကျွန်တော်ကွန်ပြူတာ သုံးတဲ့နေရာဘေးမှာ ပြတင်းပေါက်လေး တစ်ခုရှိတယ်။ အဲ့ဒိပြတင်းပေါက်ကနေ ကြည့်လိုက်ရင် ခြံထဲက သစ်ပင်စိမ်းစိမ်းတွေ (မိုးတွင်းဆိုတော့) စိမ်းစိမ်းလန်းလန်းဖြစ်နေရတာ မြင်ရတယ်။ လမ်းမဘက်ကိုလဲ လှမ်းမြင်နိုင်ပါသေးတယ်။ စိတ်တင်းကျပ်လာပြီဆိုရင်တော့ အသက်ပြင်းပြင်းရှူပြီး သစ်ပင်စိမ်းစိမ်းလေးတွေနဲ့ အပြင်ဘက်က ဥဒဟို သွားလာနေတဲ့ လူတွေကိုကြည့်လိုက်တော့မှ သြော် ငါ့တကယ့် အမှန်တရားက အပြင်လောကမှာနေထိုင် နေတဲ့ လူပါလားဆိုတဲ့ အသိပြန်ဝင်လာလေရဲ့။ ကျွန်တော်ရဲ့ အဲ့ဒိအသိတရားလေး ဝင်လာပြီဆိုရင်တော့ ကျွန်တော့်ကို အွန်လိုင်းကနေ ဆဲဆိုနေတာတွေ တိုက်ခိုက်နေတာတွေကို ကျွန်တော်ဒေါသ မဖြစ်မိတော့ပါဘူး။ (အဲ့ဒါ ဟိုးအရင်ဘလော့ရေးကတည်းကပါပဲ)။ ဘာလို့လဲဆိုတော့ အွန်လိုင်းပေါ်က အရာအားလုံးဟာ ကမ္ဘာတုလေး ဖြစ်နေလို့ပါပဲ။ အပြင်မှာ မြင်နေရတဲ့သူတွေတောင်မှ သူတို့ပေတံနဲ့ ကိုယ့်ကို လာတိုင်းရင် အမှန်မြင်ချင်မှ မြင်တာဆိုတော့ အွန်လိုင်းပေါ်မှာ သက်မဲ့စာသားတွေ၊ ဓာတ်ပုံတွေကြည့်ပြီး အကဲဖြတ်မယ်ဆိုရင် ပိုပြီး အမြင်ကွဲပြားနိုင်တာပေါ့။
အဲ့ဒိတော့ ဒီလိုအချိန်တွေကုန်လွန်ပြီး မပြောသင့်တာ မပြောမိအောင်၊ ကိုယ့်တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချမိသွားအောင် ကျွန်တော် စဉ်းစားမိထားတဲ့ အိုင်ဒီယာလေး တစ်ခုတော့ရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့ Facebook အသုံးပြုသူတွေအနေနဲ့ လူမှုကွန်ယက် အသုံးမပြုတဲ့နေ့ဆိုပြီး ရက်သတ္တပတ် တစ်ခုမှာ Weekend မှာ လုပ်တာမျိုး၊ ဒါမှမဟုတ် တစ်ရက်လုပ်တာမျိုး လုပ်ကြမလားလို့ပေါ့။ ဘယ်လိုလုပ်ကြမလဲဆိုတော့ ကျွန်တော်တို့ Facebook အသုံးပြုတဲ့လူတွေအနေနဲ့ ကိုယ့်လိုပဲ Facebook အသုံးပြုတဲ့ လူငယ်တွေကို ဆွဲဆောင်ခေါ်လာပြီး ပျော်ပွဲစားထွက်ကြမယ်။ ပြီးရင် ဂိမ်းလေးတွေဆော့တာမျိုး၊ စုပေါင်းပြီး စာဖတ်ဝိုင်းလေးတွေ လုပ်တာမျိုး၊ ကျပန်းစကားပြော စကားဝိုင်းလေးတွေ ပြုလုပ်ကြတာမျိုး၊ Leadership Workshop နဲ့တစ်ခြား အကျိုးရှိမယ့် Workshop အသေးလေး လုပ်ပြီး ကန်တော်ကြီးလို နေရာမျိုးမှာ တတ်သိတဲ့သူတွေက အချင်းချင်း ပြန်လည်မျှဝေပေးတာမျိုး၊ ဒါမှမဟုတ် လူအင်အား လိုအပ်နေတဲ့နေရာတွေမှာ ပရဟိတ သွားရောက် ကူညီပေးတာမျိုးတွေ လုပ်ကြရင် ကောင်းမလားလို့ပေါ့။ အဲ့ဒိတော့ အဲ့ဒိလို လှုပ်ရှားမှုလေးကို လုပ်တဲ့အခါ ပြက္ခဒိန်ဇယားကွက်ပါတဲ့ စာအုပ်လေးမျိုးတွေ လုပ်ထားပြီး အဲ့ဒိစာအုပ်လေးကို အချိန်ဘဏ်စာရင်း လို့ နာမည်ပေးထားမယ်။ အဲ့ဒိတော့ လူမှုကွန်ယက် အသုံးမပြုတဲ့နေ့မှာ တကယ့်အပြင်လောက လူမှုကွန်ယက်မှာ သူများအကျိုးအတွက် ဘာတွေ ဒီတပတ်လုပ်ပြီးပြီလဲ။ ကိုယ့်အတွက် ဘာတွေ ရလိုက်လဲ။ ဘယ် သင်တန်းမျိုး၊ ဘယ်workshop မျိုးတော့ဖြင့် တက်ပြီးလို့ ဘာတွေတော့ သိလာတယ်။ ကျပန်းစကားပြောဝိုင်းလေးတွေလုပ်ပြီး public speaking စွမ်းရည် ဘယ်လောက် တက်လာတယ် ဆိုတာတွေကို Organized လုပ်တဲ့သူတွေက ပူးပေါင်းပါဝင်တဲ့လူငယ်တွေရဲ့ အချိန်ဘဏ်စာရင်း စာအုပ်တွေမှာ မှတ်သားပေးထားမယ်ဆို၊ တစ်ပတ်မှာ ဘာတွေ တိုးတက်လာလဲ၊ တစ်လမှာ၊ တစ်နှစ်မှာ စသည်ဖြင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဝန်းကျင်က မိတ်ဆွေ၊ သူငယ်ချင်း၊ လူငယ်တွေကို အချင်းအချင်း စိတ်ဓာတ်တွေ၊ စာရိတ္တလေးတွေ၊ ပိုမိုတောက်ပြောင်လာအောင် အရောင်တင်ပေးနိုင် လိမ့်မယ် ထင်ပါတယ်။ ဒါက ကျွန်တော့် စိတ်ကူးသက်သက်ပါ။ ကျွန်တော်တို့ လူငယ်တွေဟာ မညံ့ကြပါဘူး။ ဒါပေမယ့် ထိန်းကျောင်းပေမယ့် လူကြီးတွေက ခေတ်နဲ့အဆက်စပ် ပြတ်နေတဲ့အခါ လူငယ်၊ လူငယ်အချင်းချင်း အပြန်လှန် ထိန်းကျောင်းပေးမှသာ လျှင် သူတို့ရဲ့ အနာဂတ်၊ နည်းနည်း ကြီးကြီးကျယ်ကျယ်ပြောရင် တိုင်းပြည်ရဲ့ အနာဂတ် ကောင်းလာမှာ ဖြစ်ပါတယ်။
အဲ့ဒိတော့ အခုလက်ရှိ Facebook သုံးနေရင်း စိတ်မွန်းကျပ်လာပြီဆိုရင် ကိုယ့်အကောင့်ကို log out ထွက်လိုက်ပါ။ အသက်ဝဝရှူပါ။ စာအုပ်တစ်အုပ်အုပ် ဖြစ်ဖြစ် ကောက်ဖတ်လိုက်ပါ ဒါမှမဟုတ် ရုပ်ရှင်ကြည့်ပါ။ သူငယ်ချင်းတွေဆီကို ဖုန်းခေါ်ပါ။ စကားစမြည်ပြောပါ။ ကိုယ့်ရဲ့ ချစ်သူရည်းစားဆီကို ဖုန်းဆက်ပြီး ချိန်းချင်လဲ ချိန်းဆိုလိုက်ပါ။ စိတ်အပန်းဖြေဖို့အတွက် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်ပါ။ လက်တွေ့ဘဝကို ပျော်ရွှင်ပါ။ မိုဘိုင်းဖုန်းနဲ့ နေရာတိုင်း check-in လုပ်တာတွေ ခဏရပ်ထားလိုက်ပါ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ချစ်ပါ၊ ကိုယ့်ရဲ့ မိသားစုကို မြတ်နိုးတန်ဖိုးထားပါ။ ကိုယ့်ရဲ့ အသိုင်းအဝိုင်းလေးကို ချစ်ပါ။ ကိုယ့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို ချစ်ခင်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ သွေးနဲ့သားနဲ့ တည်ဆောက်ထားကြတဲ့ လူသားတွေဖြစ်နေလို့ပါပဲ။ အခုလက်ရှိ လူမှုကွန်ယက်ဝက်ဘ်ဆိုက် သုံးနေတာတွေခဏရပ်ပြီး သေချာစဉ်းစားကြည့်လိုက်ပါဗျာ ကျွန်တော်တို့ ဘာကြောင့်များ အချိန်တွေကုန်နေကြပါလိမ့် ဆိုတာကိုပေါ့။
ဘုန်းမြင့်ခိုင်

ဟုတ်ကဲ့
အချိန်ကုန်ခံပြီး ဦးဘုန်းမြင့်ခိုင် ၏ ဘလော့ကို လည်လည်လာရောက်ကာ ဖတ်ရှုသွားပါသည်။