ကျွန်တော်နှင့် ဘားအံခရီးစဉ်

မြန်မာ့ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေး လုပ်မယ်လို့ ကြံစည်ပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ ပူးပေါင်း တည်ထောင် ထားကြတဲ့ MIDO အဖွဲ့ရဲ့ ပထမဆုံး နယ်ခရီးစဉ် အဖြစ် ဘားအံကို မတ်လ ၂၂ရက်နေ့က သွားဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်လဲ ဒုလ္လဘ ဝတ်ပြီး ပြန်ထွက်လာချင်းချင်း သွားရတဲ့ ခရီးလဲ ဖြစ်ပါတယ်။

ဒီခရီးစဉ်က ကိုနေဘုန်းလတ် ရဲ့ အသိမိတ်ဆွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဘားအံ)မှ ဖိတ်ကြား တာဖြစ်ပါတယ်။ ပြီးတော့ ဘားအံဆိုတာလဲ ကိုနေဘုန်းလတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နယ်မြေမဟုတ်လား။ သင်တန်းကို သုံးရက်တာ ရက်တို သင်တန်း အဖြစ် သင်ကြား ပေးနိုင်ခဲ့ပါတယ်။

MIDO

Going to Training Place

သင်တန်းအတွက် အခန်းကိုတော့ ဘားအံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမှာ စီစဉ်ပေးပါတယ်။ ဘားအံမြို့က ဒေသခံတွေက လိုလေသေး မရှိအောင် တည်းခိုဖို့နေရာ၊ စာသင်ဖို့နဲ့ စားဖို့သောက်ဖို့ စတာတွေကို စီစဉ်ပေးပြီး ဧည့်ဝတ်ကျေပွန်လွန်းတာကြောင့် ပြန်တောင် အားနာရပါတယ်။ သင်တန်းကို ပညာလိုချင်လို့ လာရောက်သင်ကြားကြတဲ့ သင်တန်းသားတွေကလဲ ကရင်ပြည်နယ်တဝိုက်က နယ်ပေါင်းစုံက လာကြပါတယ်။ သင်တန်းသားအရေအတွက် ၄၀လောက် တက်ရောက်ခဲ့ပါတယ်။

Breakfast

Breakfast

Nay Phone Latt introduced about Internet & Social Media

Attendees

40s Attendees participated

သင်တန်းအတွက် ပရိုဂျက်တာကိုလဲ စီစဉ်ပေးထားလို့ ရန်ကုန်ကနေ သယ်လာစရာမလိုတဲ့အတွက် တော်တော်လေး အဆင်ပြေသွားတယ်။ သင်တန်း မသင်ခင် သူတို့ကို ကွန်ပြူတာနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိလား၊ ကွန်ပြူတာ သုံးတတ်လား၊ သုံးတတ်ရင် ဘာတွေသုံးဖြစ်တာလဲ။ မသုံးတတ်ဘူး ဆိုရင် ဘာလို့ မသုံးဖြစ်သေးတာလဲ။ ကွန်ပြူတာ မသင်ဖြစ်တဲ့ အကြောင်းအရင်းက ဘာလဲ။ စသည်ဖြင့် မေးခွန်းလေးတွေကို လေး ငါးယောက် တစ်ဖွဲ့ခွဲပြီး Flip Chart စာရွက်တွေပေါ်မှာ ချရေးခိုင်းခဲ့တယ်။ သူတို့ပြန်ဖြေထားတဲ့ အဖြေ တွေက တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ချို့က ကွန်ပြူတာ သင်တန်းတက်ဖူးတယ်၊ ဒါပေမယ့် ကွန်ပြူတာ မဝယ်နိုင်လို့ ပြန်မလေ့ကျင့် ဖြစ်ဘူး၊ ရွာဘက်မှာ မီးမရှိဘူး ဆိုတဲ့ အဖြေတွေလဲ တွေ့ရတယ်။ ကွန်ပြူတာ သုံးတတ်ပေမယ့် အင်တာနက် မသုံးဖြစ်တဲ့ သူတွေကိုလဲ တွေ့ရတယ်။ ကွန်ပြူတာ လုံးဝ မသုံးတတ်တဲ့ သူတွေလဲ ပါတယ်။

Assessment

Assessment collecting

Nay Phone Latt & Attendees

ပထမနေ့မှာတော့ မိတ်ဆက်နဲ့ အိုင်စီတီနဲ့ ပတ်သက်ပြီး ဗဟုသုတတွေကို ကိုနေဘုန်းလတ်က ရှင်းပြပေးခဲ့ပါတယ်။ ကွန်ပြူတာမိတ်ဆက် ၊ Hardware Device တွေတစ်ခု ချင်းစီကို သူက ရှင်းပြ ကျွန်တော်က ဘေးကနေ သရုပ်ပြပေးခဲ့တယ်။ လူမှုကွန်ယက် Facebook အကြောင်း ၊ New Media အကြောင်း စသည်ဖြင့် အထွေထွေ ဗဟုသုတလေးတွေ ပြောပြဖြစ်ခဲ့တယ်။ ညနေပိုင်းမှာတော့ အဖွဲ့လိုက် အုပ်စုဖွဲ့လိုက်ပြီး မနက်က သင်သွားတဲ့ အကြောင်း အရာလေးတွေကို Quiz Game လေး ကစားဖြစ်တယ်။ နဖူးမှာ ကွန်ပြူတာ၊ အင်တာနက် နဲ့ သက်ဆိုင်တဲ့ စကားလုံးကို ကပ်ပေးတယ် Guess What လုပ်ရတာပေါ့။ အဲ့ဒါကို သူ့အဖွဲ့က လူတွေက ဘာဆိုတာ သိအောင် လှည့်ပတ်ပြီး ပြောရတယ်။ ရယ်နေရတယ် တစ်ချို့ကလဲ နိုင်ချင်ဇောနဲ့ လူလည်ကျကြသေးတယ်။ ဥပမာ mouse ဆိုတဲ့ စကားလုံး ကပ်ပေးလိုက်တာကို ကွန်ပြူတာအကြောင်းနဲ့ ဆက်စပ်ပြီး မပြောပြပဲ ဘာပြောလဲဆိုတော့ ဟေ့ကောင် အမှိုက်ပုံထဲမှာ တွေ့ရတဲ့ အကောင်လေကွာ တဲ့.. ။ ကဲပြီးပါလေရော။

Attendees

Doing practice

ပထမနေ့ကတော့ ကျွန်တော်တို့ မိတ်ဆက်လောက်ပဲ ပြသပေးနိုင်ခဲ့တယ်။ ညနေပိုင်းတော့ ကျွန်တော်တို့ကို စားသောက်ဆိုင်မှာ ညစာကျွေးပါတယ်။ ညဘက်အဲ့ဒိကနေ ပြန်တော့ ဗီဒီယိုဖိုင် ဆိုက်ကြီးကြီး တစ်ခုကို အွန်လိုင်းပေါ်တင်ဖို့ ကျွန်တော်နဲ့ အောင်ဇော်မိုးတို့ ကြိုးစားလိုက်ကြတာ ၁၂နာရီကျော်တဲ့အထိ တင်လို့အဆင်မပြေဘူး။ ကျွန်တော်တို့ကို ပြန်ပို့ဖို့ စောင့်နေကြတဲ့ ဒေသခံလူငယ်လေးတွေလဲ အတော်ကို ငိုက်မြည်းနေကြတာ တွေ့တော့ အားနာတာနဲ့ ပြန်လွှတ်လိုက်တယ်။ အဲ့ဒါနဲ့ ကျန်တဲ့သူတွေပြန်သွားကြပြီး ကျွန်တော်တို့ ၂ယောက်သာ ဘားအံ NLD ရုံးမှာ ကျန်နေခဲ့တော့တယ်။ နောက်ဆုံးတော့ မနက် ၂နာရီနီးပါးလောက်မှ ဗီဒီယိုကို အွန်လိုင်းပေါ် တင်နိုင်ခဲ့တော့တယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့ ၂ယောက်လဲ ပြန်လို့ မရတော့တာမို့ ရုံးရဲ့ဘေးဘက်အခန်းက ကွပ်ပျစ်လေး ပေါ်မှာ အိပ်ဖို့ လုပ်ရတော့တယ်။ ခြင်တွေ ဝီခေါ် နေတဲ့ ကွပ်ပျစ်မှာ ၂ယောက်သား အိပ်ကြတော့ ရုံးမှာ စောင့်တဲ့ ဦးလေးက ကျွန်တော်တို့ကို ခေါင်းအုံးဖို့ဆိုပြီး NLD ခွပ်ဒေါင်းအလံတွေ တစ်ထပ်ကြီး လာပေးသွားတယ်။ ဒီအလံတွေကို ခေါင်းအုံးရုံတင်မက ခြုံပြီးသာ အိပ်ရင် မနက်ကျရင် ၂ယောက်သား ဆန့်ဆန့်ကြီး အလံခြုံလျက်သား တွေ့လို့ကတော့ သင်သွားလိုရာ သွားနိုင်ပြီလို့ လာရွတ်ဖတ်ကြ လိမ့်မယ်လို့ အောင်ဇော်မိုးနဲ့ ပြောရင်း ရယ်ဖြစ်ကြသေးတယ်။ အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ ၂ယောက်မှာ မှတ်မှတ်ရရ ခွပ်ဒေါင်းအလံတွေ ခေါင်းခုပြီး အိပ်စက်ခြင်းသို့ ရောက်ရှိသွားကြတော့တယ်။ ခရီးကလဲ ပန်းလာတာမို့ အိပ်လိုက်တာ မနက်ပိုင်း စာသင်မယ့် ကလေးတွေ ရောက်လာကြတဲ့အထိပါပဲ။

Aung Zaw Moe

Aung Zaw Moe recorded our activities

စာသင်မယ့်သူတွေ ရောက်လာတော့မှ ကျွန်တော်တို့ ၂ယောက်ပြူးပြူး ပြာပြာ ထကြပြီး တည်းတဲ့ အိမ်ကို ခဏပြန် ရေမိုးချိုး ရတော့တယ်။ ဒုတိယနေ့မှာတော့ အင်တာနက် ၊ အီးမေးလ် အခြေခံ သင်ပေးတယ်။ တစ်ခုပဲ ဂျီမေးလ် အကောင့်ဖွင့်တဲ့အခါ IP တစ်ခုတည်းကနေ အကောင့်အများကြီး ဖွင့်တော့ Google က text message or phone call တစ်ခု ရွေးခိုင်းတယ်။ Text message ကိုတော့ ပြည်တွင်းကနေ မရတော့ အွန်လိုင်းမှာ ရှိတဲ့ နိုင်ငံခြားက သူငယ်ချင်းတွေကို အကူညီ တောင်းရတော့ တာပါပဲ။ နောက် ကျွန်တော်တို့ သင်တန်းက ဖုန်းတွေနဲ့လဲ activate လုပ်တယ်။ Google က Automatic phone ခေါ်တယ်။ လိုင်းက မကောင်းတော့ ဘာပြော သွားမှန်း တစ်ချို့ဟာ မကြားလိုက် နောက်ဖုန်းတစ်လုံးနဲ့ ထပ်လုပ်၊ ဖုန်းသံတွေ ပလူပျံနေ တော့တာပါပဲ။ တော်တော် အလုပ်ရှုပ်တဲ့ ဂျီမေးလ်ပဲ။ နောက်ဆို Registration ပိုလွယ်တဲ့ Yahoo မေးလ် နဲ့ သင်ရင် ကောင်းမယ်လို့ တိုင်ပင် မိကြတယ်။ မနက်ပိုင်း အတန်းနဲ့ နေ့လည်ပိုင်း အတန်းကို ကိုနေဘုန်းလတ် နဲ့ မထိုက် တို့ တစ်လှည့်စီ သင်တယ်။ ကျွန်တော်ကတော့ အကူ လိုက်လုပ်ပေးတာပေါ့။ ဒုတိယနေ့ ညနေတော့ ကိုနေဘုန်းလတ်နဲ့ အတူ ဘားအံ အကျဉ်းထောင်ကို ရောက်ခဲ့တယ်။ သူက ထောင်ထဲမှာ ကျန်ခဲ့တဲ့ သူ့မိတ်ဆွေ အတွက် ပစ္စည်း သွားပို့ပေးတာ။ ထောင်အရာရှိနဲ့ ဝန်ထမ်းတွေက ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပါတယ်။ ထောင်ဘက်က ပြန်လာတော့ ကျွန်တော်တို့ကို စက်မှုဇုံတွေဘက် လိုက်ပို့ပေးပါတယ်။

From the left- Aung Zaw Moe, Me, Ko Nay Phone Latt & Ma Htaike

ဒီနေ့ညတော့ ဟန်ကျပန်ကျ တည်းတဲ့အိမ်မှာ အိပ်လို့ရပါပြီ။ ကျွန်တော်တို့ တည်းတဲ့အိမ်က တစ်ထပ်တိုက်အလွတ်လေး တစ်လုံးပါ။ ကျွန်တော်တို့အဖွဲ့ရယ် နောက် နယ်ကလာတဲ့ စာသင်သားတွေရယ် စုပေါင်းပြီး နေကြတာပေါ့။ အိပ်လို့ကောင်းမကောင်းတော့ မသိဘူး။ အတူအိပ်တဲ့ နယ်က လာတဲ့ ညီငယ်လေးတွေ နောက်ဖေးခန်း ပြောင်းအိပ်ရတဲ့အထိပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အဖွဲ့တွေ အိပ်ရင်း အပြိုင်အဆိုင် ဟောက်နေကြလို့တဲ့..

Me & Phar Si, front of Thanlwin River

Me and Thanlwin River

နောက်ဆုံးရက်မှာ ကျွန်တော်တို့ မနက်စောစော ထပြီး သံလွင်မြစ်ကမ်း နဖူးဘေးမှာ ဓာတ်ပုံတွေ ဘာတွေရိုက်ကြသေးတယ်။ ပြီးတော့ ကျွန်တော်တို့ကို ဘုရားလိုက်ပို့တယ်။ ဘားအံ ဒေသမှာ စီးတဲ့ကားတွေက ဟိုဘက်နိုင်ငံက လာပုံရပြီး စျေးနှုန်းတွေကလဲ သိန်း ၃၀ လောက်အပြင် မပိုပါဘူး။ ကားအသစ်လဲ စီးရ၊ လူတိုင်းတတ်နိုင်တဲ့ စျေးနှုန်းမို့လို့ စီးကြတယ် ထင်ပါတယ်။ တကယ်တော့ အမှန်က ဒါတွေကို အစိုးရကသာ အခွန်လျော့ပေါ့ စဉ်းစားပေးမယ်ဆိုရင် တကယ်စျေးနှုန်းအမှန်နဲ့သာ ဆိုရင် ဝယ်စီးနိုင်ကြမယ် ထင်ပါတယ်။ ပြီးတော့ ဘားအံဒေသမှာ ရှိတဲ့ကားတွေတော်တော် များများမှာ မှန်အမဲတွေ တပ်ထားလေတော့ ရန်ကုန်မှာက အဲ့လို မှန်အမဲတပ်ထားရင် လူကြီးကားဆိုပြီး ခွဲခြား သတ်မှတ်ထားလေတော့ မြင်မြင်သမျှကားတွေကို ကြည့်ရတာ တောသားမြို့ရောက် ကျီးကန်းတောင်းမှောက် ဖြစ်နေရလေ၏။

They gave gifts

နောက်ဆုံးနေ့မှာတော့ ကျွန်တော်တို့ ခပ်သွက်သွက်လေး သင်ပေးရသည်။ သင်ပေးချင်တာတွေများပြီး အချိန် မလောက်မင ဖြစ်နေရလို့ အားမရဘူး ဖြစ်နေတယ်။ ဒါပေမယ့် Facebook , Blogging တွေအထိတော့ သင်ပေးနိုင်ခဲ့ပါတယ်။ နေ့လည်ပိုင်း တစ်ချိန်ပြီးတော့ သင်တန်းဆင်း လက်မှတ်တွေ ပေးတယ်။ ညနေပိုင်း သင်မယ့်သူတွေ လာတဲ့အထိ စောင့်ပြီး ဇွဲကပင်တောင်ကို နောက်ခံပြုပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။

Giving Certificate

NPL gave certificate to attendee

Ma Htaike gave certificate to attendee

Group Photo

ညနေပိုင်း စာသင်ပြီးတာနဲ့ တည်းတဲ့နေရာကို အမြန်ပြန်၊ အထုပ်ပိုးတွေ သေချာ ထုပ်ပိုးပြီး အဝေးပြေး ကားရပ်မယ့် နေရာနားမှာ ညစာ စားကြတယ်။ ကမန်းကတန်းနဲ့မို့ ပူပူအိုက်အိုက် ချွေးတလုံးလုံး ဖြစ်နေတဲ့အပြင် စားတဲ့ညစာကလဲ ယိုးဒယားစာ ပူပူစပ်စပ်တွေဆိုတော့ ချွေးတွေ ရေချိုးထားသလို ဖြစ်နေတော့တာပါပဲ။ အမှတ်တရ ဓာတ်ပုံရိုက်ဖို့ ဝတ်ထားကြတဲ့ ကရင်အမျိုးသား ဝတ်စုံတွေလဲ ကိုယ်ပေါ်မှာ မကပ်နိုင်တော့ပါဘူး။ လူတိုင်းက ရှူးရှဲ ဖြစ်နေပြီး စာသင်ထားရတော့ ဗိုက်ဆာနေတာနဲ့ ချွေးသံတရွှဲရွှဲ နဲ့ စားပြီးမှ စကားပြောနိုင်ကြတော့တယ်။ နောက်တစ်ခါ အဆင်ပြေတဲ့အခါ ပြန်လာခဲ့ကြဖို့လဲ ဒေသခံတွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဘားအံ) က လူကြီးတွေကလဲ ဖိတ်ပါတယ်။ ကျွန်တော်တို့ MIDO အဖွဲ့အနေနဲ့လဲ ယခု ခရီးစဉ်က ပထမဆုံး နယ်ခရီးစဉ်လဲဖြစ်၊ အမြန် စီစဉ်လိုက်ရတဲ့ ခရီးစဉ်မို့လို အချိန်သိပ်မပေးနိုင်ဘူး ဖြစ်သွားတာပါလို့ ရှင်းပြခဲ့တယ်။ ဘားအံဒေသကိုလဲ အေးဆေးမှ ပြန်လာပြီး ငါးရက် တစ်ပတ်လောက် စာသင်ပေးဖို့ ထပ် သွား ချင်ပါသေးတယ်။ စာသင်ပေးတဲ့အခါ စာသင်ပေးရတဲ့ သူတွေရဲ့ ထုံးစံအတိုင်း ကိုယ်သင်ပေးသလောက် သင်ယူတဲ့သူက အပြည့်ဝ ရလိုက်တာမျိုးကို ပိုလိုချင်တဲ့ လောဘလေးတော့ ရှိကြတယ်။

MIDOs (in front of NLD (Hpa An) Office

Ko Nay Phone Latt with laptops

Me

Twilight of Thanlwin River

ဒီခရီးစဉ်မှာ အမှတ်တရတွေအများကြီး ရှိတဲ့အထဲက အပြန်ခရီးစဉ်ကတော့ ကျွန်တော်တို့အတွက် တော်တော်ကို အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ စီးလာခဲ့တဲ့ ကားတစ်စီးလုံး ကုန်ပစ္စည်းတွေနဲ့ ကတ္ထူဖာတွေ အပြည့်ပါတာမို့ ခြေထောက်တောင် ချစရာမရှိပါဘူး။ ပြီးတော့ ခေါင်းပေါ်က ပစ္စည်းတင်တဲ့နေရာတွေမှာလဲ ကွေကာအုတ် အထုပ်တွေလား ဘာတွေလား မသိဘူး ဘာပစ္စည်းမှ တင်ထားလို့ မရအောင် အပြည့်အသိပ် ထည့်လာကြတယ်။ (ကျွန်တော်တို့နဲ့ ပါလာတဲ့ အထုပ်တွေရယ်၊ ဘားအံကနေ လက်ဆောင်ထည့်ပေးလိုက်ကြတဲ့ လက်ဆောင်ထုပ်တွေရယ်ကို ကားရဲ့ ဟိုးနောက်ဖက်ဆုံးမှာ သွားထားကြရတယ်။ တစ်ချို့အထုပ်တွေကိုတော့ ခြေထောက်နားမှာတင် ထားထားရတယ်။ ) အဲ့ဒိတော့ ခန္ဓာကိုယ် သေးကွေးရှာကြတဲ့ ကျွန်တော်တို့မှာ တစ်လမ်းလုံး နိုးတဝက် အိပ်တဝက် နဲ့ ရန်ကုန်ကို ညသန်းခေါင်ယံ ၂နာရီလောက်ကြီး ရောက်ပြီး သူတို့ကားက ချက်ချင်း ပြန်ထွက်မှာမို့ ကတိုက်ကရိုက် အိပ်ချင်မူးတူး ဆင်းခဲ့ရတာကလဲ ဒီခရီးစဉ်အတွက် အမှတ်ရစရာ တွေထဲက တစ်ခုပဲ ဖြစ်ပါတော့တယ်။

မှတ်ချက် ။ ။ ကျွန်တော်တို့ ခရီးစဉ်ကို ညီငယ် ဒါရိုက်တာ အောင်ဇော်မိုးက မှတ်တမ်းတင် ရိုက်ကူးပေးထားပါတယ်။ ကွန်နက်ရှင် ကောင်းလို့ရှိရင် တင်ပေးပါ့မယ်။ :)

5 thoughts on “ကျွန်တော်နှင့် ဘားအံခရီးစဉ်

  1. တော်တော်ကို ခန္ဒာကိုယ် သေးကွေးရှာတဲ့ ပုဂ္ဂိုလ် ပေတကား XD

  2. I am so excited when i am reading this post… I wish I could join with you guys… Can I join if i happen to come back to Myanmar to visit? I would like to go to those place and teach what we know with friends…. I think it could be a good chance to explore for me as well as I can spend time traveling with Friends…

  3. Sure you can join my friend. We need many volunteers and helps. When you come to YGN, join us. Here is my phone no 0973038390

  4. So nice to see your photos! The best one was…”The Food” :D

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>