ဆိုးဆိုးဝါးဝါးပူသော နေရောင်ကြောင့် ကားဂိတ်ထဲတွင် အရိပ်ခိုနေပေမယ့် သိပ်တော့ထူးခြား မသွားပေ။ ဖြစ်ချင်တော့ ဒီနေ့မှ ရှပ်အကျီအကျီအမဲရောင် ဝတ်လာမိတယ်။ လှချင်လို့ ဝတ်တာတော့ မဟုတ်ဘူး အိမ်မှာ ဝတ်စရာ ဒါပဲကျန်တော့တယ်။ လျှော်ရမယ့် အဝတ်တွေ ရေချိုးခန်းထဲမှာ အပုံလိုက်။ တစ်ပတ်လုံး ဘာတွေ ရှုပ်လို့ ရှုပ်နေမှန်း မသိတဲ့ အလုပ်တွေနဲ့ မအားဘူးဖြစ်နေတာ။ ညက အိပ်ယာဝင်တာ အတော်လေး နောက်ကျသွားတယ်။ မနက် ငါးနာရီလောက်မှ အိပ်ဖြစ်တယ်။ မနက် ၁၁နာရီလောက် အိပ်ကောင်းတုန်း ဖုန်းဝင်လာတယ်။ အိမ်က ဖုန်း။ ဘဏ်ကို ငွေလွှဲလိုက်ပြီ ဆိုတဲ့အကြောင်း။ ခါတိုင်း ဆုံးမ စကားတွေ လာပြောနေရင် ပြောနေရင်း ဖုန်းကို ခပ်လှမ်းလှမ်းမှာ ခွာထားလိုက်ပြီး ဟလို ဟလို ကြားရလား.. မကြားရတော့ဘူး ဟလို … ဟု သုံးလေးခါ အော်ပြီး ရူးချင်ယောင်ဆောင်ကာ ဖုန်းချနေကျ။ ဒီနေ့တော့ ခါတိုင်းလို မဟုတ်ပဲ ငွေလွှဲလိုက်ပြီဆိုတဲ့ ဖုန်းဖြစ်နေတော့ အိပ်ချင်နေတဲ့ မျက်လုံးတွေ ဘာတွေကျယ်သွားပြီး တစ်လ တစ်ခါလောက် ပြောနေကျ လေသံချိုလေးနဲ့ လိမ်လိမ်မာမာ ပြန်ဖြေလိုက်တယ်။ ပြောရတာ မောသွားတယ် ထင်ပါရဲ့ ဒီနေ့ အဖေ အထွေထူး သိပ်မှာတမ်း မချွေတော့ဘူး။
၁၂နာရီ ၁၅ မိနစ်လောက်ရှိနေပြီ။ သွားမယ့် ဘတ်စ်ကားက မလာသေးဘူး။ တစ်စီးနဲ့တစ်စီးကို တမေ့တမော စောင့်နေရတာ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။ အမှန်တော့ ခုနက နှစ်စီးပြိုင်တောင် လာသွားတာ။ ဒါပေမယ့် အခု စောင့်နေတဲ့ ကားဂိတ်က ဘယ်သူမှ မစီးလိုက်ရဘူး။ တစ်စီးမှ မှတ်တိုင်မှာ မရပ်ဘဲ နင်းကန် မောင်းပြီး ကားဖိုက်နေကြတာလေ။ တစ်မှတ်တိုင် နှစ်မှတ်တိုင်လောက် ကွာသွားတာနဲ့ ဘာမှ ပိုထူးသွားတာ မဟုတ်ဘူး။ ဘယ်လောက်မှလဲ ပိုရတာလဲ မဟုတ်ဘူး။ မတော်တဆဖြစ်ကုန်မှ ကားသမားကော ၊ ခရီးသည်ပါ မာလကီးယားကြွကုန်မှာ။ ကိုယ့်အသက်ကို မနှမြောကြဘူး။ ဒါမျိုးတွေ ခဏခဏ ဖြစ်နေကျ။ အရင်တုန်းက ဒိုင်နာ ၊ အခုတော့ ဒိုင်နာတွေ မြို့ထဲ ပေးမဝင်တော့ ဘီအမ်ကားတွေ နင်းကန် ပြိုင်မောင်းနေကြတာ။ ဖြစ်ပြီဆို ဘယ်တော့မှ တာဝန်ယူစိတ်မရှိဘူး။ မောင်းတုန်းက စည်းမဲ့ ကမ်းမဲ့ မောင်းပြီး တိုက်ပြီဆို ထွက်ပြေးပြီ။ ပြီးရင် အဲ့လိုကားမျိုးတွေ စီးမိရင် ကားစီးရင်း ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ် စီးရမလား အောက်မေ့တယ်။ စပယ်ယာနဲ့ ဒရိုင်ဘာ ပေါင်းပြီး တစ်ဘက်က ပြိုင်တဲ့ကားကို ဒေါသတွေ ပွားနေတာ ၊ ဆဲဟယ် ဆိုဟယ် နဲ့ သူတို့ကို ကြည့်ပြီး ဘေးလူတွေတောင် ရင်မောလာတယ်။
ဒါတွေက မကြုံချင်ချင် ကြံုချင်ချင် နေ့စဉ်ဘဝမှာ ကြံုနေရတာပဲ။ တက္ကစီဆိုတာ အမြဲစီးနိုင်တာ မဟုတ်ဘူး။ တစ်ရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်းနဲ့အတူ တက္ကစီကားခတွေလဲ တက်၊ ဆီကားတက်ရုံတင်မဟုတ်ဘူး။ ဂတ်စ်ကားပါ လိုက်တက်။ အရမ်းကြီး အလျင်လိုမှ တက္ကစီစီးတယ်။ တက္ကစီတစ်ခါစီးမိရင် သုံးရက်လောက် ညနေစာ ဥပုသ်စောင့်ရင်စောင့် ၊ မစောင့်နိုင်ရင် သူငယ်ချင်း တစ်ယောက်ယောက်ကို ဒကာခံခိုင်း ရတယ်။ ကိုယ်က ရန်ကုန်သားမဟုတ်တော့ ပိုဆိုးတယ်။ ဆွေမျိုးတွေတော့ ရှိပါရဲ့။ ဒါပေမယ့် သူတို့ဟာသူတို့တောင် ရုန်းကန်နေရတာ။ ရန်ကုန်လို နေရာမျိုးမှာ အလုပ်ကိုင် အခွင့်အလမ်းရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ သင်တန်း အကောင်းစားတွေကတော့ မှိုလိုပေါက်ရှိပါရဲ့။ အဲ့ဒိသင်တန်းတွေ ပြီးရင်ကော အလုပ်အာမခံချက် ရနိုင်မလားဆိုတော့ မသေချာတာ များတယ်။ နယ်က လူတွေပဲ အလုပ်ရှားနေတာလား ဆိုတော့ မဟုတ်ဘူး။ ရန်ကုန် နယ်ခံတွေကိုယ်တိုင်ကိုက အလုပ်ရှားနေတာ။ ကိုယ့်သူငယ်ချင်းတွေထဲမှာတောင် အလုပ်လက်မဲ့တွေ အများကြီး။ အများစုကတော့ ကွန်ပြူတာ သမားတွေပဲ။ နယ်မှာ ကွန်ပြူတာ သင်တန်းလေး တက်ပြီး အိုင်တီပိုးဝင်ပြီးကတည်းက ရန်ကုန်ကို သင်တန်းတွေ တက်ဖို့ ရောက်လာခဲ့တာ။ အိပ်မက်တွေက အကြီးကြီး။ တကယ်တမ်း တတ်ကျွမ်းလာတော့ အသိသူငယ်ချင်းတွေနဲ့ ပေါင်းပြီး ဟိုဟာလုပ် ဒီဟာလုပ် outsource လေး ဘာလေး ရတဲ့အခါလုပ်ပေါ့။ အဲ နယ်က လူတွေကို ပြောရင် outsource လုပ်တယ် ပေါ့။ သူတို့ နားမလည်တဲ့ ဟာနဲ့ ပြောရတာ။ အမှန်တော့ လူပြိန်းလိုပြောရင်တော့ ကြံုရာကျပန်း လုပ်ရတာပေါ့။ အခုတော့ ရန်ကုန်မှာ အလုပ်လက်မဲ့ အစား အစားထိုးစရာ စကားလုံး လှလှလေး သူငယ်ချင်းတွေဆီကနေ မွေးစားယူထားလိုက်တာ တစ်နှစ်လောက်ရှိပြီ။ ဘာတဲ့ Freelancer ဆိုတာလေ။ အလွတ်တမ်းပေါ့။ သူများတွေတော့ မသိဘူး ကိုယ်တွေ Freelancer ဆိုတာက အလုပ်လက်မဲ့ နီးပါးပါပဲ။ ငတ်တလှည့် ပြတ်တလှည့်ရယ်။ ပြည်တွင်း အိုင်တီပွဲတွေလဲ မကြာခဏ သွားတက်ရတာလဲ အမောပါပဲ။ လူရာဝင်ချင်တာကိုး။ အဲ့ဒိပွဲတွေမှာ ကွန်ပြူတာ အဖွဲ့အစည်းတွေက လူကြီးမင်းတွေကတော့ အိုင်တီလောက ဖွံ့ဖြိုးဖို့အတွက်၊ လူငယ်တွေ ဖွံ့ဖြိုးဖို့အတွက် ဆိုတဲ့ စကားလုံးတွေတော့ လှိုင်လှိုင်သုံးတာ မကြာခဏ ကြားဖူးသဗျ။ ဖွံ့ဖြိုး မဖြိုးတော့ မသိဘူး။ အသိ သူငယ်ချင်း လူငယ်တွေ တော်တော်များများကတော့ အလုပ်လက်မဲ့. အဲလေ. Freelancer တွေချည်းပဲ။ သူတို့က ပြောပါတယ်။ ပြည်တွင်း ကုမ္ပဏီက ပေးတဲ့ အခြေခံလစာက လေး ငါးသောင်း နဲ့ ဘယ်လိုမှ မကိုက်ဘူးတဲ့။ လွန်ရော ကျွံရော ရ ကိုးသောင်း နဲ့ တစ်သိန်း အများဆုံးပဲတဲ့။ အင်း တစ်သိန်းဆိုရင် ရက် ၃၀ နဲ့ အကြမ်းဖျဉ်း တွက်တော့ တစ်ရက်ကို ၃၃၀၀ လောက် ပဲသုံးရမယ်။ မနက်စာ စား လက်ဖက်ရည်သောက်တာ တစ်ထောင်၊ နေ့လည်စာ၊ လက်ဖက်ရည် နဲ့သွားရည်စာ စားတာက တစ်ထောင့်ငါးရာလောက်၊ ဘတ်စ်ကားက မနက်/ည တစ်ထောင့်နှစ်ရာ ဆိုတော့ ဟိုက် .. ဘတ်ဂျတ်တောင် ကျော်သွားပြီ။ လခ နှစ်ပဲခြောက်ပြားနဲ့တော့ သူများ အပြောအဆိုခံပြီး လုပ်မနေချင်တော့ဘူးတဲ့။ သူတို့ပြောတာလဲ ဟုတ်နေတာပါပဲလေ။ အော် သတင်းစာ ဂျာနယ်တွေမှာ မကြာခဏ ဖတ်နေရပါရဲ့။ နိုင်ငံတော် သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီစဉ်တဲ့ အောက်ခြေလူတန်းစားတွေကို ငွေချေးတယ်တဲ့။ အော် ကျွန်တော်တို့လို အိုင်တီပညာလေး မတတ်တခေါက် တတ်ပြီး ဟိုမရောက် ဒီမရောက် ဇော်ကန့်လန့်ဖြစ်နေတဲ့ အလုပ်လက်မဲ့ လူငယ်တွေအတွက်ကော ငွေချေးပေးဖို့ အစီစဉ်မရှိဘူးလားဟင်။ ကျွန်တော်တို့ကိုသာ ချေးပေးရင် သိပ်ကောင်းမှာ အဲ့လိုသာ ချေးပေးရင် သူငယ်ချင်းတွေ စုပြီးတော့ လုပ်ငန်းသေးလေး တစ်ခု ထောင်လို့ရတယ်။ အိုင်တီလုပ်ငန်း အထူးသဖြင့် ဆော့ဖ်ဝဲကုမ္ပဏီလိုမျိုးလေးတွေ ထောင်ဖို့ ဆိုတာ သိပ်ခက်ခဲတဲ့ အရာမဟုတ်ဘူး။ ကွန်ပြူတာလေး သုံးလေးလုံးနဲ့ အခန်းတစ်ခန်း ရှိရင် လုပ်လို့ရတယ်။ အခုလို နေရာ အတည်တကျမရှိ နီးစပ်ရာလူဆီက ပရောဂျက်လေးတွေ ယူလုပ်နေရတာထက် စာရင် နေရာလေးနဲ့ ဘာနဲ့ ရှိတော့ အလုပ်အပ်ချင်တဲ့သူတွေ အမြင်မှာလဲ ကောင်းတာပေါ့။ အမေရိကန် ဆီလီကွန် တောင်ကြားမှာ အောင်မြင်နေတဲ့ အိုင်တီသန်းကြွယ် သူဌေးတွေဆို ဂိုဒေါင်လို အခန်းငယ်လေးတွေက စခဲ့ကြတာလို့ ပြောတယ်။ သူတို့ဆီမှာ လူငယ်တွေ အိပ်မက်ကြီးကြီး မက်ခွင့်ရှိတယ်။ အိုင်ဒီယာကောင်းရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေ အများကြီး။ ကျွန်တော်တို့ဆီမှာကော အင်း.. အိုင်တီ ကုမ္ပဏီကြီးတွေတောင် ရှိတဲ့စျေးကွက်ကို ကြက်မကြီး ဥဝပ်သလို အုပ်ပြီး ကိုယ့်ဝေစုနဲ့ ကိုယ် ကြိတ်လုပ်နေကြတာ ကိုယ်တွေလို ပိစိကွေးကောင်တွေအတွက် ဝေလာဝေး..။ အသိသူငယ်ချင်း တစ်ယောက်ဆို မိုဘိုင်းနဲ့ ပတ်သက်ပြီး ဝါသနာပါလို့ application တွေ လျှောက်ရေးပြီး အွန်လိုင်းပေါ်အခမဲ့ တင်ပေးတယ်။ သူက အလကားပေးတာ၊ ဖုန်းဆိုင်တွေရောက်တော့ အဲ့ဒိ ဟာတွေကို အခကြေးငွေယူပြီး သွင်းပေးနေတာ။ ဘယ်မှာလဲ အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်တွေ၊ ဒါတွေကိုသာ အိုင်တီလောက က လူကြီးတွေ ဝိုင်းဝန်းတင်ပြပြီး လွှတ်တော်မှာ အကာကွယ်ပေးရေး ဥပေဒေတွေ ပေါ်ထွက်လာဖို့ လုပ်ရမှာ။ အို… သူတို့တောင် နေနေနိုင်တာပဲ ဒါငါ့အလုပ်မဟုတ်ပါဘူးလေ။
‘ရောက်တယ်.. ရောက်တယ်’
ဘယ်ရောက်မှန်း မသိ စပယ်ယာက စွတ်ခေါ်နေတာပဲ။ ဒါမယ့် ဒီကားဘယ်ရောက်တယ်ဆိုတာ သိပြီးသားမို့ အပြေးအလွှားတက်လိုက်တယ်။ အားပါးပါး တိုးပေအုံးတော့ နေ့ခင်းအချိန်ကြီးတောင် ကျပ်ညှပ်နေပါလား။ အထူးကားတော့ အထူးကားပါပဲ။ ဒါပေမယ့် အထူးကားစီးရင် အထူးအားစိုက်စီးရတယ်။ ထိုင်ခုံတွေက နေရာတွေ ပိုယူထား။ အလယ်လျှောက်လမ်းက တစ်ယောက်စာကို သုံးတန်းလောက် ဖိညှပ်ပြီး ထည့်ထားတော့ လှုပ်လို့တောင် မရဘူး။ ဆင်းမယ့် မှတ်တိုင်ရောက်မှပဲ လှုပ်လို့ရပြီ လှုပ်လို့ရပြီဆိုတဲ့ သီချင်းဆိုပြီး ကရမလိုဖြစ်နေပြီ။ မှတ်တိုင် မရောက်မချင်းတော့ ဝဋ်ခံပေအုံးတော့။ ဟိုဘက်တိုးပါလား ဒီဘက်တိုးပါလား၊ အဲ့ဒိနားရပ်မနေနဲ့ ရှေ့နည်းနည်းလေး တိုး၊ ဟိုအကျင်္ီအစင်းကြားနဲ့အကို ၊ ဟို အကျင်္ီအနီနဲ့အမ ၊ ဟိုရှေ့က ဦးလေး၊ ဟို ဝဝနဲ့အစ်ကို (ဟိုက် ပါစင်နယ်တွေပါ ပါကုန်ပြီ)၊ ရှေ့နည်းနည်း တိုးပေးကြဗျာ ခင်ဗျားတို့ကလဲ ဟိုးအရှေ့မှာ အချောင်ကြီးရှိသေးတယ်။ ကြပ်တာ နည်းနည်းတော့ သည်းညည်းခံပေါ့ နေ့တိုင်းလဲ စီးနေကျပဲဟာ။ ကားကျပ်ရတဲ့အထဲ စပယ်ယာ အဟောက်ပါ ခံနေရပါလားနော်။ အော် ဘဝက တစ်သက်လုံး ဒီအကျပ်အတည်းတွေကနေ ဘယ်တော့များမှ လွတ်ပါ့မလဲ။ စားရေး ကျပ်၊ နေရေးကျပ်နဲ့။ ရုံးပြင်ကန္နားသွားတော့လဲ ကြောက်ရ၊ ဟောအခု ဘတ်စ်ကားစီးတော့လဲ စပယ်ယာ ကြောက်ရနဲ့ ဘယ်တော့များမှ ဒီအကြောက်တရားတွေနဲ့ ကင်းပြီး အေးချမ်းစွာ နေထိုင်ရပါ့မလဲနော်။ အမှတ်တမဲ့ အကြည့်က ကားခေါင်းခန်း ကားဆရာနဲ့ နောက်ကျောဘက် နံရံမှာ ကပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ဆီကိုရောက်သွားတယ်။ အော် ကြောက်ရွံခြင်းမှ လွတ်ကင်းခြင်း တဲ့လား။
မှတ်တိုင်ပါတယ်။ ဘာလိုလိုနဲ့ ဆင်းရမယ့် မှတ်တိုင်ရောက်လာပြီ။ ပူလောင်အိုက်စပ်ပြီး မွန်းကျပ်တဲ့ ဒဏ်ကနေ တဒင်္ဂ ဝဋ်ကျွတ်တော့မယ်။ မှတ်တိုင်ရောက်တော့ ဆင်းဆင်း ဆိုပြီး မတွန်းချရုံ တမယ် စပယ်ယာက အတင်းဆင်းခိုင်းတော့တယ်။ ဟောဗျ ခေါ်တုန်းကလဲ သူတို့ပဲ အတင်းလက်ဆွဲခေါ်ပြီး ဆင်းခိုင်းတော့လဲ အတင်းမောင်းချနေပါပကောလား။ ဟူး ဘတ်စ်ကား ငရဲကနေ လွတ်ပြီ ဘာပဲဖြစ်ဖြစ်။
အစိုးရဘဏ်ခွဲလေးဆိုတော့ တစ်ထပ်တိုက် ကလေးသာဖြစ်ပါတယ်။ ပုဂလိက ဘဏ်တွေလို မုခ်ဦးတွေဘာတွေနဲ့ ခမ်းခမ်းနားနားတော့ မရှိလှဘူး။ ဘဏ်ထဲတွင် ထိုင်စောင့်နေကြသော လူအနည်းငယ်ရှိတယ်။ အများစုကတော့ သက်ကြီးရွယ်အိုတွေ၊ ပြီးတော့ ဆရာမ သုံးလေးဦးခန့် ကျောင်းစိမ်း ဝတ်စုံတွေနဲ့။ ငွေလွှဲထုတ်ရန် ကောင်တာကို သွားပြီး ငွေလွှဲဘယ်မှာထုတ်ရမလဲ မေးတော့ ရုံးခန်းထဲကို ညွှန်ပြတယ်။ ဒုတိယမြောက်စားပွဲကို သွားတဲ့။ ဘဏ်ဝန်ထမ်းအမျိုးသမီး တစ်ယောက်ထိုင်နေသော ထိုင်ခုံကို ရောက်တော့ ငွေလွှဲထုတ်မလို့လို့ ပြောတော့ ဖောင်ဖြည့်ခိုင်းတယ်။ ဖောင်ဖြည့်ပြီးတော့ ဂျာကြီး ရုံးခန်းထဲကို သွားခိုင်းတယ်။ အတန်ငယ် အလုပ်ရှုပ်နေတဲ့ မန်နေဂျာ အမျိုးသမီး သည် သူ့စားပွဲပေါ်ရောက်လာတဲ့ စာရွက်တွေကို မနားတမ်း လက်မှတ်ထိုးနေ၏။ ထိုရုံးခန်းထဲတွင် ထိုင်နေသော အသက် ရ၀ ခန့်လူကြီး တစ်ယောက် ထိုင်နေကာ မအားမလပ်ဖြစ်နေသော ထိုအမျိုးသမီးကို ဒီမှာ တာဝန်ကျနေတာ အဆင်ပြေရဲ့လား။ အဆင်မပြေရင်ပြောနော် ဦး ဖုန်းနံပါတ်ယူထားလို့ ပြောနေသည်။ လူကြီးကို ကြည့်ရတာ အငြိမ်းစား ဝန်ထမ်းဖြစ်ပုံရတယ်။ ပြီးတော့ သူလဲ ဘဏ်ငွေလွှဲလာထုတ်ပုံပါပဲ။ ရှေ့က လူတစ်ယောက်ကို စောင့်ပြီးတော့ လက်မှတ်ထိုးပေးကာ ဖောင်စာရွက်ကို ခုနက ဘဏ်ဝန်ထမ်း အမျိုးသမီးစားပွဲကို ပြန်သွားရတယ်။ အချက်အလက်များ စစ်ဆေးပြီး လက်မှတ်ထိုးပေးတယ်။ အလိုက်သတိနဲ့ တစ်ထောင်တန် တစ်ရွက်ကို ကျစ်ပြီး အမျိုးသမီး၏ ဖိုင်တွဲ တစ်ခုအောက်သို့ ထိုးထည့်ပေးလိုက်တယ်။ ကျေးဇူးတင်ပါတယ်လို့ မျက်နှာကို မကြည့်ပဲ ပြန်ပြောတယ်။ ရုံးခန်းနံရံတွင် ချိတ်ထားသော စာများက ပြူးပြဲနေတယ်။ လာဘ်ပေးလာဘ်ယူ တို့ရန်သူ၊ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်၊ လာဘ်လာဘ ဟူသမျှ ဆန့်ကျင်ကြ.. စသည်ဖြင့်။ ထိုဆောင်ပုဒ်များဆီမှ အကြည့်လွှဲလိုက်တော့တယ်။ တစ်ထောင်ဆိုတာ ယခုခေတ်မှာဘာမှ မများလှတဲ့ ပိုက်ဆံ။ ဝန်ထမ်းတွေရဲ့ လစာဆိုတာ လေး ငါးသောင်း ထပ် မပို။ ထိုဝန်ထမ်းတွင် သားသမီးရှိပါက သားသမီးများအတွက် ကျောင်းလခ၊ ကျူရှင်လခ၊ ကလေးတွေအတွက် ဗာဟီရ စရိတ် ..။ ဟိုးရှေးအခါ အဖိုးတို့ လက်ထက်တုန်းက အိမ်တွင် ဝန်ထမ်း တစ်ဦးရှိရုံမျှဖြင့် တစ်အိမ်လုံး စားသောက်လို့ရတယ်။ အခုတော့ တစ်အိမ်လုံး အလုပ်ထွက်ရှာတာတောင် စားဝတ်နေရေး မလုံလောက်ချင်။ ကံဇာတ်ဆရာ အလိုကျ ဝန်ထမ်းဖြစ်လာတော့ မိသားစုအတွက် စားဝတ်နေရေးဆိုတာ တွေ အတွက် မဖြစ်ဖြစ်အောင် ရုန်းကန် ရှာဖွေကြရတယ်။ မိဘတိုင်းမှာ သားသမီးတွေ အပေါ်မှာ ထားတဲ့ အိပ်မက်တွေရှိကြတယ်။ သားသမီးတွေ သူတို့ထက် ပညာပိုတတ်ဖို့၊ အလုပ်ကိုင်ကောင်းကောင်း ရဖို့၊ ဘဝအာမခံချက်ရှိဖို့ မျှော်လင့်ချက်ပေါင်းများစွာ နှင့်။ အဆိပ်ပင်ရေလောင်းတယ်လို့ ပြောချင်ပြောကြပါစေ၊ ထိုတစ်ထောင်တန် သည် ထိုအမျိုးသမီး၏ နေ့လည်စာ ဒါမှ မဟုတ် ညစာ ဟင်းတမယ်စာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူ့မ၏ ကလေးမုန့်ဖိုးလဲ ဖြစ်နိုင်ပါတယ်။ သူမ၏ ကလေး ဆေးဖိုး တစိတ်တပိုင်းလဲ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ဒါက လာဘ်ထိုးတာ မဟုတ်၊ စေတနာကြေး ပေးခြင်းသာ။
စာရွက်ပေါ်တွင် လက်မှတ်တွေ စစ်ဆေး တံဆိပ်တုံးထုပြီးတော့ တုံကင်ပေးတဲ့ ကောင်တာကို လမ်းညွှန်တယ်။ တုံကင်က ကြေးပြား အဝိုင်းလေး..။ ဘဏ်ခွဲနာမည် ရေးထိုးထားတယ်။ နံပါတ် ၃၀ ကျော် ၊ စီနီယာလိုက်အတိုင်းပင် စောင့်ရမည်။ ထိုင်ခုံတွင် ထိုင်နေရင်း လူအမျိုးမျိုးကို တွေ့နေရ၏။ ခုနက ဂျာကြီး ရုံးခန်းထဲတွင် တွေ့ရသော လူကြီးက ငွေလွှဲကောင်တာတွင် ရစ်သီရစ်သီလုပ်ကာ ငွေလွွှဲကောင်တာမှ ကော်လံကတုံး ဝတ်ဆင်ထားတဲ့ လူကို မေးနေ၏။ ဒီဘဏ်မှာ ဘယ်လောက်ကြာပြီလဲတဲ့။ အထဲမှ တစ်ခုခု ပြောလိုက်တာကို အပြင်က မကြားရပေ။ ထိုလူကြီးပြောတဲ့စကားကတော့ ကြားနေရတယ်။ သြော်ကြာပြီပဲ မပြောင်းသေးဘူးလား။ အဆင်ပြေရဲ့လားတဲ့။ အငြိမ်းစား အဖိုးကြီးဖြစ်ဟန်တူသော ထိုလူကြီးသည် ၎င်းကိုယ်ကို ဘဏ်ကို လိုက်လံကြည့်ရှုစစ်ဆေးနေသော အထက်အရာရှိ များမှတ်နေလား မသိ။ ဘဏ်ထဲတွင် တွေ့တဲ့ ဝန်ထမ်းတွေကို ဟိုမေးဒီမေး လိုက်မေးနေ၏။ ထို့ပြင် သူ့ငွေလွှဲစာရွက် မရောက်သေးဘူးလားဟုလဲ မကြာခဏ ထိုင်ရာမှ ထထမေးနေတယ်။ ကြာတော့ ဒီလူကြီးကို ကြည့်ရတာ မျက်စိနောက်ချင်သလိုလိုဖြစ်လာတော့တယ်။ ပင်စင်စား အရာရှိတစ်ဦး၏ ငယ်အိပ်မက် အရှိန်အဝါလေးပြချင်သော စိတ်တွေ မကုန်သေး လေသရော့လား။
ငွေလွှဲကောင်တာမှ ငွေထုတ်ပြီးသော ခါးကုန်းကုန်း၊ အကျီင်္ခပ်နွမ်းနွမ်းနှင့် အဖိုးအိုတစ်ယောက်သည် ကောင်တာနှင့် မနီးမဝေးတွင် ခြေပစ်လိုက်ပစ် ထိုင်ချလိုက်တယ်။ သူ့လက်ထဲတွင် ပင်စင်စာအုပ်ဖြစ်ဟန်တူတဲ့ စာအုပ်ကို မျက်လုံးနားကပ်လုကပ်ခင် အထိ သေချာကြည့်နေ၏။ ထို့နောက် လက်ထဲမှ နှစ်သောင်းခန့်သာ ရှိမည် ဖြစ်သော တစ်ထောင်တန် အုပ်ကို သံမန်တလင်းပေါ် ဖြန့်ချကာ တစ်ရွက်ချင်း ရေတွက်နေတယ်။ တစ်သက်လုံး ခါးကုန်းအောင် လုပ်လာခဲ့ပြီးမှ ရလာခဲ့သော ပင်စင်လစာလေးများ လျော့နေမည် စိုး၍ ဖြစ်မည်။ အားရအောင် ရေတွက်ပြီးတော့ ကျေနပ်သွားဟန်ဖြင့် သူ့လွယ်အိတ် အနွမ်းလေးထဲ ဘဏ်စာအုပ် နှင့် ပိုက်ဆံတွေ ထည့်ပြီး ငိုုက်စိုက် ငိုက်စိုက်နှင့် ပြန်သွားတော့တယ်။ ပတ်ဝန်းကျင်က မည်သူကိုမှ ဂရုမစိုက် စိတ်မဝင်စား သူ့အသက်ရှင်ရပ်တည်ရေးအတွက် ဒီပိုက်ဆံတွေက အရေးကြီးပါလိမ့်မယ်။ ဒါဟာ သူ့အတွက် မနက်ဖြန် အိပ်မက် လဲ ဖြစ်ပါလိမ့်မယ်။
တုံကင်နံပါတ် ခေါ်သံကြားမှ အတွေးတွေ ရပ်သွားတော့တယ်။ လက်မှတ် နှစ်နေရာလောက် ထိုးပြီးတော့ ငွေလွှဲထုတ်တဲ့ ကိစ္စ ပြီးသွားတယ်။ ကောင်တာမှ မထွက်ခင် ပိုက်ဆံသေချာစစ် ဆိုတဲ့ စာသားလေးအတိုင်း စစ်ဆေးတယ်။ အားလုံးအိုကေ ။ဒီတစ်လစာအတွက် စားဖို့သောက်ဖို့ မိဘ ကျေးဇူးနဲ့ ဆက်လက်ရပ်တည်ရအုံးမှာပေါ့။ နောက်ထပ် ခြောက်လ ဒါမှမဟုတ် နောက်ထပ် တစ်နှစ်အတွင်း အလုပ်ကောင်းကောင်း ရအောင် ရှာဖွေရမယ်။ ဒါမှမဟုတ် နိုင်ငံခြားကို သွားဖို့ စုံစမ်းသင့်တာ စုံစမ်းရမယ်။ ဒီလို ရင်ထဲမှာ မိဘကို အားနာပေမယ့် ပြန်ယူနေရတဲ့ ဘဝက မြန်မြန်လွတ်ကျွတ်ချင်ပြီ။ မလုပ်ချင်တဲ့ မဝရေစာ လခစား အလုပ်ကို လုပ်ရမည်လား၊ ဒါမှမဟုတ် မိမိ တတ်ကျွမ်းထားတဲ့ အသိပညာတွေကို တစ်ပါးတိုင်းပြည်အတွက် အလုပ်ကျွေးပြုရင်း သူတို့ပေးသော ငွေကြေးများဖြင့် တစ်နေ့နေ့တော့ မြန်မာပြည် ပြန်လာပြီး သူဌေးဖြစ်မှာပဲဆိုတဲ့ အိပ်မက်တွေ မက်ရင်း နှစ်ပေါင်းများစွာ အရိုးထုတ် ရမည်လား။
‘ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်၊ ရတနာခုနှစ်သွယ် တကယ်ပင် စုံညီ တို့အမျိုးသား တိုင်းပြည်၊ မွဲတဲ့သူ လှူဒါန်းနိုင်မည်’
တိုက်တိုက်ဆိုင်ဆိုင် လက်တွန်းလှည်း ထီသည်နဲ့ လာတိုးနေတော့တယ်။ ထီသည်သီချင်းကလဲ တယ်လဲ အောင်နမိတ် ဆောင်လှပါလား။ အင်း.. ထီလေးဘာလေး ထိုးအုံးမှပါ။ ဘာအစ ဘာအဆုံးရယ် မသိဘူး။ လောလောလတ်လတ် ထုတ်လာတဲ့ ငွေယားလေးထဲက ထိုးလိုက်ပြီ။ ထီလက်မှတ်လေး တစ်စောင်ပါပဲ။ ဒါပေမယ့် တစ်လလုံး အပျင်းပြေ အိပ်မက်ကြီးကြီး မက်ကြည့်လို့ရတယ်။ အင်း …လူဆိုတာ ကလေဗျာ မျှော်လင့်ချက်တွေနဲ့ အသက်ရှင် ကြတယ် မဟုတ်လား။
ကောင်းတယ်ဗျာ ကိုမင်းယွန်း heart ထိတယ်ဆိုတာ ဒါမျိုးပေါ့ဗျာ
ကျွန်တော်တို့အိမ်မက်တွေကို မြန်မြန်အကောင်ထည်ဖော်ကြပါစို့ဗျာ
အချိန်တွေနဲ့အတူ ကျွန်တော်တို့ နိုင်ငံကလူတွေ သက်ပြင်းကိုယ်စီ၊ ပင့်သက်ကိုယ်စီတွေနဲ့ အိပ်မက်တွေ ဆက်မက်နေကြရတုန်းပါ။ ဘယ်အချိန်မှာ တကယ့်ရွေရောင် အိပ်မက်တွေ ရောက်နိုင်မှာလဲ။ အင်း…. နက်ဖြန်လည်း ကျွန်တော်တို့ မက်တုန်း မက်ကောင်းတုန်း၊ မှေျာ်လင့်တုန်းပါပဲ။
Pingback: က႑အလိုက္ – Link « danyawadi