နိုင်ငံရေးသမား အကျဉ်းကျခံနေရသူများကို အမြန်လွှတ်ပေးပါ

လွတ်လပ်ရေးနေ့ ၆၄ကြိမ် တိုင်ခဲ့ပြီ။ လွတ်လပ်ရေးနေ့ဆိုတာ ဘာလဲ။ လွတ်လပ်ရေးနေ့ဆိုတာ ပျော်ပွဲရွှင်ပွဲတွေ သက်သက် ကျင်းပတဲ့နေ့လား။ ကလေးတွေ မုန့်စားပြိုင်တဲ့နေ့လား။ ထုတ်စည်းတိုးတဲ့နေ့လား။ ချောတိုင်တက်ကြတဲ့နေ့လား။ ဘောလုံးကန်ကြတဲ့နေ့လား။ ပွဲဈေးတန်းတွေ၊ ပွဲတွေ စည်ကားတဲ့နေ့လား။ အနယ်နယ် အရပ်ရပ်က ဌာနဆိုင်ရာတွေက ဝတ္တရား မပျက်လုပ်ကြရတဲ့ နေ့လား။ လွတ်လပ်ရေးနေ့မှာ ပျော်ရွှင်သူတွေ ပျော်နေကြသည်။ ထို့အတူ မပျော်ရွှင်နေသေးသူများ လဲ ဒုနဲ့ဒေး ရှိသေးသည်။

လွန်ခဲ့သော ၆၄နှစ်က မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့အချိန်မှာ လွတ်လပ်ရေးကို မမြင်လိုက်ရဘဲ အသက်စွန့်သွားရသူတွေ၊ ကျဆုံးသွားရသူတွေ၊ စတေးသွားရသူတွေ အများကြီး။ တကယ်တမ်း မြန်မာပြည် လွတ်လပ်ရေးရတဲ့အချိန်မှာ ပြည်တွင်းမှာ တိုင်းရင်းသား အချင်းချင်း၊ အဖွဲ့စည်းတွေ အချင်းချင်း ဝါးအစည်းပြေသလို ညီညွတ်မှု ပြိုကွဲနေချိန်ဖြစ်သည်။ အင်္ဂလိပ်ပေးတဲ့ လွတ်လပ်ရေး၊ မျိုးချစ်နိုင်ငံရေးသမားများ၊ မျိုးချစ်ရဲဘော်များ တိုက်ပွဲဝင် တောင်းဆိုခဲ့ကြသော လွတ်လပ်ရေး။ အဲ့ဒိလွတ်လပ်ရေး ရပြီးချိန်မှ စပြီး မြန်မာနိုင်ငံသည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြပြီး ဒဏ်ရာပေါင်းများစွာ၊ ဝါဒပေါင်းများစွာ၊ စစ်သလင်း ပေါင်းများစွာ တိုက်ကြခိုက်ကြ၊ သတ်ကြဖြတ်ကြ၊ မြေဇာပင် ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ခဲ့ကြရသည်။ စစ်မီးတွေ တဟုန်းဟုန် တောက်လောင်ခဲ့ကြသည်။ တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန် ဖြစ်ခဲ့ရသည်။

ပုဂ္ဂိုလ်ရေး အာဃာတများ၊ မလိုမုန်းထားမှုများ၊ ဝါဒဖက်ပြိုင်မှုများ၊ အာဏာမက်မောမှုများ၊ အုပ်စုချင်း အင်အားပြိုင်ဆိုင်မှုများ ကြောင့် သွေးချောင်းတွေစီး ၊ တိုင်းပြည်တစ်ခုလုံး ထောင်းလမောင်းကြေကာ နောက်ဆုံးတော့ အာဏာလုကြရင်း ကိုယ်မွေးတဲ့ မျောက်က အာဏာရှင် တက်လုပ်တာ ခံလိုက်ရတော့သည်။ တစ်ပါတီ အာဏာရှင် စနစ်အောက်မှာ လိမ်ညာမှုတွေ၊ ကိုယ်ကျိုးစီးပွားရှာသူတွေ၊ ခေတ်ပျက် သူဌေးတွေ အပြိုင်းအရိုင်းပေါ်လာသလို၊ အမျှော်မြင်နည်းပြီး မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ပညာရေး၊ နိုင်ငံရေး ဆုတ်ယုတ်ပြီး စီးပွားရေးချွတ်ခြုံကျသွားရကာ တစ်ချိန်က အာရှတွင် ကျားတစ်ကောင် ဖြစ်ခဲ့ရသော မြန်မာနိုင်ငံမှာ ငမွဲစာရင်းထဲ ဒိုင်ဗင် ပြုတ်ကျလေတော့သည်။

အောက်ခြေက အကျင့်ပျက်ခြစားမှုကြောင့် နောက်ဆုံးမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး ၇၅ကျပ်တန် အတုများ ဘုံးဘလောအော ဖုံးမနိုင်ဖိမရ ပေါ်လာတဲ့အခါ မဖြေရှင်းတတ်တော့ဘဲ ကြံရာမရ လွန်စွာ အကျည်းတန်၍ အရုပ်ဆိုးသော ဆုံးဖြတ်ချက်ကြီးကို ချမှတ်လိုက်ကြသည်။ မွဲနေပါတယ်ဆိုတဲ့ တိုင်းပြည်က ပို၍ ဆိုးရွားသွားသည်။ စုဆောင်းထားကြသော ချွေးနဲစာလေးများ သုံးစားမရသော စက္ကူစုတ်တွေ ဖြစ်ကုန်တော့သည်။ တစ်ဝမ်းတစ်ခါးအတွက် ခါးချိအောင် လုပ်ကိုင်နေရသော အလုပ်သမားများ၊ လယ်သမားများ အားလုံးနှင့် လူလတ်တန်းစားတွေရဲ့ ထမင်းအိုးတွေကို အကုန်ရိုက်ခွဲလိုက်ကြသည်။ ၈၈ အုံကြွမှုကြီး ပေါက်ကွဲထွက်လာတော့သည်။ အုပ်ချုပ်သူ လူတန်းစားတို့ရဲ့ အမျှော်မြင်ဉာဏ်နည်းမှု၊ လိမ်ညာဖုံးကွယ်ထားမှု၊ ကိုယ်ကျိုးရှာမှုတွေကြောင့် တိုင်းပြည်တစ်ခုလုံး မငြိမ်မသက် ဖြစ်ကြရတော့သည်။

ပညာသင်ကြားနေကြရှာသော ကျောင်းသားလူငယ်များမှာ မိသားစုမှ ထောက်ပံ့ပေးနိုင်သည့် အခြေအနေမရှိတော့ခြင်း၊ တိုင်းပြည်၏ အဖက်ဖက်မှ ယိုယွင်းနေသော အခြေအနေများကြောင့် လမ်းပေါ်ထွက်လာကြတော့သည်။ ပြည်သူတွေထဲက ပြည်သူတွေ ဖြစ်ကြတဲ့ ကျောင်းသားများ၏ ရင်တွင်းမှ ပေါက်ကွဲသံများ မြည်ဟည်း လာကြတော့သည်။ ကျောင်းသားများတင် မက ပြည်သူလူထု၊ အရာထမ်းများ ပါ လမ်းပေါ် ထွက်ကုန်ကြတော့သည်။ ပြည်သူတွေရဲ့ ဆန္ဒတွေ၊ ပြည်သူတွေရဲ့ ဒေါမာန်ဟုန်တွေဟာ အစိုးရ တစ်ရပ်လုံးကို အကြီးကျယ် လှုပ်ခတ်ပစ်လိုက်ကြသည်။ တစ်နိုင်ငံလုံး အုံကြွမှုနှင့် အတူ တောကြောင်များနှင့် ကြွက်ချေးများကြောင့် တိုင်းပြည်မှာလဲ ကျီးလန့်စာစား ဖြစ်ခဲ့ရသည်။ စစ်တပ်မှ အာဏာသိမ်းသည်။ လှုံဆော် လှုပ်ရှားခဲ့သော ကျောင်းသားခေါင်းဆောင်များ၊ လှုပ်ရှားတက်ကြွသူများ တောခိုသူခို၊ ပြည်ပကို ပြေးသူပြေး၊ ထောင်နန်းစံသူစံ ကစဉ့်ကလျား ဖြစ်ကုန်တော့သည်။

ဘောင်းဘီဝတ် စစ်တပ်မှ တစ်ပါတီ အာဏာရှင်စနစ် ထူထောင်ကာ အရပ်ဝတ်ဖြင့် အုပ်ချုပ်သည်။ ထို့နောက် ဘောင်းဘီဝတ် စစ်တပ်က တစ်ဖန် အာဏာပြန်သိမ်းသည်။ လုံခြုံရေး အခြေအနေအရ ထိန်းသိမ်းသည်ဟု အကြောင်းပြသော်လည်း အစသိမ်းကတည်းက ပြန်ပေးဖို့ စိတ်ကူးခဲ့သည် မဟုတ်။ အာဏာရှင် တစ်လက်မှ အာဏာရှင် လက်သစ်သို့ လက်ဆင့်ကမ်း ပေးခဲ့သည်။ တရားဥပဒေထက် အကြောက်တရားနှင့် အုပ်ချုပ်သည်။ တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမားများ ထောင်နံရံများဆီမှ အပြင်သို့ ထွက်မလာနိုင်၊ ဝင်လိုက် ထွက်လိုက်၊ အကျဉ်းထောင်များသည် မြန်မာ့ နိုင်ငံရေး၏ ဌာနချုပ်ကြီးကဲ့သို့ ဖြစ်ကုန်တော့သည်။

ပြောင်းလဲရတော့မည် အချိန်တွင် အလှည့်ပြောင်း အဖြစ် ၂၀၀၈မှ အခြေပြု၍ ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရဆိုသူများ တက်လာကြသည်။ နှစ်ပေါင်း ၅၀ကြာအောင် ကန့်သတ်ချုပ်ချယ်ထားမှုများ အနည်းငယ် ပွင့်လင်းလာသည်။ မြစ်ဆုံကဲ့သို့သော ပြည်သူများ ကန့်ကွက်သည့် ကိစ္စကို ၎င်းတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ စီးပွားရေး ဆိုင်ရာ ပြောင်းလဲမှုတွေ ပြုလုပ်လာသည်။ ပြည်ပတွင် လုပ်ကိုင်နေသူများကို ဝင်ငွေခွန် ကင်းလွတ်ခွင့် ပေးခဲ့သည်။ မီဒီယာနှင့် ပတ်သက်၍ ဖြေလျော့မှု တွေ လုပ်ခဲ့သည်။ ပြောင်းလဲမှု အချို့ရှိခဲ့သော်လည်း ပြောင်းလဲမှု မရှိသေးသော ကိစ္စများစွာရှိသေးသည်။

နိုင်ငံရေးအကျဉ်းသားများ ကိစ္စဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားလို့ပဲ ခေါ်ခေါ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တွေလို့ပဲ ခေါ်ခေါ် လူတွေက ဒီလူတွေပဲ ဖြစ်သည်။ အခေါ်အဝေါ်သည် အဓိက မဟုတ်။ သူတို့သည် တိုင်းပြည်ကို ချစ်တဲ့စိတ်ကြောင့် တစ်ဘဝလုံး အနစ်နာခံကာ ပြည်သူ့ကိုယ်စား စွန့်လွှတ် အနစ်နာ ခံကာ ထောင်နန်းစံ နေကြရခြင်း ဖြစ်သည်။ ကျွန်တော်တို့ တစ်ရက်တစ်လေများ အိမ်ပြင် ထွက်ချင်ရက်နဲ့ သူတစ်ပါး ပယောဂကြောင့် မထွက်ရဘဲ နေကြည့်ကြပါ။ ဘယ်လောက်များ စိတ်ဒုက္ခပင်ပန်းကြီး ကြမလဲလို့။ ဒီလိုပဲ နှစ်ပေါင်းများစွာ နံရံသုံးဖက်ရှိတဲ့ အခန်းကျဉ်းထဲမှာ၊ စစ်ကြောမေးမြန်းမှု ဒဏ်ချက်တွေ ကြားမှာ မိမိခံယူချက်၊ ယုံကြည်ချက်ကို မပြောင်းလဲဘဲ ဘယ်တော့မှ အညံ့မခံဘဲ အသက်ရှင်နေထိုင်နေတဲ့ သူတွေ အတွက် ကိုယ်ချင်းစာ ကြည့်စေချင်သည်။ ထို့ပြင် မီဒီယာတွေ ရှေ့မှာ၊ အများသူငါ အရှေ့မှာ မာန်တင်း ထားရရှာသော အကျဉ်းကျနေသူတွေရဲ့ မိဘ ဆွေမျိုးတွေ၊ ဇနီးမယားတွေ၊ သားသမီးတွေ ဘယ်လောက်များ သူတို့ ရင်ထဲမှာ မျက်ရည်မိုးတွေ စွေနေလိမ့်မလဲ။ ဪ ငါ့သားလေးများ နေမှကောင်းရဲ့လား၊ ငါ့ယောက်ျားမှ နေမှကောင်းရဲ့လား၊ ဖေဖေ့ကို မြင်ချင်လိုက်တာ ဆိုတဲ့ ရင်တွင်းက အသံတွေ ဘယ်သူမှ ကြားနိုင်လိမ့်မယ် မဟုတ်ဘူး။ သူတို့ဟာ အားလုံးရှေ့မှာ သူတို့ချစ်ခင်သူ ထောင်နန်းစံသူတွေရဲ့ ရှေ့မှာ မာန်တင်း ထားရပေမယ့် တကယ့် ကန့်လန့်ကာ နောက်ကွယ်မှာ ဘယ်လောက် အားငယ်နေကြမလဲ။ ဘယ်လောက် ရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်နေကြမလဲ။ ဘယ်လောက် တိတ်တိတ် ကလေး လူမသိအောင် ငိုနေကြမလဲ။

နိုင်ငံရေးသမား အကျဉ်းသားဖြစ်နေတာတွေကို လွှတ်ပေးဖို့ တောင်းဆိုနေတာ နှစ်လရှည်ကြာ နေပါပြီ။ ခုမှလဲ မဟုတ်ဘူး ယခင် အစိုးရလက်ထက်ကတည်းက ဖြစ်ပါသည်။ ယခင်အစိုးရသည် စစ်အစိုးရဖြစ်သည်။ ၎င်းတို့ သည် ယာယီအစိုးရ ဖြစ်သည်ဟု ၎င်းတို့ ကိုယ်တိုင် အတိအလင်း မကြာခဏ ပြောခဲ့သလို သူတို့ စီရင်ချက် ချခဲ့သော အမှုများသည် ယခုအချိန်တွင် တရားမျှတသော တရားစီရင်ရေး စနစ် ဖြစ်အောင် လုပ်နေသည်ဟု ပြောဆိုနေသည့် အချိန် အခြေခံဥပဒေ ရှိနေ့သည့် အချိန်တွင် သေချာ ပြန်လည် သုံးသပ်သင့်ပေသည်။ အားလုံးက ဝိုင်းတောင်းဆို နေကြသည်။ ပြည်သူလူထုရဲ့ ဆန္ဒဟာ ဒီလူတွေ လွတ်မြောက်ဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒဟာ အပြည့်အဝ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်သည်။ ယခုအခြေအနေသည် နိုင်ငံရေးအရ အလျော့အတင်း နှင့် ကစားနေသည်ဟု မြင်မိပါသည်။ မသက်ဆိုင်သော ကျွန်တော်တို့လို သာမာန်ပြည်သူတွေတောင် နိုင်ငံရေးသမား အကျဉ်းကျခံနေရသူများကို မျှော်နေကြရင် သူတို့ မိသားစုတွေ ဆွေမျိုးတွေ ဘယ်လောက်များ မချိတင်ကဲ နေ့စဉ်နဲ့ အမျှ မျှော်လင့်နေကြမလဲ။ မိမိတို့ သားသမီး၊ လင်ယောက်ျား၊ မိဘ တွေ အပြုံးတွေ ကိုယ်စီနဲ့ အိမ်ရှေ့ပြန် ရောက်လာမယ့် အချိန်ကို ဘယ်လောက် များ စောင့်စား နေကြမလဲ။ တစ်မိသားစု ထမင်းစားပွဲ တစ်ဝိုင်းထဲ ထိုင်ပြီး ရယ်ရယ်မောမောနဲ့ လက်ရည် တပြင်တည်း စားရမယ့် အချိန်ကို ဘယ်လောက်များ တောင့်တနေကြမလဲ။ သူတို့ရင်ထဲမှာ သူတို့မျက်ဝန်းတွေထဲမှာ ဘယ်သူ့ကိုမှ ထုတ်မပြောဖြစ်ချင် နေမယ် လူတကာ မြင်ကွင်း နောက်ကွယ်မှာတော့ တိတ်တိတ်ကလေး ကြိတ်ငိုနေကြမည်မှာ အသေအချာပင် ဖြစ်သည်။

ယနေ့အချိန်တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်နေသည်ဟု ဦးသိန်းစိန်ကိုယ်တိုင် ပြောဆိုထားဖူးပါသည်။ သို့သော် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေးသမား အကျဉ်းကျခံနေရသူတွေကို မလွှတ်မခြင်း ကျွန်တော်တို့တတွေအားလုံးက သံသယတွေနဲ့ စောင့်ကြည့်နေအုံး မည် ဖြစ်သည်။ နိုင်ငံတကာက သံသယမျက်စိတွေနဲ့ စောင့်ကြည့်နေအုံးမည် ဖြစ်သည်။ NLD ရွေးကောက်ပွဲ ဝင်ခွင့်ရရုံ ၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်ရောက်ရုံမျှနှင့် မလုံလောက်သေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအဖွဲ့စည်း ပေါင်းစုံမှ လူပုဂ္ဂိုလ်များ လွတ်လပ်စွာ နိုင်ငံရေး အခင်းအကျင်းပေါ်တွင် ပါဝင်နိုင်ပါမှ ပြည့်စုံလိမ့်မည် ဖြစ်သည်။ အဘက်ဘက်က ယိုယွင်းနေသော နိုင်ငံကို တည်ဆောက်ရာမှာ အချိန်ကာလတိုလေးနဲ့ တည်ဆောက်၍ မရနိုင်မှန်း သဘောပေါက်သော်လည်း နိုင်ငံရေးသမား အကျဉ်းကျခံနေရသူများ ကို လွှတ်ပေးရန် ကိစ္စမှာ ဒီလောက်ထိ အချိန်ဆွဲစရာ မလို။ ယခုအချိန်သည် လွှတ်ပေးရန် အသင့်တော်ဆုံး အချိန်ဖြစ်ပြီး နောက်ထပ် နှောင့်နှေးနေမည်ဆိုပါက မြစ်ဆုံကိစ္စနှင့် NLD ကိစ္စတို့ကြောင့် ဖြစ်ပေါ်လာသော ပြည်သူ့ထံမှ ယုံကြည်မှုလေးတွေ၊ နိုင်ငံတကာရဲ့ ယုံကြည်မှုတွေ တစတစနှင့် ပြန်လည် ပျောက်ကွယ် တော့မည် ဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံရေးသမား အကျဉ်းကျခံနေရသူများအား အမြန်ဆုံး လွှတ်ပေးခြင်းသည်သာ ဒီမိုကရက်တစ် လူ့ဘောင်အဖွဲ့အစည်းကို ငြိမ်းချမ်းစွာ တည်ဆောက်ရန် အထောက်ကူအဖြစ်ဆုံး၊ အကောင်းဆုံး သင်ပုန်းချေနည်းနှင့် တိုင်းပြည်ပြန်လည် တည်ထောင်ရေးအတွက် အထောက်အကူ ဖြစ်ကြောင်း လေးနက်စွာ တိုက်တွန်းလိုက်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>