ဗုဒ္ဓဟူးနေ့က ကျွန်တော် အောင်ဆန်းပင်လုံ စာဖတ်ခန်းမှာ လုပ်တဲ့ လူငယ်နဲ့ နိုင်ငံရေး စကားဝိုင်းကို ရောက်ဖြစ်တယ်။ ကျွန်တော် တစ်ယောက် ပြောချင်လွန်းလို့ နားထောင်ချင်လွန်းလို့ ရှိတဲ့ ညပိုင်း သင်တန်းလစ်ပြီး သင်္ကန်းကျွန်း အောင်ဆန်းပင်လုံ စာကြည့်တိုက်ကို အစောကြီးပြေးရတယ်။ ကျွန်တော် ရောက်တော့ ၄နာရီစွန်းစွန်းပဲ ရှိသေးတယ်။ လူတွေ ဘယ်သူမှ မရောက်ကြသေးဘူး။ ငါးနာရီလောက်ရောက်တော့ လူတွေ တဖြည်းဖြည်းစုံလာတယ်။ အဲဒီနေ့ပွဲကို တက်ရောက်သူ ခန့်မှန်းခြေ အယောက် ၂၀ လောက်ရှိပါတယ်။
ဆွေးနွေးပွဲစတော့ တစ်ယောက်ချင်းစီ မိတ်ဆက်ကြရင်း ဘာလို့နိုင်ငံရေးကို စိတ်ဝင်စားကြတာလဲ လို့ပြောပြဖို့ ကျွန်တော်က တော့ပစ် တင်တော့ အားလုံးက ကျွန်တော်ပဲ စပြောပေးဖို့ ပြောတာနဲ့ ကျွန်တော်က စဖွင့်လိုက်ပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းလာရတဲ့ သက်တမ်း တစ်လျှောက်ဟာ နဝတခေတ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှင်သန်လာခဲ့တဲ့ ခေတ်ကြီးဟာ ခေတ်ကျပ်ကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ကြီးပြင်း လာရာ တစ်လျှောက်မှာ နားစွန်နားဖျား အဖြစ် ဒီနိုင်ငံရေးဆိုတာ ကြောက်စရာလန့်စရာ၊ အစိုးရ ဆန့်ကျင်တဲ့ စကားလုံးကြီး ဖြစ်နေခဲ့တာကို ကြားခဲ့ရတယ်။ လူဆိုတာ မလုပ်နဲ့လို့ ပြောတဲ့ ကိစ္စမျိုးကိုမှ ပိုစိတ်ဝင်စား တတ်တဲ့ အမျိုးမှတ်လား။ အဲ့ဒိတော့ ကျွန်တော် တဖြည်းဖြည်း ကြီးပြင်းလာပြီးတဲ့ နောက်မှာတော့ နိုင်ငံရေးဆိုတာကို ပိုလေ့လာ မိလာလေလေ စိတ်ဝင်စားဖို့ ကောင်းလာလေလေပါပဲ။ ဒါဆို ဘာလို့များ နိုင်ငံရေးပြောတဲ့ နိုင်ငံရေး အကြောင်း လုပ်တဲ့ လူတွေကို ဘာလို့များ ထောင်ချထားရတာလဲ၊ ဖိနှိပ်ထားရတာလဲ။ ထိုစဉ်က အသိချင်ဆုံး မေးခွန်းတွေပါ။ ဒီလိုနဲ့ ကျွန်တော် ရင်ထဲကို နိုင်ငံရေးပိုးဟာ ဘယ်ချိန်က ဝင်မှန်းမသိ ဝင်ရောက်လာခဲ့တယ်။ နိုင်ငံရေးပိုးဆိုတာ ဥပမာ တင်စားရရင် ဒီကောင်က မူးယစ်ဆေးဝါးလိုပဲ တစ်ခါသုံးမိပြီးရင် ဘယ်လောက် ဖြတ်ဖြတ် ပြန်စွဲမိသလိုပါပဲ။
ဘာလို့နိုင်ငံရေးစိတ်ဝင်စား
နိုင်ငံရေးကို စိတ်ဝင်စားတာနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေ တစ်ယောက်တစ်မျိုးစီ သူတို့ အမြင်တွေကို တင်ပြသွားကြတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အများအားဖြင့်တော့ ဒီနိုင်ငံရေးဆိုတာ ကို ဘာလို့များ ယခင်အစိုးရတွေတုန်းက သေမလောက် ကြောက်ပြီး နှိပ်ကွပ် ခဲ့တာလဲပေါ့။ အဲ့ဒိမှာ ကိုယ့်ရှေ့က ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေဟာ သူတို့ကို ဘယ်လောက်ပဲ နှိပ်ကွပ်ခဲ့ နှိပ်ကွပ်ခဲ့ ဘယ်တော့မှ သူတို့ ယုံကြည်ချက် မပြောင်းလဲ သွားဘူး ဆိုတာ သွားတွေ့ရတယ်။ နိုင်ငံရေးစာပေ ဆိုတာကလဲ ကျွန်တော်တို့ အသက်ရွယ် လူငယ်တွေမှာ ရှာဖွေလို့ ဖတ်လို့ရတာဆိုလို့ ဦးသိန်းဖေမြင့် တို့လို စာအုပ်မျိုးတွေနဲ့ပဲ ကြီးပြင်း လာရတယ်လို့ အကို တစ်ယောက်က ပြောပါတယ်။ နောက်ညီငယ် တစ်ယောက်ကလဲ နိုင်ငံရေးကို စိတ်ဝင်စားလာတာက သူစာရေးဆရာ ဖြစ်ချင်တာက စတယ်လို့ ပြောပါတယ်။ သူစာတွေကို ရေးတယ်၊ စာအုပ်တိုက်တွေကို လိုက်ပို့တယ်။ နောက် ဆင်ဆာဆိုတဲ့ စာပေစီစစ်ရေးတွေ ရှိတာကို သဘောမကျဘူး။ လူတိုင်းဟာ ဘာလို့များ မိမိထင်မြင်ချက်ကို လွတ်လပ်စွာ မထုတ်ဖော် နိုင်ရတာလဲ လို့ အတွေးဝင်လာပါသတဲ့။
ယနေ့နိုင်ငံရေး အပေါ်အမြင်
ဒီနေ့နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့လဲ တော်တော် လေး ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ အထူးသဖြင့် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှု ရလဒ်အရ NLD မှတ်ပုံတင်တဲ့ ကိစ္စကို သဘောထား မတူသူတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ မတူညီတဲ့ အမြင်တွေကို တစ်နေရာတည်းမှာ အေးဆေး ဆွေးနွေးနိုင်တာကိုက အဲ့ဒိနေ့က လုပ်ခဲ့တဲ့ လူငယ် နဲ့ ဒီမိုကရေစီအလေ့ အကျင့်ဟာ မစိမ်းတော့ဘူး ဆိုတာ သက်သေပြနေပါတယ်။
ဒီနေရာမှာ အမြင်မတူတဲ့ အုပ်စု သုံးစု ကွဲပါတယ်။
နံပါတ်တစ် အုပ်စုဟာ NLD မှတ်ပုံတင်တာ ရွေးကောက်ပွဲ ဝင်တာ လက်ခံတယ်။ အန်တီစု ရွေးကောက်ပွဲဝင်တာ လက်ခံတယ်ဆိုတဲ့ အုပ်စု။
သူတို့အမြင်ကတော့ လက်ရှိ အန်တီစုနဲ့ NLD ဟာ ခေတ်အခြေအနေနဲ့ အညီ ကစားကွက်ပြောင်း ကစားတာလို့ ယူဆတယ်။ အန်တီဟာ အမျှော်မြင်ကြီးတဲ့ ခေါင်းဆောင် ဖြစ်လို့ ဖြစ်လာမယ့် Impact ကို တွက်ဆပြီး ဖြစ်တယ်လို့ ယုံကြည်တယ်။
နံပါတ်နှစ် အုပ်စုဟာ NLD မှတ်ပုံတင်တာ ရွေးကောက်ပွဲ ဝင်တာ လက်ခံတယ်။ ဒါပေမယ့် အန်တီစု ရွေးကောက်ပွဲ ဝင်တာ လက်မခံဘူး။
သူတို့ အမြင်ကတော့ အန်တီစုကို လွှတ်တော်ထဲ မဝင်စေချင်ဘူး။ ဆိုလိုတာ အခုအချိန်မှာ ဦးသိန်းစိန် အစိုးရနဲ့ ခေါင်းဆောင်ချင်း ဖြစ်တယ်လို့ သဘောထားပြီး တွေ့ဆုံ ဆွေးနွေးတာမျိုး ဖြစ်နေတယ်။ အကယ်၍ အန်တီစု အနေနဲ့ ရွေးကောက်ပွဲ ဝင်လိုက်လို့ နိုင်ခဲ့လျှင် လွှတ်တော်ထဲ ရောက်လိမ့်မယ်။ နောက်တစ်ချက် ဦးသိန်းစိန် လက်အောက်၊ ဦးသူရရွှေမန်းတို့ လက်အောက် ရောက်သွား လိမ့်မယ်။ အဲ့ဒိအခါ တန်းတူထားပြီး ဆွေးနွေးပါတော့မလား။ နိုင်ငံတကာကကော အခုလို အန်တီစုကို လာတွေ့သလို အစိုးရ အဖွဲ့ထဲရောက်သွားရင် လာတွေ့ကြပါအုံးမလား။ နောက်တစ်ခုက လွှတ်တော်ထဲ ဝင်သွားပြီ ဖြစ်လို့ အန်တီ့အနေနဲ့ ပါတီကို ပြန်လည်တည်ထောင် ရေး လုပ်ငန်းစဉ်တွေမှာ အားနည်းသွားမလား။ အချိတ်အဆက် လွတ်သွားမလား စသည်ဖြင့် တွေးတော နေသူများလဲ ရှိကြပါတယ်။
နံပါတ်သုံး အုပ်စုကတော့ မှတ်ပုံတင်တာကို လက်မခံဘူး။ ရွေးကောက်ပွဲ ဝင်တာကို လက်မခံဘူး။
တတိယ အုပ်စုရဲ့ အမြင်ကတော့ အကျဉ်းကျနေတဲ့ သူတွေ အကုန် ပြန်ထွက်လာမှသာ ဆုံးဖြတ်သင့်ကြောင်း ပြောပါတယ်။
ဒါပေမယ့် အားလုံး ဘုံတူညီတဲ့ အမြင်ကတော့ ၂၀၀၈ ဥပဒေကို လက်မခံဘူး ဆိုတဲ့ အချက်ပါပဲ။ အဲ့ဒိမှာ အဓိက အချက်တွေကတော့ ကျွန်တော်တို့ လူငယ်တွေ မြင်တာက ၂၅ရာခိုင်နှုန်းကိစ္စကို ဘဝင် မကျဘူးပေါ့။ အသေးစိတ်ကိုတော့ အန်ကယ်လ် ဦးအောင်ကြည်ညွှန့် (Director of BAYDA INSTITUTE) က ရှင်းပြပါတယ်။ (ကျွန်တော် အဲ့ဒိနေ့ စကားဝိုင်းကို သွားတာ တကယ်တော့ ဘာမှပြင်ဆင်မသွားခဲ့ပါဘူး။ ကင်မရာတွေ ဘာတွေ ယူမသွားမိခဲ့ဘူး၊ ကျွန်တော် ဆွေးနွေးနေချိန်မှာ စိတ်ဝင်စား ဈာန်မျောသွားတာနဲ့ လက်ပ်တော့ လဲဖွင့်ပြီး အသံသွင်းမထားမိဘူး။ ဒါကြောင့် မှတ်မိတာလေးတွေပဲ ကျွန်တော့်စကားပြေနဲ့ ကျွန်တော် ပြန်ရေးပါ့မယ်)
အဲ့ဒိ အန်ကယ်လ်က ပြောပြတာတော့ နိုင်ငံတိုင်းရဲ့ အခြေခံဥပဒေဟာ လူ့အခွင့်အရေး ကြေငြာစာတမ်း ထဲက အချက်အလက်တွေကို မှီငြမ်းပြီး ထည့်သွင်းရတယ် လို့ ပြောပါတယ်။ ဥပမာ ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေရဲ့ အခန်း(၈)မှာ နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုတဲ့ အခန်းကဏ္ဍပါသလိုမျိုးပေါ့။ ဆိုတော့ သူတို့ဟာ တစ်ချို့အချက်တွေကတော့ သူတို့ လိုချင်တဲ့ အချက်တွေ ထည့်သွားသလို၊ တစ်ဘက်ကလဲ အခြေခံဥပဒေဟာ ဒီမိုကရေစီ အငွေ့အသက် ပါတယ်ဆိုတာ ဖြစ်အောင်လို့ ထည့်သွင်းပေးရတယ်ပေါ့။ ယခုလက်ရှိ အခြေခံဥပဒေသည် နိုင်ငံတော် သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်လို့ မရဘူး။ နောက်ပြီး နိုင်ငံတော် သမ္မတထက် အာဏာပိုရှိသလို ဖြစ်နေတာဟာ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက ဖြစ်နေတယ်ဆိုတာ ထင်ရှားတယ်။ ဥပမာ လွတ်ငြိမ်း ချမ်းသာခွင့် ဆိုတဲ့ နေရာမှာ သမ္မတသည် pardon right ပဲရှိပြီး တကယ်တမ်း လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကသာ ဆုံးဖြတ်ချက် ချနိုင်တာကို တွေ့ရတယ်။ အခုအချိန်မှာတော့ လွှတ်တော် ဥက္ကဌ၊ နိုင်ငံတော် သမ္မတတွေဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဆက်လျှောက်ချင်တယ် ပဲထားအုံး။ ဒါပေမယ့် နောင်တစ်ချိန် သမ္မတသစ် တက်လာတယ် ဆိုပါတော့ ဒီကာလုံက စစ်ဦးစီးချုပ်သည် အာဏာရှင်အဖြစ် တန်ခိုးကြီးထွား လာရင် ဒါဟာ နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အန္တရာယ် ရှိတဲ့ အချက် ဖြစ်ပါတယ်။
နောက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးဟာ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိရမယ် ဆိုတဲ့ အချက်ဟာလဲ လက်မခံသင့်တဲ့ အချက် ဖြစ်ကြောင်း ရှင်းပြပါတယ်။ ဦးနေဝင်း လက်ထက်ကတည်းက သီးခြား ရပ်တည်သင့်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကြက်ခြေနီ၊ မီးသတ် စတာတွေကို လက်နက်ကိုင် အရံအင်အား အဖွဲ့အစည်းတွေ အဖြစ် အစိုးရထဲမှာ ထည့်သွင်းထားတာဟာ မှားယွင်း တယ်လို့ ဆိုပါတယ်။
နောက်ပြီး ပြည်သူ့ရဲ တပ်ဖွဲ့ဟာလည်း ကာကွယ်ရေး ဝန်ကြီး လက်အောက်မှာ မရှိသင့်ပဲ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာသာ သီးသန့်ရှိသင့်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက်နက်ကိုင် နှစ်ဖွဲ့ဟာ သဘောသဘာဝချင်း မတူညီဘူး။ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ တပ်မတော်ဟာ တိုင်းပြည်၏ ရန်သူတွေကို မျက်နှာမူတာ ဖြစ်ပြီး၊ ပြည်သူ့ရဲက တရားဥပဒေစိုးမိုးရေး အတွက် ပြည်သူကို မျက်နှာမူတာ ဖြစ်ပါတယ်။ နောက်တစ်ချက် အရေးကြီးဆုံးက ပြည်သူ့ရဲသည် ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ရှိခြင်းအားဖြင့် အကယ်၍များ တပ်မတော်က စစ်အာဏာသိမ်းဖို့ ကြံရွယ်ရင်တောင် ပြည်သူ့ရဲသည် ပြည်ထောင်စု အစိုးရဘက်မှ မားမားမတ်မတ် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ထို့ကြောင့် လက်နက်ကိုင် အဖွဲ့တွေကို တပ်မတော်အောက်မှာ ကွပ်ကဲခြင်းဟာ မသင့်လျော်ဘူး။
အမေရိကန်လို နိုင်ငံမှာဆို တပ်မတော်ဟာ ကိုယ်တိုင် စစ်လက်နက် ထုတ်တာမျိုး မလုပ်နိုင်ဘူး။ လိုအပ်တဲ့ စစ်လက်နက်ကို ပုဂ္ဂလိက ကုမ္ပဏီတွေကသာ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ထို့ပြင် အခြေခံဥပဒေ၏ အပ်နှင်းချက် အရ နိုင်ငံတော် သမ္မတသည် တပ်မတော်၏ အကြီးအကဲ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ကိုယ်တိုင်ကလဲ စစ်တိုက်တော့မယ်ဆိုရင် တစ်ဦးတည်း ဆုံးဖြတ်၍ မရ လွှတ်တော်မှာ တင်ပြရပါသေးတယ်။ လွှတ်တော် ၂ရပ်ပေါင်း အတည်ပြုမှသာ ဆက်လုပ်နိုင်တယ်။ ဒါဟာ အပြန်လှန် ထိန်းကျောင်းခြင်း check and balance ဖြစ်ပါတယ်။
လွှတ်တော်ဆိုတဲ့ နေရာမှာ လွှတ်တော် အမတ်တွေဟာ အရေးပါ အရာရောက်လှပါတယ်။ အမေရိကန် နိုင်ငံ၏ နိုင်ငံတော် ဆိုင်ရာ ဆုံးဖြတ်ချက်တွေသည် အစိုးရတစ်ရပ်တည်းကြောင့် ဆုံးဖြတ်ရတာ မဟုတ်ဘဲ တကယ်တမ်းကတော့ civil society တွေရဲ့ တွန်းအား ပေးမှုတွေ ကြောင့်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေ အားကောင်းလာတဲ့အခါ အစိုးရတစ်ရပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းကျောင်းနိုင်လာ ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်ရင်၊ ဒီမိုကရေစီ အလေ့အထ ရှင်သန်ကြီးထွား လာစေချင်ရင် အရပ်ဘက် လူ့အဖွဲ့စည်းတွေ အားကောင်းလာအောင် အားပေးသင့်ပါတယ် လို့ ရှင်းပြပါတယ်။
အစက ကျွန်တော်တို့ လူငယ်တွေ ပြောချင်တာလေး တစ်ချို့ ပြောမလို့ပေမယ့် အဲ့ဒိအန်ကယ်က ရှေးဟောင်း နောက်ဖြစ်တွေ ကျွန်တော်တို့ ဗဟုသုတရမယ့် ဟာတွေ ပြောတော့ ကျွန်တော်တို့က နားထောင်သူနဲ့ မေးခွန်းထုတ်သူတွေ ပြန်ဖြစ်သွားကြတယ်။
NLD မှတ်ပုံတင်တာ၊ အန်တီစု ရွေးကောက်ပွဲ ဝင်တာကို မကြိုက်တဲ့ လူငယ်တစ်ယောက်က ဘာလို့များ ဝင်ရတာလဲ လို့ မေးတဲ့အခါ အဲ့ဒိအန်ကယ်က လက်ရှိအနေအထားအရ ဘယ် option ကို ရွေးမလဲ၊ တစ်ခြား ရွေးချယ်စရာ option ရှိလား။ ဥပမာ လမ်းပေါ်ထွက် ဆန္ဒပြတာမျိုးလား၊ ဒီလိုဆိုရင် ရှေ့မှာ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးပြီ။ နောက်ဆုံး ဘယ်သူတွေ နစ်နာသလဲ ထိခိုက်မှုရှိသလဲ။ ပြည်သူတွေပဲ ရှိခဲ့ပါတယ်။ နောက်တစ်ခု အစောပိုင်း လုပ်ခဲ့သလို လူမှုရေးအဖွဲ့အစည်း အဖြစ်သွားမလား။ ဒါလဲ မဟုတ်သေးဘူး။ NLD ဟာ နိုင်ငံရေး ပါတီဖြစ်တယ်။ နိုင်ငံရေး ပါတီအလုပ်ကိုပဲ လုပ်ရမယ်။ မှတ်ပုံတင်တယ် ဆိုတာ ယခု တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်အရ တင်လိုက်တယ်။ ၉၀ ရလဒ်ကို ကျောခိုင်းလိုက်တာလား ဆိုတော့ ၉၀ရလဒ်ကို ကျောမခိုင်းဘူး ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒ mandate ဖြစ်တယ်။ အခုလဲ မစွန့်ပယ်ဘူး ပြည်သူ့ထောက်ခံမှုရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းဟာ ပြည်သူ့ထောက်ခံမှုနဲ့ ပြည်သူ့အကျိုးကို လုပ်ရမှာပဲ။ အခုမှတ်ပုံတင်တာလဲ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ နိုင်ငံရေး အလုပ်ဆက်လုပ်ဖို့ လုပ်တာ။ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်အရ ဒီလမ်းကြောင်းကို ရွေးတယ်။ ပါတီအဖွဲ့အစည်းတစ်ရပ်အနေနဲ့ထားတော့။ နိုင်ငံရေးသမားတွေဆိုတာ ဘယ်သူကိုမှ မှတ်ပုံတင်စရာ မလိုပါဘူး။ မှတ်ပုံတင်ဖို့လဲ မလိုဘူး။ နိုင်ငံရေးသမားတွေဟာ ပြည်သူလူထု ကိုယ်စား အမြဲတမ်း ပြည်သူ့အကျိုးပြု လုပ်ကြရမှာပဲ။
ဒီဟာရဲ့ တစ်ခြား impact တွေရှိတာ မှန်တယ်။ ဒါကိုလဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူကြီးတွေကလဲ ဒါကို စဉ်းစားမိပါတယ်။ အဲ့ဒိအတွက် အများကြီး စဉ်းစားပြီးမှ ဒါကို ဆုံးဖြတ်လိုက်တယ်။ အဲ့ဒိ impact ကို သူသိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အသုံးချခံအဖြစ် အသုံးချခဲ့ရင် သူအသုံးချ ခံပါမယ်လို့ ပြောခဲ့တယ်။ ဒါဟာ ခေါင်းဆောင် တစ်ယောက်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားပဲ။ ဥပမာ ဒီရွေးကောက်ပွဲကို တစ်ခြားလူတွေ အများကြီး ဝင်ခိုင်းလိုက်ပြီး သူမဝင်ဘူး ဆိုရင် မရဘူးလား။ ရပါတယ်။ ဒါမယ့် အဲ့ဒိအထဲရောက်ပြီးမှ ဘာဖြစ်သွားမလဲ ဘယ်သူမှ မသိဘူး။ ဒါဟာ ထောင်ချောက်တစ်ခု ထားပါတော့ ခေါင်းဆောင်က ဒါကို သူမသွားဘဲ တစ်ခြားသူကို သွားခိုင်းမလား။ ဒါဆို ခေါင်းဆောင်က ကိုယ်လွတ်ရုန်းရာ ကျမှာပေါ့။ အဲ့ဒိတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရွေးကောက်ပွဲကို ဝင်မယ်။ ဖြစ်လာတဲ့ အကျိုးဆက် သူတာဝန်ခံတယ်။ ဒါကြီးဟာ ထောင်ချောက်ဖြစ်တယ် ထားအုံး။ သူကိုယ်တိုင် အမိခံပြီးမှ ပြန်လည် ဖောက်ထွက်တဲ့ လမ်းကြောင်းကို သူလုပ်လိမ့်မယ်။ ဒါက ဥပမာ ပြောပြတာပါ။
အထဲက လူတွေ ထွက်လာမှ ဒီဟာတွေကို မလုပ်သင့်ဘူးလား လို့ အမ တစ်ယောက်က ထမေးတော့ ကျွန်တော်က
‘ကျွန်တော် ဦးနှောက်လေးနဲ့ ကျွန်တော် ခန့်မှန်း ကြည့်မယ်ပေါ့နော်။ အစိုးရရွှေ့ကွက်တစ်ချို့ လို့ ပြောရမလားတော့ မသိဘူး။ ကျွန်တော် ထင်တာ မှားကောင်း မှားနိုင်မယ်ပေါ့။ ဘယ်လိုလဲဆိုတော့ အစိုးရအနေနဲ့ ဒီ၂၀၀၈ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ လုပ်တဲ့အခါ နာဂစ်မုန်တိုင်းပြီးစ လူတွေ အကုန် အာရုံများနေတဲ့ အချိန်မှာ ကောက်ခါငင်ကာ အတည်ပြုလိုက်ကြတယ်။ ဒါတစ်ကွက်၊ နောက် ရွေးကောက်ပွဲ ဝင်ဖို့ ပါတီတွေ မှတ်ပုံတင်ရတော့မယ် ဆိုတော့ NLD မှာက ခေါင်းဆောင်တွေ အထဲရောက်နေတယ်။ အဲ့ဒိအတွက် NLD ဟာ မဝင်ဘူး။ နောက် အကျဉ်းကျနေတဲ့သူတွေ ပါလို့ မရဘူးဆိုတဲ့ အချက်ကြောင့်လဲ ပါတယ်ပေါ့။ အဲ့ဒိမှာ ရွေးကောက်ပွဲ ဝင်ချင်တဲ့သူတွေ NLD ကနေ ပဲ့ထွက်သွားတယ်။ အဲ့ဒိမှာ ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေထဲမှာ တကယ် အရည်ချင်းရှိတဲ့ သူတွေ ပါလာတယ်။ တကယ်တမ်း ရွေးကောက်ပွဲ ဝင်ဖို့ ပါတော့မယ်ဆိုတော့ သူက တကယ့် နိုင်ငံရေး သမားကြီးတွေ ကို ကန့်သတ်လိုက်တယ်။ ဦးခင်မောင်ဆွေတို့၊ ကိုဖြိုးမင်းသိန်းတို့ကို အသနားခံစာလို လျှောက်လွှာ တင်ရမယ်တွေ ဘာတွေ လျှောက်လုပ်တယ်။ ဒါဟာ သူတို့ ရွေးကောက်ပွဲအတွက် အနှောက်ယှက်တွေကို တားပြီး အကွက်ရွှေ့တယ်။ ဒါက ဒုတိယ အကွက်ပေါ့။ နောက် ရွေးကောက်ပွဲလုပ်ပြီးပြီ။ ဦးတင်ဦးတို့၊ အန်တီစု တို့ကို ပြန်လွှတ်လိုက်တယ်။ ခုလဲ NLD မှတ်ပုံတင်ဖို့ ဆုံးဖြတ်တယ်။ အဲ့ဒိမှာ ၈၈ မျိုးဆက်တွေဟာ ကန့်ကွက်နိုင်တဲ့ အင်အားစု လို့ ယူဆပုံရတယ်။ ဒါကျွန်တော့် အမြင်သက်သက်ပါ။ အဲ့ဒိတော့ ဒီအဖွဲ့တွေကို လွှတ်မယ် ဆိုရင်တောင် ကျွန်တော် ထင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ပြီးလောက်မှ ပြန်လွှတ်မလားလို့ ကျွန်တော် ထင်တယ်’
အဲ့ဒိမှာ အကိုတစ်ယောက်က ခေတ်အဆက်ဆက် ကျောင်းသားတွေဟာ အမြဲတမ်း တာဝန်ကျေခဲ့တယ်လို့ သူ့အမြင်ကို ဖြည့်စွက် ပြောပါတယ်။
ပြီးတော့ NLD အနေနဲ့ ဘာလို့များ ၉၃ ညီလာခံက ထွက်သွားတာလဲ လို့ မေးတော့ ထွက်သွားတာ မဟုတ်ဘူး ထုတ်လိုက်တာ လို့ ပြောပါတယ်။ အမျိုးသား ညီလာခံလုပ်တာဟာ အရင်က အခြေခံဥပဒေ ရေးဆွဲဖို့ မဟုတ်သေးဘူး။ အဲ့ဒိမှာ ထူးဆန်းတာက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အဖွဲ့ချုပ်ကိုယ်တိုင် လူဦးရေ ခွဲတမ်းနဲ့ပဲ ရတယ်။ တစ်ခြား ပါတီတွေလဲ အတူတူပဲ။ အဲ့ဒိမှာ တောင်သူလယ်သမား အစုအဖွဲ့တို့ ဘာတို့ သူတို့လူတွေလဲ ပါတယ်။ အဲ့ဒိတုန်းကတည်းက အဖွဲ့ချုပ်ဟာ အနိုင်ရပါတီ ပေမယ့် အားလုံး ညီညွတ်ရေး သဘောထားပြီး ဒီခွဲတမ်း အတိုင်းပဲ ညီလာခံတက်ခဲ့တယ်။ အဲ့ဒိမှာ ယာယီသဘာပတိ ဆိုတဲ့သူတွေ ရှိတယ်။ တစ်ခြား ပါတီတွေ၊ အစုအဖွဲ့တွေကနေ တင်ပြလာတဲ့ဟာတွေလဲ ရှိတယ်။ ဒါကို ယာယီ သဘာပတိတွေက ဆုံးဖြတ်တယ်။ အဲ့ဒိမှာ အဖွဲ့ချုပ်က ဒီယာယီသဘာပတိတွေ အနေနဲ့ ဒီလို ဆုံးဖြတ်ပိုင်ခွင့် မရှိသင့်ပါဘူး လို့ စာတမ်းတင်ပြတယ်။ အဲ့ဒိစာတမ်းကို နောက်တစ်ရက်မှာ လုံးဝလစ်လျူရှုတယ်။ ဘာတုံ့ပြန်မှုမှ မပေးဘူး။ သဘာပတိတွေက တစ်ခြား စာတမ်းတွေကိုတော့ ဆက်လက်ဆွေးနွေးကြတယ်။ အဲ့ဒိမှာ အဖွဲ့ချုပ်ကို ဒါဟာ အသိအမှတ်မပြုတာ ဖြစ်တယ်။ လစ်လျူရှုတာ ဖြစ်တယ် ဆိုပြီး အဖွဲ့ချုပ်က လူတွေ ပြန်လည် ဆွေးနွေးတယ်။ အဲ့ဒိမှာ အဖွဲ့ချုပ်တင်ထားတဲ့ စာတမ်းကို အသိမှတ်မပြု၊ ပြန်လည် မတုံ့ပြန် သရွေ့ ညီလာခံကို တက်မှာ မဟုတ်ဘူးလို့ အသိပေးတယ်။ ညီလာခံမှာ စည်းကမ်း တစ်ခု ရှိတယ်။ မည်သည့်အဖွဲ့မဆို အကြောင်းမဲ့ ပျက်ကွက်မှု ၃ရက်ထက်ပိုရင် ညီလာခံကနေ ထုတ်ပယ်မယ် ဆိုတဲ့ စည်းကမ်းရှိတယ်။ သိပ်ထူးဆန်းပါတယ်။ ဒီနေ့ အသိပေးတယ်။ နောက်နေ့ ချက်ချင်းကြီး ညီလာခံကနေ ထုတ်ပယ်ပစ်လိုက်တယ်လို့ ရှင်းပြပါတယ်။
ထို့နောက် campaign လုပ်ခြင်းနဲ့ lobbied လုပ်ခြင်းကို မျှတအောင် လုပ်သင့်ကြောင်း တစ်ခါတစ်လေ အခြေအနေပေါ်မူတည်ပြီး တစ်ဘက်ဘက်ကို အားစိုက် လုပ်သင့်တဲ့အခါလည်း ရှိတဲ့ အကြောင်း ကျွန်တော်တို့ကို ရှင်းပြသွားပြီး လူငယ်တွေ ဒီလို နိုင်ငံရေး စိတ်ဝင်စားတာ အားရတဲ့ အကြောင်း ပြောသွားပါတယ်။ ဒီနေ့ခေတ်မှာ UG လုပ်စရာ မလိုတော့၊ အင်တာနက်ကနေ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီလို့ ပြောသွားပါတယ်။
ည၇နာရီလောက်မှာတော့ ကျွန်တော်တို့ စကားဝိုင်းလေးကို အဆုံးသတ်လိုက်ကြပါတယ်။ အမှန်တော့ အဲ့ဒိနေ့က ပြောသွားတာတွေ အများကြီးပါ။ ဒါက ကျွန်တော် မှတ်မိသလောက်လေးကို ကျွန်တော့်ဟန်နဲ့ ပြန်ရေးထားတာပါ။ (ချွတ်ချော်ခဲ့သည်များ ရှိပါက ကျွန်တော့်ကို ထောက်ပြပေးပါခင်ဗျာ။) နောင်များမှာလဲ အောင်ဆန်းပင်လုံစာဖတ်ခန်းလေးမှာ လူငယ် ဖွံ့ဖြိုးရေး သင်တန်းလေးတွေ အလျဉ်းသင့်သလို ဖွင့်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒိအတွက် ပါဝင်ကူညီလိုသူများ၊ သင်တန်း တက်ရောက်လိုသူ၊ ဆွေးနွေးပွဲများ ရှိပါက ဝင်ရောက် ဆွေးနွေး လိုသူ မည်သူမဆို လာရောက် နိုင်ပါတယ်လို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။
ဘုန်းမငြ့်ခိုင်





