မနိုးထချင်သေးဘူး။ မနိုးထချင်သေးဘူး။ လက်ခုပ်တီးသံတွေ ကြားတယ်။ ဟောဒီ မှောင်နေတဲ့ ခန်းငယ်လေးပါပဲ။ နောက်မှီ ကုလားထိုင်လေးမှာ ထိုင်ရင်း တံခါးမကြီးဆီကို တွေဝေငေးကြည့်မိတယ်။ ‘အနီရောင်ပန်းသီးတွေ…’။ အဓိပ္ပါယ်မဲ့ နှုတ်ခမ်းကို ခပ်တွန့်တွန့် ပြုံးလိုက်၏။ မှောင်လိုက်လင်းလိုက်..။ နတ်သမီးရုပ် နမူနာ ၊ ခေါင်းကျိုးနေသော မြှား..၊ စက္ကူစုတ်တွေ စီစီရီရီ ပြန့်ကျဲနေတယ်။ ‘သိပ်စိတ်ဝင်စားစရာ မကောင်းဘူး..’ ၊ သေဆုံးသွားသော မြေသားများကို သူတို့မသယ်နေကြစဉ် မြို့ကြီးရဲ့အချည်းအနှီး လဲလှယ်မှုတွေကို သူအံ့ဩမိတယ်။ လမ်းညွှန်ဆိုင်းဘုတ် တွေဆီက စစ်မှန်မှုဟာ ဒီနှစ်ထဲ လျှောက်နေရတဲ့ လမ်းတွေ မနည်းဘူးဆိုတာ သက်သေပြ နေသလိုပါပဲ။ လက်လွှတ်ခဲ့ရပြီးမှ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည် ရောက်ရှိခြင်းဟာ ဘူတာတစ်ခုအတွက် သုခလား၊ ဒုက္ခလား မကွဲပြားသေးပါဘူး။ တစ်ချို့ကလည်း မြို့ကြီးရဲ့ အသည်းနှလုံးလမ်းမကြီးပေါ်မှ ဖြတ်ရင်း သူတို့ဆန္ဒတွေ လှလှပပလေး သရုပ်ပြသွားကြတယ်။
ခပ်တိုးတိုးလေး ခိုးချတဲ့ သက်ပြင်းပါပဲ။ ဘယ်သူမှ မသိဘူး ထင်ရပေမယ့် မျက်နှာကျက် တွေထဲကနေ သိုဝှက်ရင်း နားထောင်နေကြတာပါပဲ။ ကျွန်တော်တို့ ပြောပြောနေတတ်တဲ့ ကြယ်တွေ… ထိုင်နေခဲ့တာများ အဲ့ဒိ အလင်းတွေ မှိန်ပျသွားတဲ့အထိပေါ့.. နိမ့်ဆင်းလိုက် မြင့်သွားလိုက်နဲ့ တောင်ကုန်းလေးတွေဆီ စွန်တစ်ကောင်ရဲ့ ပေါ့ပါးလတ်ဆတ်ခြင်းမျိုး….နဲ့ ..။ ရောရောထွေးထွေး တိမ်တိုက်တွေက ကျွန်တော့်အိပ်ခန်း ခေါင်းရင်း ပြတင်းပေါက်လေးဆီကနေ အခြားတစ်ဘက် ပြတင်းပေါက် တစ်ခုဆီသို့ မမ်မိုရီတွေ စီးဆင်းသွားခဲ့ပါတယ်။ ဘယ်လိုလဲ ‘အ’တယ်လို့ ထင်နေခဲ့တဲ့ သစ်ပင်လေးဟာ အခုတော့လဲ အစွမ်းကုန် ညွှတ်တိမ်းယမ်းခါလို့…။ ဘယ်သူချန်ထားခဲ့တဲ့ ခြေရာတွေပါလဲ မိုင်ပေါင်းများစွာ ခရီးဆက်နေဆဲပဲ။ မနေ့က ဒါမှမဟုတ် မနက်ဖြန် လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ဒီနေ့ ကျွန်တော်တို့ ဘယ်ကိုမှ ပြေးမထွက်ရသေးပါဘူး။
အကယ်၍များ အထင်လွဲမှားမှု နာရီတွေကို ပြန်လှည့်နိုင်ခဲ့ရင်..၊ အရှိတရားတွေကို ခပ်ပြင်းပြင်း ရှိုက်ရှူရင်း နှစ်လိုဖွယ်ကောင်းတဲ့ အလင်းခပ်မှိန်မှိန် ကျေးလက်လမ်းတွေမှာ ကျွန်တော်တစ်ယောက် ရွာရိုးကိုးပေါက် လျှောက်နေမိမယ် ထင်ပါရဲ့။ ခေါင်းလောင်းထိုးသံတွေ ဟိုးခပ်ဝေးဝေး တောင်ကုန်းတွေဆီကနေ လွင့်လွင့်လာနေတယ်။ ဓာတ်မီးတိုင်လေးများ ကွေးညွှတ်နေတဲ့ ည…၁နာရီ ၂၅ မိနစ်။
‘သီအိုရီတွေ ရွတ်ဆိုမှုကနေ အမှန်တရား ဝါဒတွေဆီကို တရွေ့ရွေ့ လျှောက်သွားရလိမ့်မယ်’
ယခင် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော မျက်စိတဖက်လှပ် အဘိုးအို တစ်ဦးက ဆေးပြင်းလိပ်ကို ခဲရင်း မီးတိုင်မှိန်မှိန် အောက် ရောက်လာတဲ့ ကျွန်တော့်ကို ပြောလိုက်ခြင်း ဖြစ်သည်။ မကြားဟန်ပြုပြီး ရှေ့ဆက်လျှောက်ရမှာလား ပြုံးပြ နှုတ်ဆက်ရမှာလား ကျွန်တော့် ခြေလှမ်းတွေက မသဲကွဲဘူး ဖြစ်နေတယ်။ ဒါပေမယ့် တကယ်တမ်း ကျတော့ အဘိုးအို ထိုင်နေတဲ့ သစ်သားပုံးလေးပေါ်မှာ မျှဝေထိုင်လိုက်မိတယ်။ နှင်းတွေက တဖြည်းဖြည်း တိုးပြီးကျလာနေတယ်။
တရိပ်ရိပ် ရွှေ့လျားသွားသည်လား၊ နဂိုမူလအတိုင်း ရှိနေသည်လား မကွဲပြားခဲ့ဘူး။ ရှိခဲ့ပြီးသော ဖြစ်တည်ခြင်းတွေ တစ်လွှာချင်း ကွာကျပြီး နှစ်ကာလများတိုင်အောင် ခပ်ကြမ်းကြမ်း ခရီးနှင်ခဲ့ရပုံပါပဲ။ တစ်ခါတစ်လေ သူပြောတဲ့ ဘာသာစကားတွေ နားလည်သလိုလိုရှိပြီး တစ်ခါတစ်လေကျတော့ သူ ဘာ ဘာသာစကား ပြောနေမှန်း ဝေခွဲမရ ဖြစ်နေတတ်တယ်။ ညတာတွေက မလိုအပ်ပဲ ရှည်နေလိုက်တာ။
ပုံပြင်က အဆုံးမသတ်ခင်မှာပဲ ရပ်နားထားလိုက်တယ်။ ကျွန်တော်ကလဲ အလိုက်တသိနဲ့ နှုတ်ဆက်ပြီး လမ်းခွဲလိုက်တယ်။ အဖိုးအိုက ကျွန်တော့်ကိုပင် နှုတ်ဆက်စကား မဆိုတော့ပဲ သူ့အတောင်ပံကြီးကို ဖြန့်ကားကာ ကောင်းကင် အထက်သို့ ပျံသန်းထွက်ခွာသွားတော့တယ်။
ခေါ်သံတွေပါပဲ။ အရပ်မျက်နှာ တိတိပပ မသိတဲ့ဆီကနေ လက်ယက်ခေါ်နေသံတွေပေါ့။ လေတိုးသံတွေ တဖြည်းဖြည်း တိုးလာနေတယ်။ ကျပြီးရင်း ကျနေတဲ့ နှင်းထုတွေကြားမှာ အရာရာ မှုန်ဝါးလွင့်ပျယ်လို့။
လှုပ်လီလှုပ်လဲ့သွားနေတဲ့ ရထားရဲ့ ပြတင်းပေါက် မြင်ကွင်းဆီမှာ အချိန်ကာလ တော်တော်ကြာကြာ ကတည်းက မြတ်နိုးမိတဲ့ အရာတွေရှိနေတယ်။ ကျွန်တော်တို့ ဘယ်ကိုသွားမှာလဲ၊ ဘယ်အချိန် ရောက်ရှိမှာတဲ့လဲ။ ပုံဖော်ပြနိုင်စွမ်း မရှိသေးတဲ့ အိပ်မက်ပန်းချီကားတွေ တစ်ဘက်သတ် ရဲရင့်ခြင်းတွေ ကိုယ့်ဆင်ခြေနဲ့ ကိုယ်…။ တစ်လိပ်လိပ် တက်လာနေသော မိုးသားတွေ ရွာချတော့မယ်တဲ့လား ကျွန်တော် သွားနေပါတယ် ကျွန်တော် သွားနေခဲ့ပါတယ် မကုန်နိုင်မခမ်းနိုင် မိုင်တိုင်တွေဆီက နှုတ်ဆက်ခဲ့ရခြင်းတွေ လူသားဆန်ဆန် ကျောခိုင်းခဲ့ပါတယ်။
ဘာကိုမှ ထပ်မံ ဖန်တီးပစ်ဖို့ မလိုအပ်ခဲ့ပါဘူး။ နောက်ထပ် ဘယ်တော့မှ ဖြစ်မလာတော့မယ့် သမိုင်းတွေ အုတ်ဂူတွေ အဖြစ် မှတ်တမ်းအဖြစ် တင်နိုင်ခဲ့ပေမယ့် ကျွန်တော် ဂုဏ်မယူမိခဲ့ပါဘူး။ ခြေလှမ်း တစ်လှမ်းရဲ့အစ တောအုပ်တွေဆီလား၊ တောင်တန်းတွေဆီလား၊ ပင်လယ်တွေဆီတဲ့လား၊ အရာအားလုံးဟာ အရာအားလုံး ဖြစ်ကြပါတယ်။ ဒါပေမယ့် အရာအားလုံးဟာ အရာအားလုံး မဟုတ်ကြပါဘူး။
ဖြစ်တည်ခြင်း သီအိုရီတွေဆီက လမ်းခွဲခဲ့ပြီး နောက်မှာ ကျွန်တော်ဟာ ပြိုကျ ပျက်စီးနေတဲ့ ရဲတိုက်ဟောင်း တစ်ခု ဖြစ်ချင် ဖြစ်နေပေမယ့်လဲ ကျွန်တော် ပျော်နေခဲ့ပါတယ်။ မြို့လေးရဲ့ မနက်ခင်းတွေက အိပ်တစ်ဝက် နိုးတစ်ဝက် အတွေးတွေကို ပကတိ ကြည်လင်ရှင်းသန့် နေစေပါတယ်။ ကျွန်တော်ဟာ ကျွန်တော်ပဲ ဖြစ်နေခဲ့ပြီး လွန်လေပြီးသော အရာတွေအားလုံးကို မေ့လျော့သွားစေခဲ့ပါတယ်။ ဥဒဟို ဖြတ်သန်းသွားလာနေကြသော မြို့သူ မြို့သားတွေဟာ ကျွန်တော်နဲ့ အကွာဝေးမသိ ခြားနားနေသလို နီးနီးကပ်ကပ်လဲ ရှိနေတတ်ကြပါတယ်။
ဆည်းလည်းသံတွေ ကြားနေရတယ်။ ‘ချွင်…ချွင်…ချွင်’ စည်းချက်ဝါးချက် မှန်မှန်နဲ့ လေတိုက်တိုင်း အဲ့ဒိစေတီပုထိုးတွေဆီက လွင့်လွင့်လာတယ်။ ငြိမ်းအေးခြင်း နမိတ်ပုံတွေဟာ ကျွန်တော် အမြဲတမ်း မက်နေခဲ့တဲ့ အိပ်မက်တွေ ပါပဲ။ ဒါပေမယ့် တော်တော်လေးတော့ ကွာဝေးလွန်းနေသေးပါတယ်။ မနက် ၅နာရီတိတိ..။ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ ဘယ်သူ့ကိုမှလဲ တပ်မက်တွယ်တာမှုတွေ မပေးခဲ့ပါဘူး။ ခြေလှမ်းတွေဟာ အခုထိ ဝေဝေဝါးစွာနဲ့ တစ်လှမ်းခြင်း တစ်ရွေ့ခြင်း…။
အဲ့ဒိတေးသွားတွေကို ရပ်ပစ်လိုက်ပြီးပြီ။ ငါ့မှာ သံယောဇဉ် နတ္ထိ၊ တဇောက်ကန်းလို့ ပြောချင်ပြောကြပါလိ့မ်မယ်။ နောက်ထပ် ခရီးမှာ ခရီးဖော် မလိုတော့ဘူး။ ရှတကြမ်းတမ်းသော လမ်းတွေ ငါလဲကျ သေဆုံးချင် သေဆုံးသွားနိုင်ပေမယ့် ငါဘယ်သူ့အတွက်နဲ့မှ ရှင်သန်နေစရာ အကြောင်းမရှိသလို၊ ဟန်ဆောင်ထားတဲ့ ဂရုဏာတွေ တမင်သက်သက် ဖန်တီးနေဖို့ မလိုတော့ဘူး။ သိပ်ကို ပျော်စရာကောင်းပါတယ်။
လရောင်မှိန်မှိန်အောက်မှာ ရပ်ထားတဲ့ လှေငယ်လေး တစ်စင်းဆီသို့ တရွေ့ရွေ့ သွားနေမိတယ်။ မျက်ရည်တွေ ကျနေတတ်တဲ့ ကောင်းကင်ဆီက ကြည်လင်ရှင်းသန့်ခြင်းတွေ ဘယ်အခါမှ အခုလောက် မတွေ့ဖူး သေးဘူး။ အချိန်အခိုက်အတန့် တစ်ခုထိ ငေးမောနေမိတယ် ထင်တယ်။ လှေငယ်လေးက တိုးတိတ် ငြင်သာစွာ မြစ်ပြင်ကျယ်ကို ဖြတ်သန်းသွားနေတယ်။ မနက်ဖြန်တွေ ဘယ်တော့ရောက်လာမှာလဲ။ ကျွန်တော် မျက်နှာချင်းဆိုင်ဆီက အပြုံးတစ်ခုကို တွေ့လိုက်ရတယ်။ အရာအားလုံးထက် လှပတဲ့ အပြုံးမျိုးပါပဲ။ ဘယ်တော့မှ မေ့တော့မယ် မဟုတ်ဘူး ထင်ပါရဲ့။ ဘယ်နှနာရီ ဘယ်အချိန်ရှိပြီလဲ ကျွန်တော်မသိခဲ့ပါဘူး။ အရာအားလုံးဟာ နရီစည်းချက်ကျနစွာ လှုပ်ရှားပြောင်းလဲသွားနေတယ်။
တစ်ကိုယ်တည်းတိုးတတိတ် ရွတ်ဆိုမိတယ်..။
‘အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် မေရီရယ်’
အရာအားလုံးဟာ ဘာတုံ့ပြန်သံမှ မကြားရလောက်အောင် ပင်းအနေကြတယ်။ ထုံးစံအတိုင်း နှင်းတွေ ခပ်ဖွဖွ တိုးပြီး ကျလာနေတယ်..။ ဘယ်သူမှ မရှိတော့လောက်အောင်ပါပဲ။ ပါးပါးလျလျ ခြေသံလေးတွေ ကြားရတယ်။ တကယ်တော့ ငါ.. မနိုးထ ချင်သေးဘူးကွယ်…။
HOE, Magazine
