အောင်ဆန်းပင်လုံ နှင့် ဒေါ်အောင်ဆန်းစုကြည်

အောင်ဆန်းပင်လုံ စာဖတ်ခန်း တစ်နည်းအားဖြင့် စာကြည့်တိုက်လေးဟာ သင်္ကန်းကျွန်းမြို့နယ် ခတ်ချီးယား မှတ်တိုင်မှာ တည်ရှိပါတယ်။ ဒီစာကြည့်တိုက်လေးကို သင်္ကန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေ က ကြိုးပမ်းခဲ့ကြလို့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ စာကြည့်တိုက်လေး မဖွင့်မှီ ၂ရက်အလိုလောက်တုန်းကမှ ကျွန်တော် ပထမဆုံး အကြိမ် ရောက်ဖူးခဲ့တာ ဖြစ်ပြီး အဲ့ဒိစာကြည့်တိုက်လေးထဲက စုံလင်လှတဲ့ စာအုပ်အမျိုးစားတွေကို ကြည့်ရုံနဲ့ စာကြည့်တိုက် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့တွေ အနေနဲ့ ဘယ်လောက် ကြိုးစား အားထုတ်ထားတယ် ဆိုတာ သိနိုင်ပါတယ်။  ကျွန်တော် ဒီစာကြည့်တိုက်လေးကို ရောက်ဖြစ်တာကလဲ သင်္ကန်းကျွန်းသားတွေ ဖြစ်ကြပြီး စာကြည့်တိုက် အတွက် သင်္ကန်းကျွန်း အဖွဲ့ချုပ် လူငယ်တွေနဲ့ အတူ တတပ်တအား ကူညီပေးနေတဲ့ ကိုဇော်ဇော်နဲ့ ကိုမိုးလှိုင်ညတို့ ကြောင့်ဖြစ်ပါတယ်။ အဲ့ဒိနေ့ညနေကလဲ မရည်ရွယ်ဘဲ သူတို့ဆီရောက်သွားရာက စာကြည့်တိုက် ဖွင့်ပွဲအတွက် ဗီနိုင်းဒီဇိုင်း လုပ်ပေးဖြစ်ခဲ့ပါတယ်။ ဒီဇိုင်းလုပ်တယ်ဆိုပေမယ့် ကျွန်တော်က ကွန်ပျူတာ ကိုင်ကာ တစ်ချို့ အိုင်ဒီယာတွေကို ကိုဇော်နဲ့ ကိုမိုးလှိုင်ညတို့က ဘေးက အကြံပေးကြတာပါ။ အဲ့နေ့ညက ဒီဇိုင်းထိုင်ဆွဲလိုက်၊ သင်္ကန်းကျွန်းအဖွဲ့ချုပ်က အသိတွေနဲ့ စကားတွေ ဖောင်ဖွဲ့လိုက်နဲ့ အတော်လေး မိုးချုပ်သွားလို့ ကျွန်တော့်အိမ်ပြန်ဖို့ ဘတ်စ်ကား မရှိတော့တာနဲ့ အဲ့ဒိစာကြည့်တိုက်လေးမှာပဲ အိပ်ဖြစ်ခဲ့တယ်။

‘စာကြည့်တိုက်ဖွင့်ပွဲ မနက် ဆယ်နာရီကို အန်တီလာလိမ့်မယ်’ အဲ့ဒိနေ့က ကိုမိုးလှိုင်ညလား ၊ ကိုမြသန်းထိုက်လား မသိဘူး ပြောလိုက်တာ၊ ကျွန်တော်က ဒီနေ့ မနက်စောစော ၇နာရီလောက်ကတည်းက ထပြီး ရေမိုးချိုးပြီး ၈နာရီလောက်မှာ သင်္ကန်းကျွန်းကို ထွက်ခဲ့တယ်။ ကိုဇော့်ကို ဖုန်းဆက်တော့ စောစော လာခဲ့ စောစော မလာရင် အပေါ်တက်လို့ ရတော့မှာ မဟုတ်ဘူးဆိုလို့ မမှီမှာစိုးလို့ တက္ကစီငှားသွားတယ်။ ဟုတ်ပါရဲ့ ရှားရှားပါးပါး အန်တီစုကို တွေ့ရမှာ ဆိုတော့။ အန်တီစု နေအိမ်အကျယ်ချုပ် လွတ်မယ်လို့ ကြားပြီး အဖွဲ့ချုပ်ရုံးရှေ့မှာ သွားစောင့်ဆိုင်းတုန်းကလဲ တကယ်အဲဒိနေ့က မလွတ်သေးဘူးဆိုတော့ လှည့်ပြန်ခဲ့ရတယ်။ တကယ်တမ်း အန်တီ ထွက်လာပြီး ရုံးရှေ့မှာ ဟောပြောတုန်းကလဲ ကျွန်တော်က အဲ့ဒိပွဲနဲ့လွဲခဲ့တယ်။

ကျွန်တော်ကတော့ ပါတီ၊ ပုဂ္ဂိုလ်ဆိုတာထက် ကျွန်တော်တို့ ငယ်ငယ်ကလေးထဲက ပုံတွေထဲမှာ၊ စလောင်းမှာ ၊ နိုင်ငံခြား သတင်း ၊မဂ္ဂဇင်း၊ ဂျာနယ် တွေမှာ အမြဲတမ်း တွေ့ဖူးနေတဲ့ ကျွန်တော်တို့နဲ့ ရင်းနှီးနေတဲ့ လူထုပုံရိပ် ဖြစ်တဲ့ အန်တီစုကို အပြင်မှာ နီးနီးကပ်ကပ် မြင်ဖူးချင်တာပါပဲ။ အန်တီပုံရိပ်တွေဟာ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေး လောကမှာ အများဆုံး ထင်ဟပ်နေတယ်ဆိုရင် မမှားပါဘူး။ ဒီလိုပဲ ဘယ်သူပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးနဲ့ နှီးနွယ်နေတဲ့ သူတိုင်း အန်တီစုကို မတွေ့ဖူးချင်တဲ့သူ ဘယ်သူ မရှိလို့တုန်း။ အန်တီထွက်လာပြီးကတည်းက အန်တီနဲ့သွားသွားတွေ့ ကြပြီး ဓာတ်ပုံတွဲရိုက်တဲ့သူတွေ ကလဲ တပုံတပင်။ ဒီထဲမှာ ဟိုလိုလို ဒီလိုလို နိုင်ငံရေး သမားတွေတောင် ပါသေး။ ကျွန်တော်ကတော့ အန်တီ့ကို တွေ့ချင်တာ ဘာနဲ့တူလဲ ဆိုတော့ ကလေး တစ်ယောက်က နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်ယောက်ကို အပြင်မှာ တွေ့ဖူးချင်တာမျိုး အဖြစ်နဲ့ တူမလား မသိဘူး။

အဲ ဆက်ပြောရရင်တော့ ရောက်ပြီး ခဏလောက် ခတ်ချီးယား မှတ်တိုင်နားက လက်ဖက်ရည်ဆိုင်မှာ အပေါ်မတက်ခင် သူငယ်ချင်းတွေနဲ့ ထိုင်ပြီးမှ အပေါ်တက်ကြတယ်။ လူတွေ မရှုပ်ခင် အပေါ်တက်ထားတာ ကောင်းတယ်၊ တော်ကြာ အဖွဲ့ချုပ်က အန်တီ့ လုံခြုံရေး အဖွဲ့တွေ လာရင် ကျွန်တော် အပေါ်တက်ရမှာ မဟုတ်ဘူး။ ကျွန်တော်၊ ကိုဇော် နဲ့ ကိုမိုးလှိုင်ည တို့လဲ စာကြည့်ခန်း အပေါ်ကို တက်ကြတယ်။ အဲ့ဒိတိုက်အောက်ထပ်မှာတော့ သီချင်းသံတွေ ညံနေတာပဲ။ အောက်ဘက်မှာ Save the Irrawaddy စာရွက်ဝေနေတဲ့သူတွေ၊ ဘာပစ္စည်းလေးတွေလဲ မသိဘူး ခုံလေးတွေနဲ့ချထားတာလဲ တွေ့တယ်။ ကျွန်တော်တော့ သေချာ သတိမထားမိဘူး။ အပေါ်ရောက်တော့ အပေါ်ဘက်မှာ တိုက်ခန်းငယ်လေးထဲမှာ လူတွေ တလှုပ်လှုပ်နဲ့ အလုပ်များနေကြတယ်။ အများစုက သင်္ကန်းကျွန်း NLD က အဖွဲ့ဝင်တွေ။ အခန်းလေးက ပြီးခဲ့တဲ့ ၂ရက်လောက်တုန်းကလို မဟုတ်တော့ စာအုပ်စင်လေးတွေနဲ့ သပ်သပ်ရပ်ရပ်။ စုစုပေါင်း စာအုပ်စင် ၇စင်လောက်ရှိတယ်။ စာအုပ်အမျိုးအစားကလဲ စုံစုံလင်လင်။ ရသ၊ သုတ အပါဝင် ရှားပါး စာအုပ်တွေလဲရှိတယ်။ စိတ်ဝင်စားရင် လာရောက် လေ့လာဖတ်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အဲ့ဒိကျမှ ကျွန်တော် ဘာကြောင့် ရှားပါးစာအုပ်တွေ အစုံလင်ရှိတယ်ဆိုတာ ပြောလဲ နားလည် သွားကြလိမ့်မယ်။

ကျွန်တော်တို့ တက်လာပြီး တစ်နာရီလောက်နေတော့ လူတွေက အခန်းကျဉ်းလေးထဲမှာ တစတစ များလာတယ်။ ဂျပန်သတင်းထောက်တွေနဲ့ တစ်ခြား နိုင်ငံခြားသား သတင်းထောက်တွေလဲ တွေ့ရတယ်။ ခဏနေတော့ လူကြီး တစ်ယောက်ရဲ့ ညွှန်ကြားချက်အရ အန်တီစု လာခါနီးပြီမို့ တာဝန်ပုဂ္ဂိုလ်တွေ မဟုတ်သူတွေကို အောက်ထပ်ကို ဆင်းပေးဖို့ တောင်းဆိုတယ်။ အားလုံး သင်္ကန်းကျွန်းအဖွဲ့ချုပ်က လူတစ်ချို့တွေအပါဝင်၊ သတင်းထောက်တွေပါ  အလျှိုလျှိုပြန်ဆင်းသွားကြတယ်။ ဒါပေမယ့် သတင်းထောက် ၂ယောက် (မြန်မာလူမျိုး) နဲ့ အမေရိကန်နိုင်ငံသားဟု ယူဆရသော နိုင်ငံခြားသားတစ်ယောက် အားလုံးပေါင်း သုံးယောက်ကျန်ခဲ့တယ်။ လူတွေကလဲ ကိုယ့်အလုပ်ကိုယ် ရှုပ်နေကြတာမို့ သူတို့ကို သတိမူမိကြပုံမပေါ်ဘူး။ ကျွန်တော်အနေနဲ့ကတော့ အဲ့ဒိ နိုင်ငံခြားသားကို အခန်းထဲမှာ လိုက်လျားလိုက်လျား မျက်စိရှေ့မှာ ဟိုလျှောက်ဒီလျှောက် လုပ်နေတာမို့ အတော်လေး မျက်စိနောက်နေမိတယ်။ တာဝန်ရှိသူမဟုတ်သူတွေနဲ့ သတင်းထောက်များကို အောက်ဆင်းခိုင်းထားတယ်မို့လား သင်္ကန်းကျွန်း အဖွဲ့ချုပ်က လူတစ်ချို့နဲ့ တစ်ခြား သတင်းဌာနက လူတွေတောင် ပြန်ဆင်း သွားပြီ။ ဒင်းတို့က ဘာလို့ ပြန်မဆင်းတာလဲ ဆိုပြီး ကျွန်တော် စိတ်ထဲ ဘဝင်မကျဖြစ်နေမိတယ်။ ကျွန်တော်နဲ့တော့ မဆိုင်ပေမယ့် စည်းကမ်းဟာ စည်းကမ်းပဲမို့ အားလုံးတန်းတူ လိုက်နာရမယ်မဟုတ်လား။

ဒါနဲ့ ကိုဇော့်ကို တိုးတိုးလေး မေးလိုက်တော့ သူလဲ သေချာတော့ မသိဘူး။ ရုံးချုပ်က pass ပေးထားတဲ့သူလား ဘာလား မသိဘူးပေါ့။ ဒါနဲ့ ၁၀နာရီထိုးခါနီးတော့ ဖုန်းဝင်လာတယ်။ အန်တီ သင်္ကန်းကျွန်း ဘက်ကို လာနေပြီတဲ့။ ပြီးတော့ ဒီလူက လိုက်လျားလိုက်လျားနဲ့ ပြတင်းပေါက်ကနေ ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်နေပြန်တယ်။ ဒါနဲ့ အောက်က လူတစ်ယောက်က တက်လာပြီး ‘ဒီလူတွေဘာလို့ မဆင်းခိုင်းတာလဲ၊ အောက်က တစ်ခြား နိုင်ငံခြား သတင်းထောက်တွေက ကွန်ပလိန်းတက်နေကြပြီ’လို့လာပြောတယ်။ ဒါနဲ့ နောက်ဆုံးတော့ သူတို့ကိုပါ ဆင်းခိုင်းလိုက်တယ်။ ကြည့်ရတာ ဘယ်သူကမှ ခွင့်ပြုချက် ပေးထားတာမဟုတ်ဘဲ လူလည်ကျပြီး ဟိုလိုလို ဒီလိုလို ပေကပ်နေကြတာထင်တယ်။

ဒါနဲ့ အရင်ဆုံး အန်တီ့ကားမရောက်ခင် ဘဘဦးဝင်းတင် ရောက်လာတာကို တိုက်ပေါ်ကနေ လှမ်းမြင်လိုက်ရတယ်။ ဘေးက လူ၂ယောက်တွဲပြီး တိုက်အောက်ကို ဝင်လာတော့ အပေါ်တက်လာမယ်တောင် ထင်သေးတယ်။ ကျန်းမာရေးကြောင့် ထင်တယ် အပေါ်တက်မလာပါဘူး။  လူတွေက တဖြေးဖြေး အုံလာပြီး၊ တဖက်ခြမ်းမှာလဲ အရပ်ဝတ် ရဲတစ်ချို့ကလဲ ရှိသေးတယ်။ သူတို့လဲ ဓာတ်ပုံရိုက်ရတာ ဝါသနာ ပါလို့ ထင်ပါရဲ့ဗျာ။ သူတို့မို့ အလုပ်ရှုပ်ခံပြီး လိုက်ရိုက်နေတယ်။ (အထက်က ခိုင်းတာကော ဟုတ်ရဲ့လားမသိပါဘူး)။

ခဏနေတော့ အန်တီ့ကား ရောက်လာတယ်။ စပီကာတွေကို တိုက်အောက်မှာ ချထားတာမို့ အပေါ်ထပ်က မိုက်ခရိုဖုန်းသံဟာ ဝန်းကျင်တစ်ခုလုံးကို ဟိန်းထွက်သွားတယ်။ ‘အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် လူငယ့်ရေးရာ တာဝန်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပါပြီ’ အန်တီရောက်လာတော့ အဆင်သင့်ပြင်ထားတဲ့ ဖဲကြိုးကိုဖြတ်ပေးပြီး အခမ်းအနားကို ဖွင့်ပေးတယ်။ အဲ့ဒိအသံလဲ ကြားကော သွားလာနေတဲ့ ကားတွေကော တစ်ခြားတိုက်တွေဆီက လူတွေ အလျှိုအလျှို ထွက်ကြည့်ကြတယ်။ ပလက်ဖောင်း လမ်းဘေးတစ်ဘက် တစ်ချက်ဆီမှာလဲ လူတွေအုံလို့။

ဘဘဦးတင်ဦး အရင်တက်လာပြီး ရှေ့ဆင့်နောက်ဆင့်ပဲ အန်တီတက်လာတယ်။ အန်တီက ဝင်လာကတည်းက ‘နေကောင်းကြလား’လို့ ချိုချိုသာသာ နှုတ်ခွန်းဆက်စကား ဆိုတယ်။ အန်တီအခန်းထဲ ဝင်ဝင်လာချင်းမှာပဲ အန်တီ့ကို မြင်လိုက်တော့ ကလေးတစ်ယောက်က သူမြင်ချင်တဲ့ အောင်မြင်ကျော်ကြားတဲ့ သူကို မြင်လိုက်ရသလိုမျိုး အတော်ကြီး ပျော်သွားတယ်။ အန်တီစုကို အပြင်မှာ အဲ့လောက် နီးနီးကပ်ကပ် တစ်ခါမှ မမြင်ဖူးသေးဘူး ကိုး။ အန်တီလို့သာ ခေါ်နေပေမယ့် တကယ်တမ်း ကျွန်တော့်အဖွားလောက် ရှိတယ်။ ကျွန်တော် ဓာတ်ပုံတွေထဲမှာ အန်တီငယ်ငယ်တုန်းက ပုံတွေကို မကြာခဏ မြင်ဖူးနေတော့ အခုအန်တီဟာ မျက်လုံးမှာ အရေးအကြောင်းလေးတွေနဲ့ ဖွားဖွားအရယ်ကို ရောက်လုနေပြီ။ ဪ အချိန်တွေက အကုန်မြန်သွားခဲ့တာများ..။

အန်တီ့ကြည့်ရတာ ပြုံးပြုံးရွှင်ရွှင် လန်းလန်းဆန်းဆန်းနဲ့ ဧည့်သည်တော် မှတ်တမ်း လက်မှတ်ကို ဘဘဦးတင်ဦး ထိုးနေတာကို အနောက်မှာ ရိုရိုသေသေ မတ်တပ်ရပ်နေတယ်။ ဒါဟာ အတုယူစရာ အချက်ဖြစ်ပါတယ်။ သူဟာ ဘယ်လောက် ကမ္ဘာနဲ့ချီ ကျော်ကြားတဲ့သူ ဖြစ်ပါစေ၊ ရိုသေထိုက်သူတွေကို ရိုသေလေးစားတာဟာ ယနေ့ခေတ် မျိုးဆက်သစ်တွေ အတုယူစရာ ဖြစ်ပါတယ်။

အန်တီလက်မှတ်ထိုးပြီးတော့ အဲ့ဒိအနောက်ဘက် နံရံမှာ ချိတ်ထားတဲ့ ဗီနိုင်းပေါ်က ‘အောင်ဆန်းဝါဒ’ ဆိုတဲ့ ကဗျာကို စိတ်ဝင်တစား သေသေချာချာ ဖတ်တယ်။ ပြီးတော့ စာကြည့်ခန်းထဲက စာအုပ်စင်တွေဆီကို လိုက်ကြည့်တယ်။ ကိုမိုးလှိုင်ညက လိုက်ရှင်းပြတယ်။ (ကျွန်တော်နဲ့ ကိုဇော်က အန်တီ့နောက်က ဓာတ်ပုံလိုက်ရိုက်ကြရင်း နှစ်ယောက်သား ကိုမိုးလှိုင်ကို ကြည့်ပြီး ‘ အန်တီစုကို ဒတ်စမွန်တူးတူး တူ ဒတ်စမွန် တူးပွိုင့်ဖိုက် လိုက်ပြနေတာ’ လို့ အချင်းချင်း တိုးတိုးလေးကပ်ပြောပြီး တဟိဟိ လုပ်နေကြသေးတယ်)။ အန်တီက စာအုပ်စင်ကို လိုက်ကြည့်ရင်း စာအုပ်တွေကို အမျိုးစားလိုက်ဖြစ်ဖြစ်၊ စာရေးဆရာအမည်လိုက် ဖြစ်ဖြစ် စီထားရင် ပိုရှာရ ပိုလွယ်မယ်လို့ အကြံပြုတယ်။

ပြီးတော့ ကွန်ပြူတာနဲ့ အီးဘွတ်ခ်တွေ ဖတ်လို့ရအောင်၊ စီဒီနဲ့ ကူးယူသွားနိုင်အောင် စီစဉ်ထားတယ်လို့ အန်တီကို ပြတော့ စိတ်ဝင်တစား ကြည့်နေပြန်တယ်။ (ကျွန်တော် တစ်ယောက်တော့ ပါလာတဲ့ ဖုန်းနဲ့ ရိုက်လိုက် facebook ပေါ် ပုံတွေတင်လိုက်၊ ဗီဒီယိုတင်လိုက်နဲ့ Live update လုပ်နေရတာ ပျော်လို့။ သူဟာသူ နိုင်ငံခြားသတင်းထောက်တွေ ရှိနေတာတောင် ကျွန်တော့် လောက် အမြန်ဆုံး တင်နိုင်မယ် မထင်ဘူး။ ကျွန်တော်က ခုရိုက် ခုတင်။ Pride of Citizen Journalist ပေါ့ဗျာ :) )

ပြီးတော့ သင်္ကန်းကျွန်းမြို့နယ် NLD ဥက္ကဋ္ဌက ‘အောင်ဆန်းပင်လုံစာဖတ်ခန်း ဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်ချက်’ကို ရှင်းပြတယ်။ နောက်တော့ ဘဘဦးတင်ဦးက အမှာစကားပြောတယ်။ အဲ့ဒိနောက်တော့ အန်တီပြောတယ်။ ဒီစာဖတ်ခန်းကို တကယ်အသုံးပြုစေချင်လို့ ကျွန်မတို့ လာဖွင့်ပေးတာ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့လဲ ဒီစာဖတ်ခန်းလေးကို စာအုပ်တွေလှူတာဖြစ်စေ၊ ငွေလှူတာ ဖြစ်စေ ကူညီကြပါအုံးလို့ စသည်ဖြင့် လူငယ်တွေ အတွက် ဗဟုသုတ ရစေရန် ရည်ရွယ်ကြောင်းနဲ့ လူငယ်တွေ အတွက် အားဖြစ်စေမယ့် စကားလက်ဆောင်တွေ  ပြောကြားသွားခဲ့တယ်။ အန်တီပြောတော့ ကားတွေကော အောက်က လူတွေကော အုံခဲပြီး ကြည့်နေလိုက်ကြတာ၊ ကျွန်တော်က ဘေးကပ်လျက်မှာ ဖုန်းနဲ့ ဗီဒီယိုရိုက်နေရင်း အောက်က လူတွေနဲ့ မိုက်ခရိုဖုန်းကိုင်ပြီး စကားပြောနေတဲ့ အန်တီ့ကို တွဲဖက်မြင်နေရတာ ကျွန်တော်မြင်ဖူးခဲ့တဲ့ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ဓာတ်ပုံတွေထဲက လိုပါလားလို့ ခံစားမိတယ်။

ပြီးတော့ စာပွဲဝိုင်းမှာ ထိုင်ရင်း တည်ခင်းဧည့်ခံတဲ့ အစားသောက်တွေ နည်းနည်းစီ သုံးဆောင်ကြပြီး လူကြီးတွေ စကားစမြည်ပြောနေကြတယ်။ အဲ့ဒိမှာ အစီစဉ်မရှိဘဲ အလှူငွေ လာတက်လှူကြတဲ့ သင်္ကန်းကျွန်းမြို့နယ်က မြို့ခံ လူတွေလည်း အများကြီးပဲ။ တစ်ယောက်ပြီး တစ်ယောက် လာလာလှူကြတယ်။ အနည်းဆုံး ရှစ်သောင်းနဲ့ တစ်သိန်းကြား စာကြည့်တိုက် ရံပုံငွေအတွက် လှူဒါန်းကြတယ်။ အဲ့ဒိမှာ အန်တီမလာခင်က ဆင်းခိုင်းလိုက်တဲ့ သတင်းထောက် ငနဲသား သုံးကောင် ပြန်တက်လာကြတယ်။ တစ်ခြား သတင်းထောက် တစ်ချို့လဲ တစ်လှည့်စီတက်ခိုင်းတယ် ထင်ပါရဲ့။ လူကြီးတွေ စားသောက်နေတဲ့အခါနဲ့ အလှူရှင်တွေ လှူဒါန်းတဲ့အခါ ဓာတ်ပုံမရိုက်ဖို့ (တစ်ချို့က မီဒီယာတွေမှာ ပါချင်တာ မဟုတ်ဘူး တကယ့်စေတနာနဲ့ လာလှူကြတာ) မေတ္တာရပ်ခံထားတာကို အဲ့ဒိ အမေရိကန်နဲ့ တစ်ခြား သတင်းထောက် ၂ယောက်က တဖျတ်ဖျတ်ရိုက်တယ်။ နှစ်ခါ သုံးခါ မကဘူး ရိုက်သင့်တဲ့ အချိန်မှာ ပေးရိုက်ပါမယ်လို့ ပြောတယ်။ ကိုဇေယျာသော်လဲ ခဏခဏ တားပေးတယ်။ မရဘူး အဲ့ဒိလူက အတင်းကိုဇွတ်ကြီး ရိုက်နေတော့တာပဲ။ ပြီးတော့ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ မဆုဝေကို တက်နင်းမိတော့ မလောက်ကို အသည်းသန် ရိုက်နေတော့တာ။ နားလည်မှုလဲ မရှိ ကျင့်ဝတ်လဲ မရှိဘူး။ ကျွန်တော်နဲ့ သက်ဆိုင်တာ မဟုတ်လို့၊ ကျွန်တော်လဲ မြိုသိပ်နေတာ၊ မဟုတ်ရင် အမေရိကန်ကော ဘာကော နားမလည်ဘူး ပြောပစ်လိုက်ပြီ။ နားလည်မှုမရှိဘူး။ ဒါတင်ပဲလားဆိုတော့ မကသေးဘူး အတူပါလာတဲ့ မြန်မာ လူမျိုး သတင်းထောက်က အန်တီ့နား အတင်းကပ်ပြီး ဘာတွေ သွားပေးတာလဲ မသိဘူး။ စကားတွေလဲ လေကြောရှည်နေသေးတယ်။ ပြီး ခဏကြာတော့ လူကြီးတွေ စကားပြောနေတာကို အသံဗြဲကြီးနဲ့ အတူပါလာတဲ့ မြန်မာလူမျိုး သတင်းထောက်က ‘အန်တီသူက အန်တီနဲ့ ဓာတ်ပုံအတူရိုက်ချင်လို့ပါတဲ့၊ အဲ့ဒါရိုက်လို့ရမလား’ဆိုပြီး မေးတယ်။ အန်တီတောင် ဘာပြန်ဖြေရမှန်း မသိဖြစ်သွားလို့ ဘေးက မသင့်လျော်တာနဲ့ ပြီးမှ မေးပါ အဆင်ပြေရင် စီစဉ်ပေးမယ်ဗျာ လို့ ဝင်ပြောပေးကြရတယ်။ အဲ့ဒိနိုင်ငံခြားသားက သတင်းထောက်လဲ ဟုတ်ပုံမရဘူး။ ဘာကြောင့်လာလဲ မသိပေမယ့် အခွင့်ရေးတစ်ခုခု ကြောင့်လာတာ လို့ ကျွန်တော်တော့ ထင်တယ်။ အခုဟာက ရုပ်ပျက်ဆင်းပျက်ကို နားလည်မှုမရှိပဲ အခွင့်ရေးတောင်းဆိုနေတာ။ ဓာတ်ပုံရိုက်ချင်တိုင်း ရိုက်ရအောင်လဲ မင်းသမီးမဟုတ်ဘူးလေ။ ပြီးတော့ ဒါက စာကြည့်ခန်းဖွင့်ပွဲမို့ သက်သက် လာအားပေးပြီး ဖွင့်ပေးတာ။ ဘယ်လိုဟာတွေမှန်း မသိပါဘူးဗျာ။ အဲ့ဒါကြောင့် အန်တီ့နားက လုံခြုံရေးယူထားတဲ့ သူတွေနဲ့ သတင်းသမားတွေ တစ်ခါတစ်လေ ကတောက်ကဆ ဖြစ်ကြတာကိုးလို့ ကိုယ်ချင်းစာမိတယ်။ လုံခြုံရေးယူထားတဲ့သူတွေကော ၊ သတင်းသမားတွေဘက်ကကော မျှမျှတတလေး စဉ်းစားပြီး နှစ်ဦးနှစ်ဘက် နားလည်မှု ရှိသင့်တယ်ပေါ့။

ကျွန်တော်တို့လဲ အန်တီတို့ဝိုင်းက စားသောက်စရာတွေကို ကြည့်ပြီး ငတ်ကြီးကျနေတဲ့အချိန်မှာပဲ ကျွန်တော်တို့ ရှေ့ကို စားဖို့ စားစရာသောက်စရာ ပန်းကန်လေးတွေ လာချတော့ အနားထိုင်နေကြတဲ့သူတွေ ကျွန်တော့်လိုပဲ တပျော်တပါး ဝိုင်းနှိုက်စားကြတယ်။ အန်တီက စာကြည့်ခန်းဖြစ်မြောက်အောင် ပြုလုပ်ကြိုးပမ်းခဲ့ကြတဲ့ လူငယ်တွေကို အားပေးစကားနဲ့ ဩဝါဒ ပေးတယ်။ ‘ဘယ်ကိစ္စမဆို အခက်အခဲဆိုတာ ရှိမှာပဲ။ ဘယ်ကိစ္စမဆို ရှုံးနိမ့်မှုဆိုတာလဲ ရှိတတ်တာပဲ။ အဲ့ဒါလို ကြုံလာတဲ့အခါ ကိုယ့်ကို စမ်းသပ်တယ်လို့ သဘောထားပြီး ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ရဲရဲရင်ဆိုင်သွားဖို့ လိုတယ်’ လို့ ပြောတဲ့ စကားဟာ ရင်ထဲကို အတော်ထိတဲ့ စကားပဲ။

ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း စကားကောင်းနေတာနဲ့ အမ ၁၂နာရီထိုးနေပြီလို့ သတိပေးတော့မှ ဟုတ်ပါရဲ့ ဒါဆို သွားကြတာပေါ့လို့ ပြောပြီး ဗီနိုင်း ၂ခုပေါ်မှာ အမှတ်တရ လက်မှတ်ထိုးသွားပြီး ပြန်သွားကြတယ်။ အန်တီလဲ ပြန်ရော အောက်က လူအုပ်ကြီးကလဲ တဖြည်းဖြည်း ရှဲသွားကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာဖတ်ခန်းဟာ ကျွန်တော့်မြို့နယ်နဲ့ အနီးဆုံးမှာ တည်ရှိလို့ စာကြည့်စရာ နေရာလေး တစ်ခု ရပြီမို့ အတော်ပျော်မိတယ်။ နောက်လဲ စာအုပ်ဖြစ်ဖြစ် ငွေအားဖြင့် ဖြစ်စေ၊ လူအားဖြင့် တတ်နိုင်သလောက် ကျွန်တော် တတ်စွမ်းတဲ့ ပညာတွေ မျှဝေတာမျိုး ဖြစ်စေ၊ စာပေဟောပြောပွဲလိုမျိုးလေးတွေလဲ ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီသွားကြဖို့လဲ စိတ်ကူးထားပါတယ်။ မိတ်ဆွေတို့ အနေနဲ့လဲ အဲ့ဒိစာဖတ်ခန်းလေး အတွက် စာအုပ်စာတမ်းတွေဖြစ်စေ၊ အလှူငွေ ဖြစ်စေ လှူဒါန်းချင်တယ်ဆိုရင် ကျွန်တော်တို့ကိုဖြစ်စေ၊ သင်္ကန်းကျွန်းမြို့နယ်၊ ခတ်ချီးယား မှတ်တိုင်နားက အောင်ဆန်းပင်လုံ စာဖတ်ခန်းကို တိုက်ရိုက်ဆက်သွယ်၍ ဖြစ်စေ လှူဒါန်းနိုင်ပါတယ်။

‘ပညာ အလင်းဖြင့် တိုင်းပြည် ထွန်းလင်းနိုင်ပါစေ’

ဘုန်းမြင့်ခိုင်

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>