ယနေ့ခေတ်မှာ ကိုယ်ရေးကိုယ်တာ Privacy တွေဟာ ပြင်ပမှာကော၊ ဒစ်ဂျစ်တယ်မှာပါ အရေးကြီးပြီး ရှုပ်ထွေးတဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။ လွတ်လပ်စွာ သုံးစွဲခွင့်၊ အသုံးပြုသူအခွင့်အရေး ဒါမှမဟုတ် လူ့အခွင့်အရေးနဲ့ ပိတ်ဆို့မှုတွေကြားမှာ အမြဲတမ်း လွန်ဆွဲနေရပါတယ်။ အင်တာနက်ဆိုတာ ဒီနေ့ခေတ်မှာ အလုပ်လုပ်ဖို့၊ အပြန်လှန် ကူးလူးဆက်သွယ်ဖို့အတွက် တော်လှန်ခဲ့တဲ့ အရာဖြစ်ပါတယ်။ အင်တာနက် နည်းပညာတွေ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ ကောင်းတဲ့အချက်တွေ ရှိသလို၊ အခြားဘေးထွက် ဆိုးကျိုးတွေလဲ ရှိပါတယ်။ ဘဏ်အကောင့်နံပါတ်တွေ၊ အကြွေးဝယ်ကဒ် နံပါတ်တွေ အခိုးခံရတာမျိုးတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ပြီး မကြာတော့တဲ့ ကာလတစ်ခုမှာ စတော့ဈေးကွက်နဲ့ အွန်လိုင်းငွေပေးချေမှု ဘဏ်စနစ်တွေ ပေါ်ပေါက်လာမယ်ဆိုရင် ဒါဟာ အရေးကြီးတဲ့ issue တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
အင်တာနက်က လူတိုင်းအတွက် ဟုတ်ရဲ့လား။
လက်ရှိမှာ ကမ္ဘာပေါ်မှာ လူဦးရေ မီလျံ ၇၅၀ ကျော် အင်တာနက်ကို သုံးစွဲနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အိန္ဒိယနဲ့ တရုတ်မှာ ရှိတဲ့ လူဦးရေထက် နည်းပါတယ်။ နိုင်ငံတော်တော်များများ မှာတော့ အင်တာနက် အခြေခံ အဆောက်အအုံတွေဟာ တိုးတက်ဖွံ့ဖြိုးနေပါတယ်။ ဆက်သွယ်ချိတ်ဆက် တပ်ဆင်ခတွေဟာ ဆိုရင်လည်း တဖြေးဖြေး ဈေးသက်သာ လာပါတယ်။ (ကမ္ဘာမှာ ပြောပါတယ်၊ ကျွန်တော်တို့ဆီမှာ မကျသေးပါဘူး။ ခုတော့ ဖုန်းတွေနဲ့ တော်တော်သုံးနေကြပါတယ်။ အားလုံးသိတဲ့အတိုင်း လိုင်းမကောင်းပါဘူး။ အဓိက အချက်ကတော့ ဥပမာ ပေးရရင် လမ်းတွေထပ်မချဲ့ဘဲနဲ့ ကားတွေချည်း လှိမ့်ရောင်းနေတာနဲ့ တူပါတယ်။ ရှိပြီးသားလမ်းတွေက ကားတွေများလာတော့ စုတ်ပြတ်နေတာပေါ့။ အဲ့အင်တာနက် အကြောင်းကို ဆက်သွားကြရအောင်) ကမ္ဘာမှာဆိုရင် wireless နည်းပညာတွေဟာ အိမ်တိုင်းကို မကြာတော့တဲ့ ကာလမှာ ရောက်ရှိလာကြတော့မှာပါ။(ကျွန်တော်တို့ဆီမှာတော့ မဟုတ်သေးပါဘူး။ ကွန်နက်ရှင်ကောင်းဖို့လဲ အရင်လုပ်ရအုံးမလားမသိဘူး။ မုန့်လုံးစက္ကူကပ်နေပြီ)ကျွန်တော်တို့ဆီမှာ သာမန်အသုံးပြုသူတွေရဲ့ အင်တာနက် မြန်နှုန်းဟာ တော်တော်လေး နှေးကွေးပြီး၊ အဖွဲ့အစည်းကြီးတွေရဲ့ အင်တာနက်လိုင်းတွေ၊ ၎င်းတို့နဲ့ ပတ်သက်ဆက်နွယ်နေတဲ့နေရာတွေမှာတော့ အင်တာနက် လိုင်းတွေဟာ အတော်လေး မြန်ဆန်နေတာကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ မြန်နှုန်းမြင့် အင်တာနက်ဆိုတာ အခွင့်ထူးခံ လူတန်းစားတွေ အတွက်များလား။ အဲ့ဒိလူတွေ အင်တာနက် မြန်နှုန်း အင်မတန်မြန်နေလို့ မနာလိုလို့ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့လဲ ပိုက်ဆံပေးပြီး သုံးရတဲ့ customer တွေပဲလေ။ သုံးစွဲသူ အခွင့်အရေး (customer right) အရ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ bandwidth အပြည့်ရသင့်တယ် မဟုတ်ဘူးလား။
အင်တာနက်ဟာ တော်လှန်ရေးလုပ်တဲ့ နေရာတစ်ခုသက်သက်ပဲလား
အင်တာနက်ဟာ နိုင်ငံနယ်နမိတ်တွေကို ဖြတ်ကျော်ပြီးတော့ သတင်းအချက်အလက်တွေဟာ ကမ္ဘာ့အနှံအပြားကို ပျံ့နှံ့ ရောက်ရှိနေပါပြီ။ လူတွေဟာ သူတို့လိုချင်တဲ့ သတင်းတွေ၊ အဖြစ်အပျက်တွေ၊ နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေ၊ အခြားသတင်းအချက်အလက်တွေကို သူတို့လိုချင်သလောက် အလျှံပယ် ရနိုင်နေပါပြီ။ ဒါဟာ နိုင်ငံတကာမှာ အရေးကြီးတဲ့ ကဏ္ဍဖြစ်လာပါတယ်။ တစ်ခါ မကောင်းတဲ့အချက်တွေအနေနဲ့ ကတော့ မမှန်သတင်းတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ ဘာသာရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ပုတ်ခတ်မှုတွေ၊ အခုနောက်ဆုံးပေါ်ဖြစ်တဲ့ အာရပ်ကမ္ဘာက အုံကြွမှုမျိုးတွေ ဖြစ်လာနိုင်တာတွေဟာ သက်ဆိုင်ရာ အစိုးရတွေအတွက် ခေါင်းခဲစရာ ပြဿနာတွေ ဖြစ်ပါတယ်။
အဲ့ဒိတော့ ကျွန်တော်တို့ကို ပိတ်ဆို့ထားတာတွေ၊ အစိုးရက ပိတ်ဆို့ထားတာတွေက မှန်တယ်လို့ ပြောနိုင်ပါသလား။ အဲ့လိုထင်ပါသလား။ အဲလိုကျတော့လဲ မဟုတ်ပြန်ပါဘူး။ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် ၁၉မှာ ဒီလိုဖော်ပြထားတာကို တွေ့ရမှာပါ။
‘လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နိုင်ငံနယ်နမိတ်ကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။’လို့ ဖော်ပြထားပါတယ်။
အင်တာနက်ဟာ အစိုးရဆန့်ကျင်ရေးချည်းလုပ်နေတဲ့ နေရာတစ်ခု မဟုတ်ပါဘူး။ အင်တာနက်မှာ ယနေ့ခေတ်လူငယ်တွေ အတွက် လေ့လာစရာတွေ၊ နည်းပညာဖွံ့ဖြိုးရေးအတွက် ဗဟုသုတ အရင်းမြစ်ဖြစ်ပါတယ်။ အစိုးရပေါ်လစီတွေနဲ့ ငြိတာ မငြိတာက တစ်ပိုင်း၊ မဆီမဆိုင် သာမန်အသုံးပြုသူတွေနဲ့ သက်ဆိုင်တဲ့ လေ့လာကြည့်ရှု စရာတွေကို ပိတ်ပစ်တာက တစ်ပိုင်း မဆိုင်ရေးချ မဆိုင်ပါ။ အခြေခံဥပဒေနဲ့ မဆန့်ကျင်တာတွေကို သုံးနေတဲ့ သာမန်အသုံးပြုသူတွေရဲ့ အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး တွေကို လေးစား လိုက်နာရဲ့လား။ ကျေးဇူးပြု၍ မျှမျှတတ သုံးသပ်ကြည့်ကြပါအုံးခင်ဗျာ။
ပိတ်တယ်ဆို့တယ်
ကမ္ဘာပေါ်မှာ ပိတ်ဆို့မှုအဆိုးဆုံးနိုင်ငံထဲမှာ တစ်နိုင်ငံ ဖြစ်တဲ့ တရုတ်ကတော့ “Great Firewall”ဆိုတဲ့ စနစ်ကို သုံးပါတယ်။ နိုင်ငံတကာကို ဖြတ်သန်းစီးဆင်းသွားမယ့် ဆက်သွယ်မှု (connection) တွေမှန်သမျှဟာ သူ့နိုင်ငံရဲ့ တရားဝင် Gateway တွေက proxy server တွေကို ဖြတ်၍ သွားရပါတယ်။ အဲ့ဒိနေရာမှာ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (Ministry for Public Security (MPS) က အသုံးပြုသူတွေရဲ့ content တွေ၊ အခွင့်ရေးတွေကို သတ်မှတ်တယ်၊ နိုင်ငံရဲ့ သတင်းအချက်အလက် အဝင်အထွက် စီးဆင်းမှုတွေကို သတိထားစောင့်ကြည့်တာတွေ လုပ်ပါတယ်။ ၂၀၀၁မှာ လုပ်တဲ့ security industry conference မှာ တရုတ်အစိုးရက “Golden Shield” “ရွှေဒိုင်း၊ ဒါမှမဟုတ် ရွှေရောင်ဒိုင်း” ဆိုတဲ့ စနစ်ကို ထပ်မံ ကြေငြာခဲ့ပါတယ်။ ပြည်တွင်း Intranet ပေါ်မှာ relay လုပ်မယ့်အစား ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကို (Global Internet) firewall တွေ အများကြီးနဲ့ ပိုင်းခြားလိုက်ပါတယ်။ တရုတ်ဟာ စောင့်ကြည့် စစ်ဆေးတဲ့ စနစ်ကို တည်ဆောက်နေပါတယ်။ အဲ့ဒိစနစ်ဟာ “See”, “hear” “think” လိုမျိုး အကြောင်းအရာ လို စီစစ်တဲ့ စနစ် Content filtering စနစ်ကို သုံးပြီးတော့ လူနေအိမ်တွေ၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေကနေ သုံးနေတဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ ဆီက သန်းနဲ့ချီတဲ့ ဒစ်ဂျစ်တယ် သတင်းအချက်အလက်တွေကို စောင့်ကြည့်စီစစ်မှာ ဖြစ်ပါတယ်။ အဲ့ဒိစနစ်အတွက် သုံးစွဲငွေဟာ ဒေါ်လာ သန်း၈၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဆီမှာကော အင်တာနက် ပိတ်ဆို့ဖို့အတွက် ဘယ်လောက် ဘဏ္ဍာငွေတွေ သုံးနေပါသလဲ။
အဲ့ဒိလို နိုင်ငံတကာမှာလဲ အစိုးရတွေက ပိတ်ဆို့တဲ့ အဓိက အကြောင်းပြချက် သုံးချက်ရှိပါတယ်။(အထူးသဖြင့် နိုင်ငံရေးအရ ကန့်သတ်ချုပ်ချယ်မှု အနည်းငယ်ရှိတဲ့ နိုင်ငံတွေမှာ ပိတ်ဆို့မှုတွေ ရှိနေတာ များပါတယ်။)
နိုင်ငံရေးအကြောင်းပြချက်
သက်ဆိုင်ရာ နိုင်ငံရဲ့ ပေါ်လစီတွေကို ဆန့်ကျင်တဲ့ အကြောင်းအရာတွေ (အစိုးရကို ပုတ်ခတ်တဲ့ဆိုက်မျိုးတွေ)၊ ဘာသာရေး၊ လူ့အခွင့်အရေး (Human Right)နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောဆိုတာကြောင့် ပိတ်တာပါ။
လူမှုရေး အကြောင်းပြချက်
Pornography, လောင်းကစား၊ အရက်၊ မူးယစ်ဆေးဝါး၊ အများပြည်သူကို စော်ကားပုတ်ခတ် တဲ့အကြောင်းအရာတွေပါတဲ့ ဟာတွေကြောင့် ပိတ်တာပါ။
နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်
သဘောထား ကွဲလွဲစရာတွေ၊ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှု (အုံကြွအောင် သွေးထိုးလှုံ့ဆော်) တာတွေကြောင့် ပိတ်တာ။
စတဲ့အကြောင်းပြချက်တွေ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အင်တာနက် ပိတ်ဆို့မှု အဆိုးဝါးဆုံး နိုင်ငံ ၁၂ ခု စာရင်းကို နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က မတ်လ ၁၂ရက်၊ ၂၀၁၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဂုဏ်ယူစရာကောင်းပါတယ် ကျွန်တော်တို့ နိုင်ငံဟာ ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။ အဲ့ဒိနိုင်ငံတွေကတော့
- မြန်မာ
- တရုတ်
- ကျူးဘား
- တူနီးရှား
- အီရန်
- မြောက်ကိုရီးယား
- ဆော်ဒီအာရေးဗျ
- ဆီးရီးယား
- တာမင်နစ္စတန်
- ဥဇဘက်ကစ္စတန်
- ဗီယက်နမ်
- အီဂျစ် နိုင်ငံတို့ ဖြစ်ကြပါတယ်။ (အီဂျစ်နိုင်ငံရဲ့ တော်လှန်ရေးပြီးတဲ့နောက် အခြေအနေတော့ မသိသေးပါ)
အဲ့ဒိလို တစ်ချို့ကိစ္စတွေ အတွက် မလိုအပ်တဲ့ စီစစ်ရေးတွေဟာ ကျွန်တော်တို့ အင်တာနက်ပေါ်က ရယူနိုင်တဲ့ အကျိုးကျေးဇူးတွေ နှင့် ပထဝီဆိုင်ရာ နယ်နမိတ်တွေကို ဖြတ်ပြီး လေ့လာနိုင်တဲ့၊ ဆက်သွယ်မှု ပြုလုပ်နိုင်တဲ့ အခွင့်အရေးတွေကို ချုပ်ချယ်လိုက်တာ ဖြစ်ပါတယ်။လွတ်လပ်စွာ အသုံးပြုခွင့်၊ တနည်းအားဖြင့် မူလရပိုင်ခွင့် လူ့အခွင့်အရေး ၊ ကျွန်တော်တို့ ရပိုင်ခွင့် အခွင့်အရေးတွေ အလုယူခံထားရတာ ဖြစ်ပါတယ်။
ဒီစီစစ်ရေးဟာ နိုင်ငံတော်လုံခြုံရေးအတွက် စုံစမ်းထောက်လှမ်းဖို့ ဖြစ်ပေမယ့် တကယ်တမ်းတော့ အဲ့ဒိ filtering စနစ်တွေဟာ ကျွန်တော်တို့လို သာမန်အသုံးပြုသူတွေကိုပဲ အများဆုံး အကျိုးသက်ရောက်မှုရှိနေပါတယ်။ အဲ့ဒိစနစ်တွေဟာ ကျွန်တော်တို့ အီးမေးလ်ပို့တာတွေ၊ အင်တာနက်မှာ ရှာတာဖွေတာတွေမှာ အဲ့ဒိစီစစ်ထားတဲ့စကားလုံးနဲ့ သွားကိုက်ညီနေရင် ပိတ်ဆို့ထားပါတယ်။ ဒါဟာ သာမန်အသုံးပြုသူတွေဟာလဲ သံသယမကင်းတဲ့ စာရင်းမှာ ပါသွားပြီး လွတ်လပ်စွာ ရှာဖွေ လေ့လာ ဆက်သွယ်ခွင့်ကို ဆုံးရှုံးရတော့တာပါပဲ။ ဒီကြားထဲ အကြောင်းမဲ့သက်သက် အသုံးဝင်တဲ့ ဆိုက်တွေကို ပိတ်ဆို့ထားတာ အင်တာနက်အသုံးပြုသူတွေကို အများကြီး နစ်နာစေပါတယ်။
အများအားဖြင့် အခုလတ်တစ်လော အာရပ်မှာ ဖြစ်နေတဲ့ အခြေအနေတွေအရ အစိုးရတော်တော်များများဟာ အင်တာနက်ဟာ ဝါဒဖြန့်ချီရေး၊ လှုံ့ဆော်ရေး ပြုလုပ်တဲ့ နေရာသက်သက်လို့ အထင်မြင်လွဲမှား နေပါတယ်။
ဒါပေမယ့် လွတ်လပ်စွာ အသုံးပြုခွင့်ဆိုတဲ့နေရာမှာ တစ်ချို့နိုင်ငံတွေမှာ ကလေးသူငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ၊ အလွန်အကျွံ ကြမ်းကြုတ်ရက်စက်တာတွေ၊ ပြစ်မှုဆိုင်ရာ အကြောင်းအရာတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ သက်ဆိုင်တာတွေကို တားမြစ်ထားပါတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ ဘာသာရေးဆိုင်ရာ ပုတ်ခတ်မှုတွေကို ပိတ်ပင် တားမြစ်ထားပါတယ်။ ဒါမျိုးတွေဟာ ပိတ်သင့် ပိတ်ထိုက်တဲ့ အကြောင်းရာမျိုးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ အင်တာနက်ကို ကနဦး ကန့်သတ် ထားချင်သေးတယ်ဆိုရင်တောင် တကယ်တမ်း ပေါ်လစီကြောင့် ပိတ်သင့် ပိတ်ထိုက်တာတွေ ထက် ဘာမှ မသက်ဆိုင်တဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ဆို့ထားတာတွေ ရှိနေတာမို့ ပိတ်ဆို့ထားသူတွေအနေနဲ့ ပြန်လည် စဉ်းစားသင့်ပါတယ်။ ကျွန်တော်တို့ကလဲ စည်းမဲ့ကမ်းမဲ့ ဖွင့်ပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။
ဒီမိုကရေစီ နိုင်ငံကြီးမျိုးတွေမှာတောင် နိုင်ငံတော် လုံခြုံရေးအရ ကန့်သတ်ထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံတော် သမ္မတကြီးကတော့ blogspot ကိုပိတ်ကွာ၊ megaupload ကိုပိတ်ကွာ ဆိုပြီး ညွှန်ကြားမှာတော့ မဟုတ်ပါဘူး။ ဒီလိုပဲ သက်ဆိုင်ရာ ဝန်ကြီးတွေကလဲ ညွှန်ကြားမှာ မဟုတ်ပါဘူး။ ဖြစ်နေတာက အထက်မရောက် အောက်မရောက် လူတွေက သူတို့ဟာသူတို့ ပေါ်လစီချမှတ်ပြီး ပိတ်နေတယ်လို့ ထင်ပါတယ်။ (အထက်မှာပြောခဲ့သလို တရုတ်မှာ လုပ်သလို content filtering, keyword filtering တွေလုပ်ပြီး ဝါးလုံးရှည်နဲ့ ရမ်းနေပုံရပါတယ်) ကျွန်တော်တို့တွေ ဘာမှမဟုတ်တဲ့ နည်းပညာဆိုက်လိုဟာမျိုးကို ကျော်ခွပြီးလဲ မကြည့်ချင်တော့ပါဘူး။ မြန်မာနိုင်ငံသတင်းချည်းပဲ မဟုတ်၊ နိုင်ငံတကာမှာ ယနေ့ဖြစ်ပျက်နေတဲ့ သတင်းတွေကိုလဲ ကျော်ခွပြီး မဖတ်ချင်တော့ပါဘူး။ ပေးထားရတဲ့ ငွေကြေးနဲ့လဲ ထိုက်တန်၊ bandwidth အပြည့်ဝရပြီး မြန်ဆန်၊ မဆိုင်တာတွေကိုလဲ မပိတ်ဆို့တဲ့ အင်တာနက်ကို မျှော်ဟော်ဟော်… လင့်နေပါတယ်။ အင်တာနက် ပိတ်ဆို့မှုတွေ လုပ်နေတဲ့ လူကြီးမင်းများခင်ဗျာ တံခါးတွေ ပိတ်ထားတိုင်း လုံခြုံတာ မဟုတ်ပါဘူး။ ပိတ်သင့်တာတွေ ပိတ်ပြီး ဖွင့်သင့်တာတွေ ပြန်ဖွင့်ပေးပါ။ ကျွန်တော်တို့ရဲ့ မူလအခွင့်အရေးကို လေးစားပါ။ ခင်ဗျားတို့လဲ ရောက်လေရာ ဘဝတိုင်းမှာ ဒွါရ ကိုးပေါက်တွေ မပိတ်ဆို့ပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျား။
