AGMP Poetry Workshop

မနေ့က AGMP (Action Group of Myanmar Poets) အဖွဲ့ရဲ့ ကဗျာ Workshop လေးကို သွားဖြစ်လိုက်တယ်။ ကိုမိုးလှိုင်ညက နေ့ခင်းတစ်နာရီကျော်ကျော် လောက်ကတည်းက ဆရာရဲ တို့ကို ကူညီဖို့ဆိုပြီး ထွက်သွားတယ်။ ကျွန်တော်ကတော့ ဟိုလုပ်ဒီလုပ်နဲ့ ၂နာရီ ခွဲကျော်လောက်မှ သွားဖြစ်တယ်။ လုပ်တဲ့ နေရာက ပန်းဆိုးတန်းပန်းချီပြခန်းမှာ လုပ်တာ။ ဟိုရောက်တော့ ပွဲက ပြီးခါနီးနေပြီ မေးခွန်းအပြန်လှန် မေးနေတဲ့ အချိန်ဖြစ်နေပြီ။ ဆရာရဲ (ဆရာသစ္စာနီ) လည်း တော်တော်လေး ပြောထားရတယ် ထင်တယ်။

ရှင်းလင်းတင်ပြနေတဲ့ ဆရာရဲ

မေးခွန်းအပြန်လှန်မေးတဲ့ အချိန်ရောက်တော့ ဆရာက ပြောတယ် ကဗျာသေဆုံးပြီ၊ ကဗျာအဆုံးသတ်ပြီ လို့ပြောတော့ နားမရှင်းသူများ၊ မကျေလည်သူများက အပြန်လှန်ဆွေးနွေးကြတာ ဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဆရာရဲ ပြောတာကို နားလည် သလောက် ပြန်ပြောရရင် တီထွင်ဆန်းသစ်မှုနဲ့ ကဗျာမဟုတ် ဘူးလို့ အငြင်းပယ်ခံရတဲ့ ကဗျာတွေမှန်သမျှ လှိုက်လှဲစွာ ကြိုဆိုပြီး ကဗျာအဖြစ် အသိမှတ်ပြုကြောင်း၊ မူလပုံသေနည်းများကနေ ခွဲထွက်တဲ့ မတူတဲ့ ပုံစံကွဲ ကဗျာတွေကို အသိမှတ်ပြုကြောင်း၊ ဒါပေမယ့် စကားလုံးနွံထဲမှာ နစ်နေတဲ့ စကားလုံးဖောင်းပွနေတဲ့ ဖက်ရှင်သက်သက် ကဗျာတွေကိုတော့ မနှစ်သက်ကြောင်း၊ ယနေ့ခေတ်မှာ ကဗျာကို မည်သို့ မည်ပုံရေးရမည် ဆိုတဲ့ နည်းစနစ် မရှိတော့ကြောင်း၊ ကဗျာရဲ့ အလွန် ကဗျာ ဖြစ်သွားသွားပြီ၊ post poetry ဖြစ်သွားပြီဖြစ်ကြောင်း ၊ ကဗျာပြားသွားပြီဖြစ်ကြောင်း သူ့အမြင်ကို တင်ပြပြီး မေးခွန်းမေးသူများနှင့် အပြန်လှန်ဆွေးနွေးသွား ခဲ့ပါတယ်။

မေးခွန်းတွေ အပြန်လှန်မေးနေကြစဉ်

တက်ရောက်လာကြသူများ (ဘယ်ဘက်စွန်ဆုံးက ၂ယောက်ကို မြင်ဖူးသလိုလိုပဲ ဟတ်ဟတ်)

ကျွန်တော်က အရှေ့ပိုင်း မမှီလိုက်တော့ နားထောင်ရတာ ကြားကန့်လန့်ကြီး ဖြစ်နေတယ်။ အမှန်ကို ဟိုမရောက် ဒီမရောက် နားမလည်ခဲ့ပါဘူး။  ဒါပေမယ့် ကျွန်တော် နားလည်တာ တစ်ခုပဲရှိတယ်။ ကဗျာဆရာကြီးတွေ ကျွန်တော့် အဖိုးအရွယ်လောက်ရှိတဲ့ ဆရာသစ္စာနီတို့၊ ဆရာ မောင်စိမ်းနီ တို့ဟာ အလွန်ချစ်ခင်ဖွယ် ကောင်းသော သူများ ဖြစ်ကြတယ် ဆိုပါပဲ။ လက်ဖက်ရည်ဆိုင် ထိုင်တော့ ဆရာမောင်စိမ်းနီက ကဗျာပြားပြီဆိုတာ သူထောက်ခံကြောင်း ဘာလို့လဲ ဆိုတော့ ဒီပွဲမတိုင်ခင် သူနံပြားကို တွေ့ခဲ့ကြောင်း ဆရာ သစ္စာနီကို အရွှန်းလိုက်ဖောက်နေလေရဲ့။ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း တစ်ယောက်နှင့် တစ်ယောက် နောက်နေလိုက်ကြသည်မှာ လွန်စွာမှ ချစ်ခင်ဖွယ် ကောင်းလှပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>