(၁)
မေရီ..
မှုန်တိမှုန်ဝါး ညနေခင်းတစ်ခုဆီမှာ
ဆွံ့ပျံ့ခြင်းတွေ ယှက်တွဲပြီး
ဟိုး…ခပ်ဝေးဝေးက ကြယ်ကို အတူတူ ကြည့်ဖူးခဲ့တယ်နော်..
လက်တံတွေ ကွေးနေတဲ့
မီးတိုင်မှိန်မှန် အောက်က
နတ်သမီးရုပ်ကလေးဆီမှာ ထိုင်ရင်း ငါ့ကို အိပ်မက်လှလှလေးတွေ ပေးခဲ့ဖူးတာပေါ့
မေရီ…
ရုန်းထွက်ဖို့ ခက်လွန်းလှပါတယ်ကွယ်..
ကျောင်းဝန်းထဲက အပြန်လမ်းတွေတိုင်းမှာ
တစ်ခုခုကျကျန်ခဲ့သလို ခြေလှမ်းတွေ လေးလံလွန်းခဲ့ရတယ်..
ဥတုနွေရဲ့ ပူလောင်ခြင်းတွေနဲ့ အတူ..
စိုးရိမ်ကြောင့်ကျ ခြင်းတွေရဲ့ အငွေ့သက်တွေနဲ့ အတူတူ…
(၂)
ငါ့ကမ္ဘာတစ်ခုလုံး မိုက်ပြာဝေသွားလောက်အောင်
မင်းရဲ့ အနမ်းတချက်က တတ်နိုင်လွန်းခဲ့တယ်…
လှည့်ဖျားခြင်း အက္ခရာတွေကို ဖတ်နိုင်ဖို့ ငါအဲ့ဒိလောက် မတတ်ကျွမ်းခဲ့ပါဘူး မေရီ..
တစ်ခြားတစ်ဘက် ဆီကိုလဲ လွင့်လွင့် နေတတ်တဲ့ မင်းကို
ငါဟာ ပုံပြင်ကောင်းကောင်းတွေ မပြောတတ်ခဲ့ပါဘူးကွယ်…
ဘာမှမဟုတ်ခဲ့ဘူး ဆိုပေမယ့်..
ငါ့အတွက်တော့ လေးနက်မှု တစ်ခုခုပေါ့…
ရင်နှင့်ခံစားပေးပါ မေရီ…
နားတွေ စွင့်ထားပေးပါ…
ခပ်ဝေးဝေးကို လှမ်းကြည့်သလို ခပ်နီးနီးကိုလဲ ဂရုပြုပြီး ကြည့်ပေးပါ…
(၃)
မေရီ…
အချစ်ဟာ ဂိမ်းတစ်ခုမဟုတ်သလို
ငါက မင်းရဲ့ ဇာတ်ကောင်တစ်ခုလည်း မဟုတ်ပါဘူး…
မထင်မှတ်ခဲ့ဘူးကွယ်… ငါဟာ ပြန်နိုးထဖို့ မတတ်နိုင်ခဲ့ဘူး…
မင်းကိုယ်မင်း မုဆိုးတစ်ယောက်လို့ထင်ခဲ့ရင်
ငါဟာ မင်းပစ်ခတ်နေကျ သားကောင်တစ်ကောင်ပဲ ဖြစ်ပါလိမ့်မယ်
မေရီ…
သိပ်ကိုအေးခဲခြောက်ကပ်လွန်းတယ်…
မင်းဟာ သွေးအေး လူသတ်သမား တစ်ယောက်လိုပါပဲ…။
(၄)
မေရီ…
မင်းရယ်နေတယ်လား…
မင်းရယ်သံမောသံတွေ ကြားတိုင်း
ငါ့နှလုံးသားမှာ တဆစ်ဆစ် နာကျင်ကိုက်ခဲလှတယ်..
ငါက အကောင်းဆုံး ပြက်လုံး တစ်ခု ဖြစ်နေခဲ့ရင်တောင်
ကျေးဇူးပြု၍ မေရီရယ်… ငါ့ရှေ့မှာ မရယ်ပါနဲ့…။
(၅)
ညရဲ့လမ်းမကြီး တလျှောက်….
တောတလျှောက် တောင်တလျှောက်…
ငါ့ ဒဏ်ရာတွေ သည်းထန်နေခဲ့ပါတယ်…
(ယုံချင်လဲယုံ မယုံချင်လဲ နေပါ မေရီ..)
ပေါ့ပါးစွာ နင်မေ့ပစ်နိုင်သလို
ငါလဲ ဖြစ်ချင်ပါရဲ့…
ငါ့ကို သင်ကြားပေးစမ်းပါ မေရီရယ်..
နင်သိပ်ပြီး ဉာဏ်ကောင်းပါတယ်.. မေရီ…
(၆)
ငါ့ကို ချယ်ရီတွေ မချစ်တတ်တော့အောင် သင်ပေးခဲ့တာ ဘယ်သူပါလဲ..
တိတိပပကြီး မရည်ရွယ်ခဲ့ဘူးတဲ့လား မေရီ..
ဒါပေမယ့် ငါကတော့ တိတိကျကျကြီး
ကွဲကြွေကျခဲ့ရတာ အမှန်ပါပဲ…
အနိုင်ယူချင်ယူလိုက်ပါ မေရီ
ဒိထက်ပိုပြီးလည်း ဆုံးရှုံးစရာ မရှိတော့လောက်အောင်ပါပဲ
အဲ့ဒိတုန်းက မင်းရဲ့ နှုတ်ထွက်စကားတွေဟာ အတုယောင် ဖြစ်ခဲ့တယ်ဆိုရင်တောင်
အဲ့ဒိအချိန်တုလေးကိုပဲ ငါမက်မောမိတော့တယ်..
ဒါစကားလုံးပါဒတွေ အလှဆင်နေတာ မဟုတ်ဘူး မေရီ..
ငါ့ဒဏ်တွေကို တစိတ်တပိုင်း ထုတ်ပြရုံပါပဲ…
မင်းထက်စာရင် ..ငါဟာ အဲ့ဒိလောက်လေးပဲ တတ်နိုင်တဲ့ ကောင်ပါ.. မေရီ..။
(၇)
ခွင့်လွှတ်ပါ မေရီ..
ငါမည်သည့် အစားထိုး ဆက်ဆံရေးမျိုးကိုမှ အလိုမရှိပါဘူး..
ငါဆိုးခဲ့ပြီးသား အရောင်တွေကို ပြန်လည် ဖုံးအုပ်ဖို့ မဖြစ်နိုင်ပါဘူး…
ငါက အရောင်တုတွေကို မုန်းတယ် မေရီ…
(၈)
ထစ်ထစ်ချုန်းချုန်းပါပဲ..
ကမ်းပါးသစ်ပင် ဖြစ်တဲ့ငါဟာ
တိုက်စားမှုဒဏ်ကို ခံချင်ခံရနိုင်ပါတယ်…
ငါခံနိုင်ရည် ရှိပါတယ် မေရီ..
ဒါပေမယ့် မင်းရဲ့ တိုက်စားမှုတွေက လွဲရင်ပေါ့လေ…
(၉)
မေရီ…
ငါကြားချင်တဲ့ အသံထွက်ဘာသာဗေဒတွေ
မင်းပေးနိုင်/မပေးနိုင် မသေချာခဲ့ဘူးနော်..
ငါကတော့.. နှုတ်ထွက်ဘာသာဗေဒတွေသာမက
အရိုးစွဲအောင်ပါ ချစ်မိနေပါပြီ…မေရီ…
ရှုပ်ခတ်နေတဲ့ အမှိုက်တစ်ခုလို့ ငါ့ကိုမြင်ချင်မြင်ပါ..
အပိုစာဒ တစ်ခုအဖြစ် မြင်ချင်မြင်ပါ..
ပြီးတော့ ရယ်စရာ ငအတစ်ကောင် အဖြစ်လဲ မြင်ချင်မြင်လိုက်ပါ…
ဘာပဲဖြစ်ဖြစ်ပေါ့ မေရီရယ်…
အနည်းဆုံး ငါဟာ မင်းနဲ့ပတ်သက်ရင် ရိုးသားစွာ ရှုံးနိမ့်နေရတဲ့သူပါ…
ငါဟာ မိုးမချုပ်ချင်ပဲ ချုပ်လိုက်ရတဲ့ ညနေခင်းတစ်ခုပေါ့….
မေရီ..
ငါလဲ အဲ့ဒိခံစားမှုတွေရဲ့ ဝေးရာထွက်ပြေးချင်ပါရဲ့ကွယ်..
ဒါပေမယ့် ငါ့အတွက် မင်းဟာ မူးယစ်ဆေးတစ်ခုလို.. ဖြတ်ဖို့ ခက်လှပါတယ်
(၁၀)
မင်းဟာ အတော်ဆုံး လိမ်ညာသူဖြစ်ရင်
ငါက အညံ့ဆုံး အလိမ်ခံရသူဖြစ်ပါတယ်
မေရီ…
ရွက်လွှင့် ထွက်ခွာသွားပြီးမှ ပြန်ရောက်လာမယ့်နေ့ကို မရေမရာ
စောင့်မျှော်နေရတဲ့ ပင်လယ်တစ်ခုလိုပါပဲ…
စုတ်ဖြဲသွားပြီးသား အချိန်တွေကို ပြန်လည်ဖာထေးဖို့ မဖြစ်နိုင်တော့ပါဘူး
မေရီ…မေရီ…မေရီ
မြည်တမ်းနေရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူးကွယ်…
ဒီလိုနဲ့….ငါ့နိဗ္ဗာန်ဘုံလေးတောင် ပျောက်ဆုံးသွားခဲ့ရတယ်..။
