
မနက်ဖြန်ကျ ဘယ်နှနာရီထိုးမှာလဲ။ ဝေလီဝေလင်း နံနက်ခင်းတွေ ကျွန်တော့်အိပ်ကပ်ထဲက မတော်တဆကျပျောက်သွားကြတယ်။ နှစ်ဆပိုများသော ရင်နှင့်အမျှတွေ ရာသီကုန်တာတောင် ရောင်းမထွက်ခဲ့ကြဘူး။ လမ်းလျှောက်ရင်း ပြတ်သွားကြသော တည်ဆောက်မှု လွဲနေတဲ့ သဒ္ဒါတွေ ဟုန်းဟုန်းတောက် လောင်ကျွမ်း စိုရွှဲနေခဲ့ကြပေါ့။ အချိန်အခါမဟုတ်ပဲ အချိန်ခါ ဟုတ်နေခဲ့တယ်။ တွန့်ခေါက်နေတဲ့ လမ်းမကြီးတစ်လျှောက် မီးတိုင်တွေ ကွေးညွှတ်ကျရင်း ပြတင်းပေါက်တွေက ထုတ်လွှတ်လိုက်တဲ့ လေခိုးလေငွေ့တွေကြားမှာ ချန်ထားရစ်ခဲ့တဲ့ ပန်းတပွင့်ကိုမှ ကျွန်တော်က ဖျားနာကြည့်ချင်နေခဲ့ မိတာပါ။
ကောက်ယူ စုဆောင်း မိရင်းက သူနားမလည်တဲ့ ပဲ့တင်ထပ်သံတွေကို နျူးကလိယတွေနဲ့ နာကျင်ခြင်းတွေကို ကလုံး(clone) ပွားနေခဲ့မိတယ်။ အဖြေများက မေးသော မေးခွန်းတွေ နှင်းစက်နှင်းပေါက်တွေကြား ဝါလိုက် ပြာလိုက်နဲ့ ခေါ်ဆိုမယ့်သူ မရှိခဲ့ပါဘူး ဧပရယ်လ်ရယ်။
တော်
စောင့်
နေ
ခဲ့
ပါ
တယ်…။
သနိ္ဓဌာန်ချထားခဲ့ပြီးမှ အဆိပ်အတောက်တွေရဲ့ ညဉ်းဆဲမှုကြောင့် တချို့တဝက်ပဲ ရွေ့လျားနိုင်ခဲ့တော့တယ်။ ဖျက်ရာတွေ ဗရပွနဲ့ အခြိမ်းခြောက် ခံရတဲ့ ပင်လယ်ဟာ ကမ်းပါးကျောက်ဆောင် တွေရဲ့ ပစ်တိုက်ခြင်းကို ခံရတာပါပဲ။ မုန်းတီးခါးသက်တယ်လို့ ပြောရင်တောင် အသိမှတ်ပြုခံရတဲ့အတွက် ကျေနပ်နေမယ့် ကောင်စားမျိုးပါကွယ်။ ကျောပိုးသယ်ဆောင် လာရင်းနဲ့ပဲ ကိုယ့်ခြေရာ ကိုယ် ပြန်ဖာထေး နေရပါတယ်။ ကျွန်တော့်မှာ မရိုးသားတာတွေ ရှိချင် ရှိနေပေမယ့် ကျွန်တော့်မှာ ရိုးသားတာ တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါဟာ ဧပရယ်လ့် ဆီမှာမှ ပြိုကျသွားတဲ့ ကစဉ့်ကလျား ကြိုးညှိသံတွေပါပဲ။ ဒါပေမယ့်ပေါ့ ဧပရယ်လ်ရယ် ကျွန်တော်က လူပြိန်းကြိုက် ဖောင်တိန် တစ်ချောင်း မဟုတ်ခဲ့ရပဲ သေနတ် တစ်လက် ဖြစ်နေခဲ့တာလေး တစ်ခုပါပဲ။ ဘာမှ မရေရာတဲ့ ဂါထာ တစ်ပုဒ်ကြောင့် ရဲရဲနီနေတဲ့ ပဉ္စလက်ပန်းတွေ တဖတ်ချင်း တပွင့်ချင်း အခြွေခံလိုက်ရ တာပဲ ရှိပါတယ်။ နေစရာ မရှိတဲ့ ပျော်ရွှင်မှုတွေက နိုဘယ်လ်ဆု ဆန်ကာ မတင်ပေမယ့် သူ့တန်ဖိုးနဲ့ သူတော့ ရှိပါလိမ့်မယ်။
လွဲမှားမှုတွေ အတွက် အလျော်အစား ပြန်ရမှုက ကျွန်တော့် အတွက်တော့ အနည်းအကျဉ်းပါပဲ။ အမှန်တိုင်း ဝန်ခံရရင် ကျွန်တော် စစ်ရှုုံးခဲ့ပါတယ် ဧပရယ်လ်။ အဲ့ဒိအတွက် မနက်ဖြန်တွေ အားလုံး ကို စွန့်လွှတ်ရမယ် ဆိုရင် စွန့်လွှတ် နိုင်ပေမယ့် ချစ်ခြင်းရဲ့ ဖြစ်တည်မှုကို တော့ မစွန့်လွှတ် ပါရစေနဲ့။
နေချင်လဲ နေပါစေတော့ကွယ်..။ ဘာကိုမှ ထပ်မံ မတောင်းဆို လိုတော့ပါဘူး..။ နှင်းတွေကတော့ ကျလို့ ကောင်းနေအုံးမှာပါပဲ။ ကျွန်တော် ဖောက်လုပ်ခဲ့ဖူးတဲ့ မျှော်လင့်ခြင်း လမ်းမရှည်တွေကတော့ ကျွန်တော်ကလွဲလို့ တခြားသူတွေ နင်းဖြတ်လျှောက် သွားဖို့ သက်သက် ပဲ ဖြစ်ခဲ့ပါတယ်။ တဝက်တပျက် ပဲ့ကျသွားတဲ့ မီးရောင်တွေကိုတော့ ကျွန်တော်ကိုယ်တိုင် ပင်လယ်မှာပဲ သဂြိုလ် ပစ်လိုက်ပါတော့တယ်။
မနက်ဖြန်ကျ…. ဘယ်နှနာရီ ထိုးမှာတဲ့ လဲကွယ်။
အခုထိတော့ ကျွန်တော်ဟာ ဝေးပြီးရင်း… ဝေးလို့ သွားနေဆဲပါပဲ။
nice essay !!! keep it up
nice essay !!! keep it up
အား…
သူများတော့ မသိဘူး ကျွန်တော့် တော့ ထိသွားပြီ ဟတ်ထိတာ တိုက်ရိုက်ကြီးဗျာ
ကျွန်တော် ဖောက်လုပ်ခဲ့ဖူးတဲ့ မျှော်လင့်ခြင်း လမ်းမရှည်တွေကတော့ ကျွန်တော်ကလွဲလို့ တခြားသူတွေ နင်းဖြတ်လျှောက် သွားဖို့ သက်သက် ပဲ ဖြစ်ခဲ့ပါတယ်
တိုက်ဆိုက်မှု့တွေရှိလာတိုင်း…. လေးဖြူသီချင်းလိုပေါ့လေ
ဘယ်အထိများလွင့်နေဦးမယ် မသိတဲ့ မရေရာတဲ့ အနာဂတ်တွေ ဟူးးး
အား…
သူများတော့ မသိဘူး ကျွန်တော့် တော့ ထိသွားပြီ ဟတ်ထိတာ တိုက်ရိုက်ကြီးဗျာ
ကျွန်တော် ဖောက်လုပ်ခဲ့ဖူးတဲ့ မျှော်လင့်ခြင်း လမ်းမရှည်တွေကတော့ ကျွန်တော်ကလွဲလို့ တခြားသူတွေ နင်းဖြတ်လျှောက် သွားဖို့ သက်သက် ပဲ ဖြစ်ခဲ့ပါတယ်
တိုက်ဆိုက်မှု့တွေရှိလာတိုင်း…. လေးဖြူသီချင်းလိုပေါ့လေ
ဘယ်အထိများလွင့်နေဦးမယ် မသိတဲ့ မရေရာတဲ့ အနာဂတ်တွေ ဟူးးး