ပြီးပါပြီတဲ့

လှတယ်

ဇာတ်လမ်းလေးက 

သစ်ရွက်တွေ မကြွေဘူး
မိုးဖွဲလေးတွေ ကျမနေဘူး
နောက်ခံတေးသွား မမြည်ဘူး

ကြေမွသွားတဲ့
အမှတ်တရတွေ သူမမြင်ခင်
ကောက်သိမ်းပစ်လိုက်တယ်

အလိုဆန္ဒ အတိုင်း…
နှုတ်ဆိတ်စွာ ကျောခိုင်းလိုက်ကြရဲ့
ကမ္ဘာတခုစီကို မျက်နှာမူလို့။

မင်းယွန်းသစ်

မြို့ကြီးရဲ့ လွယ်အိတ်

 Credit : Gallery Sixty Five 

ထည့်စရာ မရှိလောက်အောင်လျှံလို့
စက္ကန့်သံတွေဟာ အသက်ရှူသံတွေလိုပါပဲ

မြို့ကြီးရဲ့ လမ်းသွယ်လေးမှာ

နှစ်ပေါင်းများစွာ မဆုံနိုင်တော့ဘူးထင်ခဲ့တဲ့

ဒဏ်ရာတစ်ခုကို လှစ်ခနဲ တွေ့လိုက်တယ်

မျက်ရည်ကျခဲ့တဲ့ကမ္ဘာ

သစ်ရွက်တွေ ရှဲခနဲ လွင့်ပါးသွားပြီး

ငါ့နှလုံးခုန်သံတွေပါ တရွတ်တိုက်ပါသွားသလား ထင်မှတ်မိတယ်

ကော်ဖီတခွက်ရဲ့ အမှားအယွင်းတခုဟာ

ဓာတ်တိုင်ရဲ့ သွေးကြောမျှင်တွေလို 

အစိတ်စိတ်အမွှာမွှာ ဖြစ်လို့

မီးခိုးခေါင်းတိုင်ရဲ့ ထိခိုက်ရှနာတွေဟာ

တလိပ်လိပ် ကွေးညွှတ်သွားကြ

ပျော်စရာလို့ ထင်ပြီး ကြည့်ခဲ့မိတဲ့ ရုပ်ရှင်ဟာ

ရုပ်ဝတ္ထုဆန်စွာ ငါ့ကို မီးတင်ရှို့နေသလိုပါပဲ

အဲ့ဒိ နေ့ညနေမှာ မလင်းသေးတဲ့ အလင်းတွေကို ကိုယ့်သဘောနဲ့ကိုယ် အမှောင်ချပစ်လိုက်မိရဲ့

ငါ့ကိုယ်ငါ တောင်တန်းတွေလို့ မသိလိုက်မိချိန်အထိပေါ့….။
မင်းယွန်းသစ်

Untitled 

ကိုယ်က မေ့လျော့ပြီး သူ့အပြုံးလှလှလေး ကြွေကျလာဖို့

ဟာသတစ်ခု ပြောမိလိုက်ရဲ့
နူးညံ့တဲ့ သူ့လက်ဖမိုးလေးကို 

အမှတ်တမဲ့ ဆုပ်ကိုင်ဖို့ လုပ်လိုက်မိရဲ့

သူ့ပါးပြင် ပန်းနုရောင်လေးကို

ဖွဖွလေး နမ်းပစ်ဖို့ ကြံစည်မိပါရဲ့
သူ့နားရွက်ဝိုင်းလေးနားကပ်ပြီး 

‘ချစ်တယ်’ လို့ ပြောဖို့ ရည်ရွယ်မိပါရဲ့
သူမ အက်ကြောင်းထပ်အောင် ပြောလဲ

ဘယ်တော့မှ မရိုးနိုင်တဲ့ 

ကိုယ်ရေးကိုယ်တာ ပုံပြင်လေးတွေ 

နားထောင်ဖို့ နားစိုက်ထောင်နေမိပါရဲ့

ကိုယ် သတိလက်လွတ် မေ့လျော့သွားခဲ့တယ် ထင်ပါတယ်

ဟောဒိထိုင်နေကျ ခုံတန်းလေးရဲ့ ကိုယ့် နှလုံးသား ဘေးကွက်လပ်မှာ လစ်ဟာနေခဲ့တာ 

ဘယ်တုန်းကမှန်း မမှတ်မိတော့ လောက်အောင် ပါပဲ မေရီရယ်။
မင်းယွန်းသစ်

Why do we vote?

  
မင်တို့ထားတဲ့ 

ဟောဒိ လက်သန်းတွေက 

ခင်ဗျားတို့ တက်မက်မောတဲ့ 

အာဏာထိုင်ခုံတွေကို

တွန်းလှဲပစ်ဖို့ပဲ။

ဘုန်းမြင့်ခိုင် @ မင်းယွန်းသစ်

၈.၁၁.၂၀၁၅